မိုးကြီးရေကြီးမူလို သဘာဝဘေးဒဏ်တွေကြောင့် စိတ်ထိခိုက်မှု မပြင်းထန်စေဖို့၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမူ လုပ်ပေးသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။
သဘာဝဘေးဒဏ် ကြုံရအပြီး ပုံမှန်စိတ်ဒုက္ခ ဖြစ်တာကနေ ပြင်းထန်တဲ့အဆင့် မရောက်အောင် ဒီစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကို သုံးလေ့ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာတဝှမ်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိတ်ကျန်းမာရေးဌာနတွေအနေနဲ့ ဒီနည်းကို အဓိက သုံးကြပါတယ်။ ပြင်းထန်တဲ့ စိတ်ဒုက္ခရောက်မှုအဆင့်မှာတော့၊ အရင်တပတ်က ပြောခဲ့တဲ့ အိပ်မရတာများလာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်တာ၊ ပူဆွေးသောက ဆက်တိုက်ဖြစ်လာတာတွေကနေ၊ နောက်ပိုင်းမှာ စိတ်ကျရောဂါ (Depression)၊ စိတ်ပူပင် ကယောက်ကယက်ကြီးတဲ့ရောဂါ (Panic Anxiety) နဲ့ စိတ်ဒဏ်ရာရောဂါကြီး (PTSD) အထိ ဖြစ်လာနိုင်ပါတယ်။ မှန်ကန်တဲ့ကုသမှုယူလျှင် ဒီစိတ်ရောဂါတွေက ပြန်ကောင်းလေ့ရှိပါတယ်။
ဒါပေမဲ့ အခုလို ပြင်းထန်တဲ့ စိတ်ရောဂါတွေအဆင့် မရောက်ခင် ကာကွယ်ပေးနိုင်တဲ့ ဒီ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကုထုံး (Psychological First Aid) ရဲ့ အခြေခံ သဘောနဲ့ အချက် (မူ) တွေကို သိထားသင့်ပါတယ်။ ဒီနည်းရဲ့ အခြေခံသဘောတရားကတော့ ပြည်သူကနေ ပြည်သူကို အချင်းချင်း ကူညီပေးနိုင်တာဖြစ်ပြီး၊ ပြည်သူတွေဖွဲ့ထားတဲ့ ပရဟိတ ဝန်ဆောင်မှု (Service) အဖွဲ့တွေ၊ ရပ်မိရပ်ဘလူကြီးတွေနဲ့ တခြား ဒီ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမှုအကြောင့်း နားလည်ထားသူ မည်သူမဆို ရေဘေးစိတ်ဒုက္ခရောက်သူကို ပိုမဆိုးသွားအောင် ကူညီလုပ်ပေးနိုင်တာပါ။ လက်ရှိ သဘာဝဘေးအန္တရာယ် စိတ်ထိခိုက်မှုတွေ ပိုမဆိုးသွားရေးအတွက် ဒီနည်းကို အရေးကြီးဆုံး ကုထုံးသဘောအဖြစ် တွေ့ရှိထားပါတယ်။
ဒီ စိတ်ပိုင်းဆိုင်ရာ ရေးဦးသူနာပြုစုနည်းရဲ့ အခြေခံအချက် (သို့မဟုတ်) မူ (Principle) မှာတော့ အဓိက (၅) ချက် ရှိပါတယ်။ ပထမအချက်က လုံခြုံမှုရရေး (Safety) ဖြစ်ပြီး၊ ရေကြီးနွံ့နစ် အသက်ဘေးကြုံခဲ့သူတွေကို ကူညီတာမှာ လုံခြုံရာကို ရွှေ့ပေးဖို့လိုပါတယ်။ ဒုတိယအချက်ကတော့
စိတ်ချမ်းသာမူရရေး (Calmness) ဖြစ်ပြီး စိတ်ဒုက္ခရောက်နေသူကို စိုးရိမ်ပူပန်စရာတွေ သွားပြောပြီး ကူညီပေးတာမျိုး မဖြစ်သင့်ဘဲ၊ ဂရုဏာနဲ့ အေးအေးချမ်းချမ်း ကူညီပေးသင့်တာပါ။ တတိယအချက်ကတော့ ချိတ်ဆက်မှုရရေး (Connectiveness) ဖြစ်ပြီး၊ လူ့သဘာဝအရ ချိတ်ဆက်ရှင်သန်ဖို့ လိုအပ်ပြီး အထူးသဖြင့် မိဘဆုံးသွားတဲ့ ကလေးတွေကို အမျိုးတွေ၊ ဆရာ ဆရာမတွေနဲ့ ချိတ်ဆက်စောင့်ရှောက်ပေးတာမျိုး လုပ်ပေးဖို့ပါ။
စတုတ္ထအချက်ကတော့ မိမိကိုယ်ကိုယ် ပြန်ရပ်တည်နိုင်စွမ်း (Self Efficacy) ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်ဖန်တီးပေးတာပါ။ အကြောင်းက အပြင်ကပေးတဲ့ အကူအညီက ရေရှည်မှာ ဆက်လုပ်ပေးသွားဖို့ ခက်ခဲတာအပြင်၊ ကိုယ်ပိုင်လုပ်ငန်း ပြန်လုပ်နိုင်ခြင်းဖြင့်၊ လုပ်ငန်းသေးပင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကို ဆက်ရှင်သန်ဖို့ ယုံကြည်မှု ပြန်စရလာစေတာကြောင့်ပါ။ နောက်ဆုံးအချက်ကတော့ တတိယနဲ့ စတုတ္ထအချက်နဲ့ ဆက်စပ်နေတဲ့ မျှော်လင့်ချက် ပြန်ဖြစ်ပေါ်လာရေး (Instillation of Hope) ဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးဆုံးလည်း ဖြစ်ပါတယ်။ အကြောင်းက မျှော်လင့်ချက်မဲ့သွားလျှင် ဘာမှဆက်လုပ်ပေးလို့ မရလို့ပါ။ ဒီအတွက် ပတ်ဝန်းကျင်က စိတ်ပိုင်းဆိုင်ရာ ဖေးမပံ့ပိုးပေးသွားဖို့ လိုပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ၊ Queensland ပြည်နယ် ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။
Forum