သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ ခြေလှမ်းဖြစ်ကြောင်း သုံးသပ်


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြား အခြေအတင် တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ အခက်အခဲတွေကြား ကနေ ဒီကနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံနဲ့ ပတ်သက်လို့ ဝေဖန်တာတချို့ ရှိပေမဲ့လည်း အများစုကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ အစပျိုးခြေလှမ်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီညီလာခံကနေ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါလဲ။ တိုင်းရင်းသားတချို့ရဲ့ မျှော်လင့်ချက်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြီးမှူးကျင်းပပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပါ တက်ရောက်နေတဲ့ ဒီကနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံကနေ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာကောင်းတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ ညီလာခံ တက်ရောက်သူအများစုက မျှော်လင့်နေပါတယ်။ အားလုံးက ငြိမ်းချမ်းရေးကို လိုလားနေကြတာကြောင့် အောင်မြင်တဲ့ညီလာခံတရပ်ဖြစ်ဖို့ မျှော်လင့်တဲ့အကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်တဲ့ ပအို့ဝ်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ခွန်သန်းမြင့် က ပြောပါတယ်။

“ကျနော်တို့မျှော်လင့်တာပေါ့ ဒီငြိမ်းချမ်းရေးညီလာခံက အောင်အောင်မြင်မြင် နဲ့လည်းဖြစ်သွားမှာပါ။ နောက်ပြည်သူကလည်း စိတ်ဝင်စားတယ်။ ကမ္ဘာကလည်း စိတ်ဝင်စားတယ် ကျနော်မြင်တာပေါ့နော် အခုက တနိုင်ငံလုံးအတိုင်းအတာမှာရှိတဲ့ ပြည်သူလူထုကလည်း ငြိမ်းချမ်းချင်တယ်။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်ဆိုတော့ ဒါက ဘယ်လိုပဲဖြစ်ဖြစ်မလွဲမသွေအောင်မြင်မယ်လို့တော့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အသက်တွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး ရည်ရွယ်ချက်နဲ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသားလူမျိုးစုပေါင်းစုံက ကိုယ်စားလှယ်တွေ ရာနဲ့ချီ တက်ရောက် နေကြတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်မြောက်ရေး စီစဉ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ချင်းချင်းကတော့

“ဟုတ်ကဲ့ ပထမဆုံးအနေနဲ့တော့ ပြည်သူတွေက လုံခြုံမှုရှိလာမယ်။ နောက်ပြီးတော့မှ လွတ်လွတ်လပ်လပ်သွားလာနိုင်မယ်။ ပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးရရင်တော့ စီးပွားရေးကော၊ ဖွံ့ဖြိုးတိုးတက်ရေးကော အလိုလိုဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် အဓိကအနေနဲ့တော့ ငြိမ်းချမ်းရေးအဓိက ပြီးမှပဲ ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ကနေလိုက်လာမယ်။ အဲဒီတော့ ပြည်သူလူထုတွေအားလုံးရဲ့ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဘ၀ မြှင့်တင်မှုကိုတော့ အရမ်းမျှော်လင့်ပါတယ်။”

မြန်မာအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းတဲ့ ပထမအဆင့် ခြေလှမ်းဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပြောဆိုထားတာပါ။ လာမယ့် ၅ ရက် အတွင်း ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လိုရလဒ်ကောင်းတွေ ထွက်ပေါ်လာမလဲ ဆိုတာကိုတော့ ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံ နဲ့ ဖွံ့ဖြိုးရေး မေ ျှာ်လင့်ချက်
please wait

No media source currently available

0:00 0:02:03 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG