သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူညီမှု ထီးရိပ်အောက်မှာ ငြိမ်းချမ်းရေးကြိုးပမ်းဖို့ ဒေါ်စုတိုက်တွန်း


 ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြား
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးအရဆွေးနွေးပွဲတွေကို NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်၊ NCA ထီးရိပ်အောက်မှာ အားလုံးပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒီကနေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒီကနေ့ ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲနေ့မှာ ဒီခေါင်းဆောင်တွေ မိန့်ခွန်းပြောသွားတာကို ခြုံပြီး တော့ကြည့်မယ်ဆိုရင် ဒီညီလာခံကနေပြီးတော့ ရလာမယ့် ရလဒ်နဲ့ ပတ်သက်ပြီးတော့ တစုံတရာ စိုးရိမ်ချက်ရှိကြတာတွေ့ရပေမယ့် ဒီရလဒ်အပေါ်မှာလည်း သူတို့အနေနဲ့ တော်တော်လေးမျှော်လင့် တကြီးထားကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် ဒုက္ခခံခဲ့ရတဲ့ဒုက္ခသည် ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အတော်လေးမီးမှောင်းထိုးပြီးပြောဆိုသွားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးကင်းမဲ့ခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို အမှတ်ရကြဖို့နဲ့၊ နိုင်ငံရဲ့ ကောင်းမွေဆိုးမွေတွေကို ခံစားရမယ့် နောင်မျိုးဆက်အတွက် ရည်စူးပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းလုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တတ်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့တော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ထီးရိပ်အောက်မှာအားလုံးပါဝင်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(Nationwide Ceasefire Agreement)ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့်မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။”

ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားသူတဦးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိူင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA ကို အခြေခံဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေအရ မိမိလိုလားချက်တွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆောင်ရွက်ဖို့မလိုအပ်တော့ဘူးလို့ ပြောသွားပါတယ်။

“လိုအပ်ချက်များကို နိုင်ငံရေးလမ်းကြောင်းအရ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်လမ်းကြောင်းများကသာ ဒီမိုကရေစီ နည်းလမ်းတကျ တောင်းဆိုရယူကြရမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒီမိုကရေစီရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်။ဒီလို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေအချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင် ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။”

တပ်မတော်က လက်ရှိကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေးမူ (၆)ချက်ဟာ သမိုင်းကြောင်းအတွေ့အကြုံနဲ့ လက်တွေ့အခြေအနေတွေကို ပေါင်းစပ်ထားတာကြောင့် ဒါဟာ စ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့်လို့လည်း ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လကတော့ ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို ပြည်စုံအောင် အကောင်အထည်မဖော်နိုင်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီရေး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရံှူးနေရတယ်လို့ ပြောသွားပါတယ်။ ဒါပေမယ်လို့ ဖယ်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာကို ဗိုလ်ချုပ်ကြီးအန်ဘန်လက အသေအချာ ထောက်ပြပြောသွားပါတယ်။

ဒီ ညီလာခံဖွင့်ပွဲကို တတ်ရောက်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကတော့ နှစ်ဖက် အပေးအယူရှိရှိ ဆွေးနွေးကြပြီး၊ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“နှစ်ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီးကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရံှူးကြရသလို၊ မျိုးဆက်အလိုက် လူတွေရဲ့ ဂုဏ်သိက္ခာ၊ တည်ငြိမ်အေးချမ်းမှူ၊ မူရင်းအခြေအနေတွေ ပျောက်ကွယ်ဆုံးရံှူးခဲ့ရပါတယ်။ အခုတော့ ရှင်းပါပြီ၊ မတူကွဲပြားချက်တွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတော့ဘူးဆိုတာပါပဲ။ အခု အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာပါတဲ့ အဖွဲ့အစည်းအားလုံးကို ကျနော် တိုက်တွန်းလိုပါတယ်၊ ဘယ်သူမဆို ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်းဖြစ်ရမယ်လို့ အားလုံးတော့ မျှော်လင့်ထားလို့မရပါဘူး။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် ဒီလုပ်ငန်းစဉ်ပါတဲ့ အဖွဲ့အစည်းတိုင်း တစုံတရာ အောင်မြင်မှူရှိရမှာလည်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှူနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကပါ အသိအမှတ်ပြု ချီးကျူးခဲ့တာတွေ့ရပါတယ်။ ဒီဖွင့်ပွဲမှာ သမ္မတဟောင်း ဦးသိန်းစိန် မတတ်ရောက်ပေမယ့်လို့၊ ဦးသိန်းစိန်အစိုးရလက်ထက်က ဒုသမ္မတနှစ်ဦးစလုံးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ဝန်ကြီးဟောင်းတွေ တတ်ရောက်လာတာတွေ့ရပါတယ်။

ဖွင့်ပွဲမှာ သမ္မတဦးထင်ကျော် တတ်ရောက်ပေမယ့် မိန့်ခွန်းမပြောပါဘူး။ အခြား အဖွင့်မိန့်ခွန်းပြောခဲ့တဲ့ခေါင်းဆောင်တွေကတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ အန်အယ်ဒီ နာယက ဦးတင်ဦး၊ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လနဲ့ ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖေါတို့ဖြစ်ကြပါတယ်။ ဖွင့်ပွဲပြောဆိုတဲ့ ခေါင်းဆောင်အားလုံးရဲ့ မိန့်ခွန်းတွေထဲမှာတော့ ပြည်တွင်းစစ်ဒဏ်ခံကြရတဲ့ တိုင်ရင်းသားဒုက္ခသည်တွေရဲ့ ခံစားချက်တွေ ဆုံးရံှူးမှူတွေကို ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဖွင့်ပွဲကို အစိုးရတာဝန်ရှိသူတွေ တိုင်းဒေသဝန်ကြီးချုပ်တွေ တပ်မတော်အရာရှိကြီးတွေ၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှူအဖွဲပအစည်းက ပုဂ္ဂိုလ်တွေအပြင် သံတမန်တွေ အတော်များများလည်း တတ်ရောက်ကြပါတယ်။ ပြောရမယ်ဆိုရင် ဒီညီလာခံကနေ ငြိမ်းချမ်းရေးအတွက် တိပ တဲ့ အဖြေတော့ မထွက်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီ ဖွင့်ပွဲဟာဆိုရင် အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ခြေလှမ်း စတင်လိုက်ပြီဆိုတဲ့သဘောပါ။ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကနေ အရင်တုန်းကချပြီးသား နိုင်ငံရေးမူဘောင် ပြန်လည်ပြင်ဆင်ဖို့ နိုင်ငံရေးဆွေးနွေးချက်တွေ စတင်မှာဖြစ်တာကြောင့်ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG