သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒုက္ခသည်တွေ ဘူးသီးတောင်စာသင်ကျောင်းမှာ ခိုလုံ


မောင်တောဒေသခံတွေ ထွက်ပြေးလာစဉ်
မောင်တောဒေသခံတွေ ထွက်ပြေးလာစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက လူနည်းစု ရခိုင်တိုင်းရင်းသားတွေ လုံခြုံရေး စိုးရိမ်ချက်ကြောင့် ဒေသတွေကို စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ ထွက်ပြေးလာတဲ့ မောင်တော ဒေသခံ ၁ ထောင်ကျော်ကို အနီးအနား ဘူးသီးတောင်မြို့နယ်မှာ ကယ်ဆယ်ရေး စခန်းဖွင့်လှစ် စောင့်ရှောက်နေပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းက နယ်ခြားစောင့် ရဲတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ဒေသတွင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေကြား ထိပ်တိုက်တွေ့မှုတွေ ရှိနေဆဲ ဖြစ်သလို လူနည်းစု ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာလည်း မောင်တောမြို့နယ်တွင်းက ဝေးလံခေါင်သီတဲ့ ဒေသတွေကနေ နယ်ခြင်းနီးတဲ့ ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးလာသူတွေ ရှိနေဆဲပါ။ ဘူးသီးတောင်မြို့ပေါ်က အမှတ် ၁ အထက်တန်းကျောင်းခွဲမှာ ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ သောက်သုံးရေ လှုဒါန်းရေး အဖွဲ့ ဘူးသီးတောင်မြို့က ဦးအောင်ထူးက အခုလို ပြောပါတယ်။

“စခန်းမှာ ဒုက္ခသည်က ၁၂၆၀ လောက်ရှိပါတယ်။ ဒီနေ့တော့ ၁၀-၁၅ ယောက်လောက်ပဲ ထပ်ရောက်ပါတယ်။ ကလေးကတော့ ၅၀၀ လောက်ပါ ၊ အမျိုးသမီးနဲ့ ကလေးတွေကတော့ ဒီဘက်ကိုလာတာပါ ကျန်တဲ့ အိမ်ထောင်ဦးစီး ၁ ယောက်ကတော့ အဲဒီမှာ ကျန်ခဲ့တယ်ပေါ့နော်။ အများဆုံးထွက်ပြေးလာတာကတော့ ကျီးကန်းပြင်နားမှာရှိတဲ့ကျိန်ချောင်းတို့၊ အလယ်သံကျော်ဘက်က မောရဝတီတို့ ၊ ဆားဝဲချောင်း၊ ပြီးတော့လေ ကျိန်ချောင်းနားမှာရှိတဲ့ရွာတွေကျီးကန်းပြင်အနီးအနားမှာ ရှိတဲ့ရွာတွေက အကုန်လုံး ထွက်ပြေးလာကြတာ။ လမ်းပန်းဆက်သွယ်ရေးကတော့ တနေကုန်နေမှ ကား ၂ စီးလောက်လာတယ်၊ ၃ စီးလာတယ်။ အဲဒီလိုလာတဲ့ ကားတွေကိုသူတို့ အကူအညီတောင်းပြီး ထွက်ပြေးလာတာပါ။ ဟုတ်ကဲ့ ခရီးတင်တဲ့ကားတွေ ကျီးကန်းပြင်ဘက်မှာ ရောက်နေတဲ့ကားတွေ ၊ ခရီးသည်တင်နေတဲ့ကားတွေရယ်၊ နောက်ပြီး ကျီးကန်းပြင်ကိုလာတဲ့ express ကားတွေနဲ့ လာကြတာပါ။”

မူဆလင် အများစု နေထိုင်ရာ မောင်တောမြို့နယ်တွင်းမှာ လူနည်းစု ဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေ လုံခြုံရေး စိုးရိမ်ချက်နဲ့ ထွက်ပြေး တိမ်းရှောင်နေကြတာ ဖြစ်ပေမယ့် အိမ်ထောင်ဦးစီး အမျိုးသား အများစုကတော့ အိုးအိမ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို စောင့်ရှောင်ဖို့ နေရပ်ရင်းမှာ ကျန်နေခဲ့ကြတယ်လို့လည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဦးအောင်ထူးက ပြောပါတယ်။ ငွေကြေးတတ်နိုင်သူ အများစုကတော့ ဘူးသီးတောင်မြို့နယ်ကနေ တဆင့် စစ်တွေမြို့ကို တဆင့် သွားရောက်ကြတယ်လို့လည်း သူက ပြောပါတယ်။ ဘူးသီးတောင် ကယ်ဆယ်ရေး စခန်းမှာ ကူညီပေးနေသူ တဦးဖြစ်တဲ့ ကိုအောင်သူရထွန်းကလည်း ထွက်ပြေးလာသူတွေ နေရပ်ရင်း ပြန်နိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဌာနေပြန်နိုင်မယ့်မျှော်လင့်ချက်ကတော့ တော်တော်လေးဝေးနေသေးပါတယ်။ အခုလက်ရှိအခြေအနေကတော့ ဟိုဘက်ကလည်း ဒေသအခြေအနေကလည်းတော်တော်လေးကို အချိန်ယူပြီးဖြေရှင်းရမယ့်အခြေအနေရှိပါတယ်ခင်ဗျ။ ဒီချက်ချင်းကြီးဆိုသလိုမျိုး ပြန်နိုင်မယ့်အခြေအနေမျိုးတော့ မမြင်ရသေးပါဘူး။ အဲလိုမျိုးပါ ဒီမှာပဲ အခြေစိုက်ဖို့ ဒုက္ခသည်တွေက ဒီမှာပဲ အခြေချနိုင်ဖို့ကိုတောင် လူမှုအဖွဲ့အစည်းတွေက တော်တော်လေးကိုဆွေးနွေး နေတာတွေ့ရပါတယ် ခင်ဗျ။ ဘူးသီးတောင်ဘက် မြို့ပေါ်မှာတော့ တော်တော်လေး စိုးရိမ်ရတဲ့အခြေအနေမရှိပါ။ ဒီ ဘူးသီးတောင်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဘင်္ဂါလီရွာတွေ တခြား ရွာကြီးတွေ အဲဒါမျိုးနဲ့ နီးတဲ့ ဒီရခိုင်ရွာတွေ ၊ တိုင်းရင်းသားရွာတွေတော့ နည်းနည်းလေးစိုးရိမ်ရတဲ့အခြေအနေတော့ရှိပါတယ်ခင်ဗျ။”

လတ်တလောမှာတော့ ဘူးသီးတောင်မြို့မှာ ကျောင်းတွေ ပိတ်ထားတာကြောင့် ထွက်ပြေးလာသူတွေကို အထက ကျောင်းမှာ ထားရှိထားနိုင်ပေမယ့် ကျောင်းတွေ ပြန်ဖွင့်လာရင်တော့ နေရာ ရွှေ့ပြောင်းရဖို့လည်း ဆွေးနွေးနေကြတယ်လို့လည်း ကိုအောင်သူရထွန်းက ပြောပါတယ်။ ကလေးငယ် ၅၀၀ နီးပါး ရှိနေတဲ့ ဘူးသီးတောင် ကယ်ဆယ်ရေး စခန်းရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုတော့ မြို့နယ် ကျန်းမာရေး ဆရာဝန်ကြီးက ဆောင်ရွက်နေပြီး ဒေသခံ စည်ပင်ဌာနက စားနပ်ရိက္ခာ ထောက်ပံ့မှု တချို့ ရှိပေမယ့် တရက်စာ စားနပ်ရိက္ခာ ကုန်ကျစာရိတ် ၁၆ သိန်းလောက် ကျသင့်နေပြီး အများစုကိုတော့ ပြည်တွင်း ပြည်ပ အလှုရှင်တွေကို အားထားနေရတယ်လို့လည်း ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG