သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံအပေါ် AA သဘောထား


please wait

No media source currently available

0:00 0:11:37 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ (၂၁) ရာစုပင်လုံညီလာခံ ကို မတက်ဖြစ်ပေမယ့် တိုင်းပြည်အတွက်အမှန်တကယ် အကျိုးဖြစ်ထွန်းမယ့် သဘာတူညီချက် ပေါ်ထွက်လာရင်တော့ ရခိုင့်တပ်မတော် AA က ကြိုဆိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ စစ်တပ်ရဲ့သဘောထားကို ဖီဆန်နိုင်ခြင်းမရှိတဲ့ ဒီညီလာခံက အဲဒီလို သဘောတူညီချက်မျိုး ပေါ်ထွက်နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ AA ပြောခွင့်ရ ခိုင်သုခ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ မေးချင်တာကတော့ မြန်မာနိုင်ငံသမိုင်းမှာ သိပ်ပြီးအရေးကြီးတယ်လို့ ယူဆနေကြတဲ့ အထူးသဖြင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးအတွက် ကျင်းပနေတဲ့ ညီလာခံနဲ့ ပတ်သက်နေပါတယ်။ ဒုတိယ ပင်လုံညီလာခံလို့ တင်စားပြီးတော့ လူတွေက ပြောနေကြတဲ့ ညီလာခံ ဖြစ်ပါတယ်။ ဒီညီလာခံမှာ တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်ဖို့ ညှိနှိုင်းတဲ့အခါမှာ အဓိက အခက်အခဲရှိတဲ့ အဖွဲ့အစည်း (၃) ခုက AA ရခိုင်တပ်မတော်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဆိုတော့ ဒီညီလာခံကို အခုနောက်ဆုံး တက်ဖြစ်မလား၊ မတက်ဖြစ်လာဆိုတာကို ပထမဦးဆုံး ကျနော် သိချင်ပါတယ်။

ခိုင်သုခ ။ ။ ကျနော်တို့ကတော့ မတက်ဖြစ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် ဒီ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီကနေ ကျနော်တို့ဆီကို ဖိတ်ကြားစာ ပို့တာ မရှိဘူး။ ဆိုတော့ သူတို့ မဖတ်တဲ့အတွက် ကျနော်တို့က မတက်ဖြစ်ဘူး။

ဦးကျော်ဇံသာ ။ ။ အရင်တုန်းကတော့ ညှိနှိုင်းမှုတွေ ရှိခဲ့တယ် မဟုတ်လား။ တက်မယ် မတက်ဘူးဆိုတာနဲ့ ပတ်သက်ပြီတော့။

ခိုင်သုခ ။ ။ အရင်တုန်းကတော့ ညှိနှိုင်းမှုကတော့ ရှိခဲ့တယ်။ ကျနော်တို့ မိုင်းလားမှာ အစိုးရကိုယ်စားလှယ် ဦးခင်ဇော်ဦးတို့နဲ့ တွေ့တဲ့အခါ သူတို့က လက်နက်ကိုင်လမ်းစဉ်ကို အပြီးအပိုင်း စွန့်လွှတ်ဖို့အတွက် ဆန္ဒရှိပါတယ်ဆိုတဲ့ဟာကို ထုတ်ပြန်စေချင်တယ်။ ကျနော်တို့ဘက်ကတော့ သူတို့ပြောသလို မဟုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းစေချင်တဲ့ဆန္ဒ ရှိတယ်ဆိုတာပဲ ထုတ်ပြန်နိုင်တယ်လို့ ပြောတော့ အဲဒီမှာ သဘောထား ကွဲလွဲမှုဖြစ်တယ်။ ဆိုတော့ အဲဒီ ဆွေးနွေးပွဲက ဘာရလဒ်မှမထွက်ဘဲ ပြီးဆုံးသွားတယ်။ နောက်ပိုင်း သူတို့က ညီလာခံကို တက်ဖို့အတွက် မဖိတ်ဘူး။ မဖိတ်တဲ့အတွက် ကျနော်တို့ကလည်း မတက်ဖြစ်ဘူး။

ဦးကျော်ဇံသာ ။ ။ သူတို့က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ထုတ်ပြန်စေချင်တယ်။ AA ဘက်က လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့ ရည်ရွယ်ချက် ရှိတယ်လို့ သဘောထားတယ်ပေါ့။

ခိုင်သုခ ။ ။ ဟုတ်တယ် .. .ကျနော်တို့ကတော့ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် ဘယ်လို လုပ်မလဲဆိုတာကိုပဲ ကျနော်တို့ဘက်က ဖြစ်စေချင်တယ်။ သူတို့ပြောသလိုမျိုး လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်း စွန့်လွှတ်ဖို့အတွက် ဆန္ဒရှိတယ်ဆိုတာမျိုးကတော့ ဘာအာမခံချက်မှမရှိသေးတဲ့ အချိန်မျိုးမှာ ကျနော်တို့အနေနဲ့က ကျနော်တို့ ယုံကြည်ချက်၊ ကျနော်တို့ အမျိုးသားရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ဟာကို စွန့်လွှတ်ပါမယ်ဆိုတဲ့ ကတိမျိုးကတော့ အခုအချိန်မျိုးမှာ မပေးနိုင်ဘူး။ ထုတ်လည်း မထုတ်ပြန်နိုင်ဘူး။ ကျနော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်ပြီးတော့ ရပ်တည်သွားမယ်။

ဦးကျော်ဇံသာ ။ ။ ဒီရပ်တည်ချက်သည် AA, PNLO, ကိုးကန့်အဖွဲ့ (၃) ဖွဲ့စလုံး…

ခိုင်သုခ ။ ။ ဟုတ်ကဲ့ ကျနော်တို့ မဟာမိတ် (၃) ဖွဲ့စလုံးကတော့ သဘောထား အတူတူပါ။

ဦးကျော်ဇံသာ ။ ။ အခုတက်မယ့် ဟိုတုန်းက NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ၊ မထိုးထားတဲ့အဖွဲ့တွေ တက်မယ်ဆိုပြီး ရှိတော့ အဲဒီ တိုင်းရင်းသားအဖွဲ့တွေရဲ့ သဘောထားကော ဘယ်လို ကွဲလွဲသလဲ။ အခု AA တို့ (၃) ဖွဲ့ ရပ်တည်ချက်နဲ့ သူတို့တွေရဲ့ သဘောထား ဘယ်လို ရှိတယ် ထင်ပါလဲ။ အဲဒီ အသုံးအနှုန်းပေါ်မှာ။

ခိုင်သုခ ။ ။ တခြားတိုင်းရင်းသားအဖွဲ့တွေကိုတော့ အစိုးရဘက်ကနေ အဲဒီလိုမျိုး ထုတ်ပြန်ပေးပါဆိုပြီး တောင်းဆိုတာမျိုး ဘယ်အဖွဲ့ကိုမှ မရှိဘူး။ ဆိုတော့ ကျနော်တို့ (၃) ဖွဲ့ကိုပဲ ကွက်ပြီးတော့ အဲဒီလိုမျိုး တောင်းဆိုတာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီးမွန်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်ဆုံး သူတို့ဘက်က ကြိုးစားတယ်။ ဒါပေမဲ့ တက်မယ် မတက်ဘူးဆိုတာ ဟိုဘက်က သဘောထားလို့ ပြောတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားတယ်ဆိုတာ ဘာတွေများ ကြိုးစားမှု တွေ့ရပါလဲ ဒီညှိနှိုင်းမှုမှာ။

ခိုင်သုခ ။ ။ ဒါကတော့ ကျနော်တို့ သိသလောက်ဆိုရင်တော့ အဲဒီ ကျင်းပရေးကော်မတီနဲ့ အခုနောက်ပိုင်း နီးကပ်လာတဲ့ အချိန်မျိုးမှာ မဟာမိတ် (၃) ဖွဲ့ကို ဖိတ်ကြားဖို့အတွက် ဆန္ဒရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နောက်ဆုံးသိရတာက စစ်တပ်ကိုယ်စားလှယ်တွေက ကန့်ကွက်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကို မဖိတ်သေးဘူးလို့ သိရတယ်။ ဆိုတော့ ဒီဟာကို ကြည့်လို့ရှိရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးစီးပြီးတော့လုပ်တဲ့ (၂၁) ရာစု ပင်လုံညီလာခံမှာ အစိုးရအနေနဲ့ စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ ဆိုတော့ အခုလုပ်တဲ့ ညီလာခံက တကယ် ပြီပြည့်စုံတဲ့ ညီလာခံမျိုး ဖြစ်မယ်လို့တော့ ကျနော်တို့ မထင်ဘူး။ အဲဒါကြောင့်မို့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာတပ်မတော်ဟာ တကယ်ပဲ ရှိသလားဆိုတာကတော့ မေးခွန်းတခု ထုတ်စရာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အဲဒါကတော့ လူတိုင်းလက်ခံကြတယ်။ သုံးသပ်သူတွေ နိုင်ငံတကာ၊ မြန်မာကပါ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ မရသေးပါဘူး။ အဲဒါ ဘာကြောင့် မရသေးဘူးလဲဆိုတော့ စစ်တပ်က အဓိကနေရာက ပါဝင်နေတယ်။ ဖွဲ့စည်းပုံပြင်ဖို့ ကိစ္စလည်း ဒီလိုနဲ့ မပြင်ဖြစ်တာပေါ့။ ဆိုတော့ ဒီနေရာမှာ လုံးဝ စစ်တပ်က နိုင်ငံရေးအရ ဘေးဖယ်သွားပြီးမှ ငြိမ်းချမ်းရေး ရနိုင်တော့မယ်ဆိုတဲ့ သဘောနဲ့ ဆက်လက်ရပ်တည်မှာလား။ အဲဒီမှာမှ ဆွေးနွေးနိုင်မယ့် သဘောလား။

ခိုင်သုခ ။ ။ အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု တိုင်းပြည်အပေါ်မှာ ပြည်သူလူထုအပေါ်မှာ အခုလက်ရှိ ရှိနေတဲ့ မြန်မာ့တပ်မတော်အနေနဲ့က တကယ် စေတနာရှိလို့ရှိရင် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို တကယ် ချုပ်ငြိမ်းစေချင်တဲ့ စေတနာရှိရင်တော့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့တွေအားလုံး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သင့်တယ်။ ခွင့်ပြုဖို့လည်း သင့်တာပေါ့။ တိုင်းရင်းသားတွေအားလုံးကလည်း All Inclusive ဆိုတာကို တချိန်လုံး ကြွေးကြော်လာတယ်။ နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း (၂၁) ရာစု ပင်လုံမှာ အားလုံး၊ အကုန်လုံး All Inclusive ဖြစ်ရမယ်ဆိုပြီး သူပြောထားတာ ရှိတယ်။ ဒါပေမဲ့ အခုလက်တွေ့မှာ ဖြစ်မလာတော့ ရှိနေတဲ့ ပြဿနာကို မပြေလည်အောင် နေပြီတော့ တင်းမာတဲ့ စစ်ခေါင်းဆောင်တချို့ သက်သက်များ လုပ်သလားဆိုပြီး ကျနော်တို့က အဲဒီလိုမျိုး သုံးသပ်တယ်။ ဒါပေမဲ့လို့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့က အဆင်သင့် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ တခြားအဖွဲ့အစည်းတွေ၊ တခြားလက်နက်ကိုင် အင်အားစုတချို့ တက်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ALP, ANC တို့ တက်တယ်။ ဆိုတော့ သူတို့တွေနဲ့ AA နဲ့ အချင်းချင်း ညှိနှိုင်းမှု ရှိခဲ့ပါလား။

ခိုင်သုခ ။ ။ သီးသန့် အခုလိုမျိုး အခု (၂၁) ပင်လုံမှာ ဘာပြောမလဲဆိုတာကိုတော့ ရခိုင်အချင်းချင်း သီးသန့်ဆွေးနွေးတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့လို့ ကျောက်ဖြူညီလာခံတုန်းက ကျနော်တို့ ရခိုင်အမျိုးသားတွေရဲ့ သဘောထား ဘုံသဘောထားကို ချမှတ်ထားတာရှိတယ်။ နောက်ပြီးတော့ နောက်ဆုံး လုပ်ခဲ့တဲ့ မိုင်းဂျာယန် ညီလာခံမှာလည်း တိုင်းရင်းသားတွေအားလုံးရဲ့ သဘောထားကို ချမှတ်ထားတာ ရှိပါတယ်။ ဆိုတော့ အမြင်သဘောထားတွေကတော့ သိပ်ကွာမယ် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ANC, ALP တို့ တက်ရောက်ဆွေးနွေးနေတာကို AA အနေနဲ့ လက်ခံတယ်လို့ ပြောလို့ရလား။

ခိုင်သုခ ။ ။ ကျနော်တို့ကတော့ သူတို့ တက်နေတာကိုတော့ ဘာမှ မှတ်ချက်တော့ မပေးလိုပါဘူး။ အရင်တုန်းက ဆုံးဖြတ်ထားတာ All Inclusive ပေါ့။ အခု All Inclusive မဖြစ်ရင်လဲ အကုန်လုံး တက်ကြတော့ အဲဒါကတော့ သူတို့ တဖွဲ့ချင်းဆီရဲ့ သဘောထားလို့ပဲ ကျနော်တို့က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ညှိနှိုင်းလို့ AA အပါအဝင် အားလုံးအဖွဲ့တွေ ချမှတ်ထားတဲ့၊ တိုင်းရင်းသားတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်၊ ဘုံရပ်တည်ချက်အတိုင်း ဒီညီလာခံမှာ အပြည့်အဝ မရခဲ့တောင်မှ တစိတ်တဒေသအားဖြင့် အဲဒီဟာကို အထောက်အကူ ပြုနိုင်တဲ့ သဘောတူညီမှုမျိုး ထွက်လာတယ်ဆိုရင် AA အနေနဲ့ ဘယ်လို သဘောထားမလဲ။

ခိုင်သုခ ။ ။ ဒီဟာကတော့ တိုင်းပြည်အတွက် ကောင်းတဲ့ဟာတွေ ဖြစ်လာခဲ့ရင်တော့ ကျနော်တို့က ဒါကို ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ အခုလုပ်မယ့် လေးငါးရက်ကြာမယ့် (၂၁) ရာစု ပင်လုံညီလာခံကတော့ အစပဲ ရှိသေးတယ်ဆိုတော့ ပြောဖို့တော့ နည်းနည်းပြောဖို့တော့ အချိန်စောသေးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု လေးငါးရက် ကျင်းပမယ့် ဒီညီလာခံကတော့ ရလဒ်ကောင်း ပေါ်ထွက်လာမယ်လို့ မထင်ဘူးဆိုရင် ဘယ်အချိန်မှာ ကျနော်တို့ ရလဒ်ကောင်း ပေါ်ထွက်လာမယ့် ညီလာခံမျိုး ဖြစ်လာနိုင်မယ်လို့များ မျှော်မှန်းချက် ထားပါလဲ။

ခိုင်သုခ ။ ။ ကျနော်တို့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခု မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ဟာက မြန်မာနိုင်ငံမှာ အဆက်ဆက် စစ်အာဏာရှင် ကြီးစိုးခဲ့တာရယ်။ နောက်ပြီးတော့ တဘက်မှာ တချို့ ဗမာလူမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေကြားထဲမှာ ကိန်းအောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအာဏာ ဗမာလူမျိုးတွေရဲ့ လက်ထဲမှာပဲ ဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေကို ပြုပြင်ဖို့လိုပြီ။ စွန့်လွှတ်ဖို့ လိုပြီ။ အဲဒါမှပဲ ကျနော်တို့ မြန်မာနိုင်ငံဆိုတာ တိုင်းရင်းသားပေါင်းစုံ အားလုံးပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့အားလုံး ညီညီညွှတ်ညွှတ်၊ စည်းစည်းလုံးလုံးနဲ့ အမျိုးသားတန်းတူရေး အပြည့်အဝရှိတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ လူမျိုးတွေနဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စုကို ကျနော်တို့ တည်ဆောက်နိုင်မယ်။ အခု ရှိနေတဲ့ စစ်ခေါင်းဆောင်အချို့ရဲ့ စိတ်ထဲမှာ ကိန်းအောင်နေတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်မျိုးကို နည်းနည်းပြုပြင်နိုင်ရင်တော့ ကျနော်တို့နိုင်ငံကြီးက တကယ် ငြိမ်းချမ်းတဲ့ နိုင်ငံကြီးအဖြစ်ကို တက်လှမ်းနိုင်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ခေါင်းဆောင်တချို့ရဲ့ စိတ်ထဲမှာ ဒီလို စိတ်ဓါတ်တွေ ကိန်းအောင်နေတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားအရေးအပေါ် သူ့ရဲ့အမြင်ကို ဘယ်လို သုံးသပ်မိပါလဲ။

ခိုင်သုခ ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို တကယ် လိုလိုလားလားနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကိုတော့ ကျနော်တို့ အထင်အရှား တွေ့နေရတယ်။ ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက်ပဲ အကောင်အထည်ဖော်၊ လုပ်ချင်ကိုင်ချင် တဘက်မှာ စစ်တပ်ကနေ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သူ့အနေနဲ့ ဖြတ်ကျော်ဖို့က သိပ်မလွယ်ဘူးဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ဖြတ်မကျော်နိုင်သေးဘဲ အခုန ပြောသလိုမျိုး စစ်တပ်ဟာ အစိုးရရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ အပြည့်အဝ မရောက်ဘဲနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်ယူရမယ့်ကိစ္စကတော့ အချိန်ယူရမယ့်လို့ ကျနော် အဲဒီလိုမျိုး သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်ပါတယ်။ အခု ရခိုင်ကော်မရှင်ဆိုပြီး ကိုဖီအာနန် ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားတယ်။ အဲဒီအဖွဲ့နဲ့ ပတ်သက်ပြီးတော့ AA ရဲ့ သဘောထားကို ထုတ်ပြန်ထားပြီးပြီလား။ အဲဒီ သဘောထားကို အကျဉ်းရုံး ကြားချင်ပါတယ်။

ခိုင်သုခ ။ ။ ကျနော်တို့ဘက်ကတော့ သဘောထား မထုတ်ပြန်ရသေးဘူး။ ဒါပေမဲ့ ကျနော်တို့အမြင်ကို ပြောရမယ်ဆိုလို့ရှိရင်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ကိုယ်တိုင် ဦးဆောင်မယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့က ဘာမှ မပြောလိုဘူး။ ဒါပေမဲ့လို့ အခုဖြစ်နေတဲ့ဥစ္စာက ကျနော်တို့ရဲ့ ပြည်တွင်းအရေးမှာ တဘက်နိုင်ငံက ခိုးဝင်တဲ့ Immigration ပြဿနာကို ကျနော်တို့နိုင်ငံက ရင်ဆိုင်နေရတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီကိစ္စမှာ နိုင်ငံတကာခေါင်းဆောင်တွေက ပါဝင်ပြီးတော့ အဲဒီလိုမျိုး ဥက္ကဋ္ဌနေရာကိုယူပြီးတော့ လုပ်ရတဲ့ဥစ္စာမျိုးကတော့ တဘက်မှာ အချုပ်အခြာအာဏာကို ထိခိုက်တယ်လို့ ပြောလို့ရှိရင်လဲ သိပ်ပြီးတော့ မလွန်လွန်ဘူးလို့ ထင်တယ်။ ၂၀၁၂ နောက်ပိုင်း ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က လုပ်ထားခဲ့တဲ့ အစီရင်ခံစာတွေ အပြည့်အစုံ ရှိပါတယ်။ ပြဿနာကို ဘယ်လို ဖြေရှင်းလို့ ရှိရင်တော့ ဖြစ်မယ်ဆိုတဲ့ အကြံပြုချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့လို့ အဲဒီ အကြံပြုချက်တွေကို အစိုးရအနေနဲ့ ဘာမှ အကောင်အထည်ဖော်၊ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ခဲ့ဘူး။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတွေကို ဦးဆောင်ခိုင်းပြီး အကြံပေးကော်မတီ ဖွဲ့စည်းပြီး တကယ်လုပ်မယ်ဆိုရင်လဲ ဘယ်လောက်ပဲ ဟိုဘက်ကနေ အကြံကောင်းဉာဏ်ကောင်းတွေ ပေးပါစေ တကယ် နိုင်နိုင်နင်းနင်းနဲ့ ဒီပြဿနာရဲ့ ဇစ်မြစ်ကို မဖြေရှင်းဘူးဆိုရင်တော့ ပြေလည်မယ်လို့တော့ ကျနော်ကတော့ သိပ်မထင်ဘူး။ တဘက်မှာလဲ ပြည်သူလူထုဘက်ကနေ Reaction တွေ အများကြီး လာမယ်လို့တော့ ကျနော်က ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ကိစ္စကို ကျနော်တို့ နိုင်ငံကရှိတဲ့ ပညာရှင်တွေ၊ ကျနော်တို့နိုင်ငံက ခေါင်းဆောင်တွေနဲ့ပဲ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ အဲဒီလိုမျိုးပဲ မြင်ပါတယ်။

XS
SM
MD
LG