သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံ ညီလာခံ အမေရိကန် ကြိုဆို


၂၁ ရာစု ပင်လုံ ညီလာခံ
၂၁ ရာစု ပင်လုံ ညီလာခံ

ဒီကနေ့ စတင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒိညီလာခံဟာ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အရေးပါတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာလည်း များစွာအထောက်အကူဖြစ်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

NLD အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြီးမှုးကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဒီကနေ့ကို နေပြည်တော်မှာ စတင်ကျင်းပနေပြီး အမေရိကန်ပြည်ထောင်စုကလည်း ဒီညီလာခံကို ကြိုဆိုလိုက်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စည်းလုံး ညီညွတ်ရေးတို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို လုပ်ဖို့ စိတ်အားထက်သန်ကြတဲ့ သူအားလုံးကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ချီးကျုးဂုဏ်ယူလိုကြောင်း ဒီကနေ့မှာပဲ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့ အထောက်အကူကောင်းတစ်ခု ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရေရှည်တည်မြဲဖို့အတွက် အရေးပါတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ခိုင်မာတောင့်တင်းတဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် မြန်မာလူထုအားလုံးရဲ့ ရပိုင်ခွင်အခွင့်အရေးတွေ ဒင်းပြည့်ကျပ်ပြည့် လေးစား လေးစားလိုက်နာတဲ့ အားလုံးပါဝင်တဲ့ ငြိမ်း နိုင်ငံရေး ဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာဖို့လည်း ပထမ ခြေလှမ်းတစ်ခုလို့လည်း ဆိုရမှာပါ။”

ဒီကနေ့ ငြိမ်းချမ်းရေး ညီလာခံကို တစ်နိုင်ငံလုံး အဆင့် အပစ်အခက်ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကော လက်မှတ်မထိုးတဲ့ အဖွဲ့တွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လို့ မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ၊ တအောင်း ပလောင် ၊ AA ရခိုင့်တပ်မတော် နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN - K အဖွဲ့တို့ကတော့ ဒီညီလာခံကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

တိုင်းရင်းသားတွေနဲ့ ဘာသာရေး မတူကွဲများမှုတွေကနေ အင်အားတွေနဲ့ သဟဇာတ ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီညီလာခံကို တက်ရောက်တဲ့ လူတွေနဲ့ မတတ်ရောက်ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဆီကနေ ကတိကဝတ်တွေ ရဖို့ လိုတဲ့ ရေရှည် စိတ်ခေါ်မှုတစ်ရပ်ကတော့ ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု အနေနဲ့ အကဲခတ်မိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အားလုံး ချုပ်ငြိမ်းပြီး ရေရည်တည်တံတဲ့ ငြိမ်းချမ်းရေး ရဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမယ်လို့အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒေသခံ ပြည်သူတွေအားလုံး အကျိုးရလဒ်တွေ လုပ်ပိုင်ခွင့်တွေ ခံစားနိုင်မယ့် ရေရည်တည်တံတဲ့ ငြိမ်းချမ်းရေး ရဖို့ ပြည်တွင်း စစ်တွေ ချုပ်ငြိမ်းဖို့ မတူညီတဲ့ ရူ့ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်မှုတွေ ပြောဆိုဆွေးနွေးကြပြီး ဒီအမြင်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အားထုတ်တာ အပါအဝင် အကောင်းမြင်ဝါဒနဲ့ လုပ်ဆောင်တဲ့ သူအားလုံးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်ထောက်ခံ အားပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ၊ လွတ်တော် ဥက္ကဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်စား ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ကိုယ်စား ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ NLD ပါတီရဲ့ နာယက သူရ ဦးတင်ဦးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီညီလာခံကို စက်တင်ဘာလ ၄ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနေ့စတင်ဖွင့်လှစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းအသီသီးက အကြီးအကဲတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုအပ်တဲ့ နည်းပညာကျွမ်းကျင်မှုအကူအညီတွေပေးရင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အားပေးတိုက်တွန်းနေကြောင်း၊ ဒီအချိန်အခါဟာ ငြိမ်းချမ်းရေးအတွက်အခွင့်အခါကောင်းဖြစ်ပါတယ်လို့ သံအမတ်ကြီး Scott Marciel က VOA နဲ့သီးသန့်တွေ့ဆုံခန်းမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG