သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်တာဖြစ်ဟု ကချင်ခေါင်းဆောင် မှတ်ချက်ချ


ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၂၁ ရာစု ပင်လုံတွင် မိန့်ခွန်းပြောစဉ် (Myanmar State Counsellor Office)
ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၂၁ ရာစု ပင်လုံတွင် မိန့်ခွန်းပြောစဉ် (Myanmar State Counsellor Office)

တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ခွဲထွက်ဖို့ မဟုတ်ဘဲ တန်းတူခွင့် အတွက် ဖြစ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ စတင်လိုက်တဲ့ ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ထပ်လောင်းပြောကြားသွားပါတယ်။ တိုင်းရင်းသားဒေသတွေက စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေအရေး ဖြေရှင်းကြဖို့၊ တိုက်ပွဲတွေ ရပ်စဲကြဖို့ အလေးထား ပြောကြားသွားကြတဲ့ အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း တိုက်တွန်းသွားပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အသံတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကို နေပြည်တော်မှာ စတင်ဖွင့်လှစ်တာမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရော NCA ကို လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကိုယ်စားလှယ်တွေပါ စုံစုံညီညီ တက်ရောက်ခဲ့ကြတာပါ။ ညီလာခံ အဖွင့်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက တော်လှန်ရေးရဲ့ ရည်မှန်းချက်၊ နောက် ငြိမ်းချမ်းရေး လိုလားချက်တွေကို အလေးအနက်ထား ပြောဆိုခဲ့ကြတာပါ။ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးက သူ့ကို တိုင်းရင်းသားတွေက ဗိုလ်ချုပ်ကြီးလို့ ခေါ်ပါတယ်လို့အဖွင့်မိန့်ခွန်းကို အခုလို စလိုက်ပါတယ်။

“အားလုံးမင်္ဂလာပါ။ ကျနော့်နာမည် ဦးအင်ဘန်လပါ။ UNFC ရဲ့ ဥက္ကဌနဲ့ KIO ရဲ့ ဒုတိယ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ရပါတယ်။ ကျနော်တို့ တိုင်းရင်းသားများကတော့ ကျနော့်ကို ဗိုလ်ချုပ်ကြီးအင်ဘန်လ လို့ခေါ်ကြပါတယ်။”

ဒါ့အပြင် တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်နေရတာ ခွဲထွက်ဖို့ အတွက် မဟုတ်ဘူးလို့လည်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထပ်လောင်း ပြောပါတယ်။

“ဗမာ မဟုတ်တဲ့ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်စွဲကိုင် ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲ လို့ မေးချင်ကြပါလိမ့်မယ်။ ကျနော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့ ကျနော်တို့လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်တိုင်ပြဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲလို့ဆိုတာကို ပြောလိုပါတယ်။”

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးကြသေးပါဘူး။ အရပ်သား အစိုးရကို ထောက်ခံတဲ့ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်တာ ဖြစ်တယ်လို့လည်း UNFC ဥက္ကဌက ပြောဆိုသွားပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ မြန်မာ့ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ကရင့်အမျိုးသား အစည်းအရုံး KNU က ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း အဖွင့်စကား ပြောပါတယ်။ NCA ဟာ လုံး၀ ပြီးပြည့်စုံမှု မရှိပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အထောက်အကူကောင်း ဖြစ်ပါတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။ ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက် မူနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ လိုအပ်ချက်ကို အလေးအနက် ပြောဆိုသွားပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံအပြီး စတင်ဆွေးနွေးကြမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မတူကြတဲ့ အစွန်း ၂ ဖက် မှာရှိတဲ့ ဖက်ဒရယ် ပန်းတိုင်ကို ကဏ္ဍကြီး ၅ ခုကနေ ဘယ်အခြေခံကို စတင် သဘောတူ ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ လက်တွေ့အကောင်အထည် ဖော်ကြမယ့်အချိန် ရောက်ရှိလာပြီဖြစ်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေဘက်ကတော့ နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရေး အတွက် စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေ အရေး၊ ဒီလူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေး၊ တိုင်းရင်းဒေသ စစ်ပွဲတွေ ရပ်စဲရေးတို့ကို ဆောင်ရွက်ဖို့အရေးကြီးတဲ့ အကြောင်းကိုလည်း တိုက်တွန်း ပြောဆိုပါတယ်။ ဒါ့အပြင် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ဖို့ကိုလည်း တိုက်တွန်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG