သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ALP ဌာနချုပ်ကို AA ရခိုင်အဖွဲ့ တိုက်ခိုက်


ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPရဲ့ မြန်မာ-အိန္ဒိယနယ်စပ် ဌာန ချုပ်စခန်းတခုကို ရခိုင်တပ်မတော် AAကနေ တိုက်ခိုက်မှုကြောင့် (၄)ဦးသေဆုံးခဲ့သလို ဒီကနေ့မှာဆုတ်ခွါခဲ့ရတယ်လို့ ALPတာဝန်ရှိသူတွေကပြောပါတယ်။ အခုလိုတိုက်ခိုက်မှုဖြစ်စဉ်အတွက် ရခိုင်တပ်မတော်ဘက်ကို အကြောင်းကြားထားတယ် လို့လဲဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အနီးမှာရှိတဲ့ ALP ရခိုင်ပြည်လွတ်မြောက်ရေး ပါတီဌာနချုပ်စခန်းတခုကို ရခိုင့်တပ်မတော် (AA)ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ဒီကနေ့မှာစခန်းကျသွားပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က VOAကိုပြောပါတယ်။

“လက်နက်ကြီးတွေအများကြီးထုတော့ ကျွန်တော်တို့ဆီကရဲဘော်တွေတချို့ကျတယ်။ ကျွန်တော်တို့ဆီရဲဘော်(၄)ယောက် ကျ တယ်။ ကျွန်တော်တို့ဆီကမနေ့က(၂)ယောက်ကျတယ်။ ဒီနေ့(၂)ယောက်ကျတယ်ဆိုတော့ ကျွန်တော်တို့ဒီနေ့ဆုတ်တယ်။ ဆုတ်ပေးလိုက်ရတယ်လို့ပြောတယ်။”

AAရခိုင်တပ်မတော်ကနေ ဘာကြောင့်အခုလိုတိုက်ခိုက်လာတယ်ဆိုတာမသိရသေးသလို ဒီဖြစ်စဉ်အတွက် AAဘက်ကို တရား ဝင်အကြောင်းကြားထားတယ်လို့ ခိုင်စိုးနိုင်အောင်ကဆက်ပြောပါတယ်။

“ကိုယ့်အချင်းချင်းဘာကြောင့်တိုက်ရတယ်ဆိုတာကတော့ အဲတာကတော့ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ကို မလိုလားရှိမှာ ပေါ့ဗျာ။ ကျွန်တော်တို့ကလဲ သူတို့စစ်ဦးစီးချုပ်ကိုစာပေးတယ်။ အဲဒီလိုမဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်းဖြစ်တာ။ အဲတာခင်ဗျားတို့ ဆုတ်ပေး ပါဆိုပြီးတော့ စစ်ဦးစီးချုပ်ဗိုလ်ထွန်းမြတ်နိုင်ကို ကျွန်တော်တို့စစ်ဦးစီးချုပ်ကစာပေးတယ်။ စာပေးတာကိုအဲတာ သူဂရု စိုက်ပုံ မပေါ်။ ကျွန်တော်တို့ကတော့ အဲဒီလိုဖြစ်တာကိုမလိုလားဘူး။ နိုင်ငံရေးအရပြဿနာကို နိုင်ငံရေးအရဆွေးနွေးဖို့ အဲဒီလိုပုံစံ မျိုး ကျွန်တော် တို့ ကအပစ်ရပ်စဲထားတာကိုး။ လက်နက်ကိုင်ပဋိပက္ခကိုကျွန်တော်တို့မလိုလားဘူး။”

ပြီးခဲ့တဲ့ သြဂုတ်(၂၁)ရက်နေ့တုန်းက ALPတပ်မှူးတဦးဖြစ်သူ ဗိုလ်မွီးသွီးနဲ့ ဆရာခိုင်သိန်းထိုက်တို့ဟာ မြန်မာဘက်ခြမ်းကနေ အိန္ဒိယဘက်ခြမ်း သာကီရွာကိုသွားရောက်လည်ပတ်ရာမှာ AAရခိုင်တပ်မတော်ဘက်ကနေဖမ်းဆီးခဲ့ပြီး မနေ့က ALPဌာနချုပ် စခမ်းတခုကိုလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ဇွန်လမှာလဲ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ဟာ ချင်းပြည်နယ်ပလက်ဝမြို့နယ် ဘက်မှာ တိုက်ပွဲငယ်တွေဖြစ်ပွါးခဲ့ဘူးပါတယ်။

ALP ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်အတွင်းနယ်မြေပိုင်ဆိုင်မှုနဲ့ အကောက်ခွန်ပြဿနာကြောင့် အငြင်းပွါးမှုတွေရှိနေသလို အခုတကြိမ်မှာ အမြင့်ဆုံးစစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့ကြတာပါ။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုနဲ့ပက်သက်ပြီး ရခိုင့်တပ်မတော်ဘက်ကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင့်တပ်မတော်ရဲ့ အရှေ့ပိုင်းစစ်ဒေသတာဝန်ခံ ဗိုလ်မှူးကျော်ဟန်ကတော့ ဒီဖြစ်စဉ်အခြေအနေကိုမသိရှိသေးဘူးလို့ဆို ပါတယ်။

“ကျွန်တော်လဲ Up Date မရသေးဘူးနော်။ ပြီးရင်ကျွန်တော်ကလဲ ခရီးထွက်နေလို့။”

ALPအနေနဲ့က ရခိုင်အချင်းချင်းအကြား သွေးစည်းညီညွတ်ရေးတည်ဆောက်ရမဲ့ကာလမှာ အခုလိုစစ်ရေးပဋိပက္ခဖြစ်ပွါးတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ALPဒုတိယဥက္ကဌခိုင်စိုးနိုင်အောင်ကဆိုပါတယ်။

ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေမှာ စတင်တည်ထောင်ခဲ့ပြီး ပါတီရဲ့လက်အောက်ခံ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကိုတော့ ၁၉၇၄ ခုနှစ် ဇူလိုင်လမှာ ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်နယ်စပ်၊ ထိုင်းနယ်စပ်တွေမှာ အခြေပြုလှှုပ်ရှားနေပါတယ်။

ALPဟာ ၂၀၁၂ခုနှစ်ဧပြီလမှာ မြန်မာအစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးနိင်ခဲ့သလို NCAအပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့လဲဖြစ်ပါတယ်။

ရခိုင့်တပ်မတော်AAကတော့ NCAလက်မှတ်မရေးထိုးနိုင်သေးသလို လက်ရှိမြန်မာ့တပ်မတော်နဲ့စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်လဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG