သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC နဲ့ NCA သဘောတူညီချက် မနီးစပ်သေး


DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC တို့ကြား (၈)ကြိမ်မြောက် အဖွဲ့အစည်း (Peace commission)
DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC တို့ကြား (၈)ကြိမ်မြောက် အဖွဲ့အစည်း (Peace commission)

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးညှိနှိုင်းမှုအဖွဲ့ DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC တို့ကြား (၈)ကြိမ်မြောက် ဒီကနေ့ဆွေးနွေးပွဲမှာ အချက်တချို့သာ သဘောတူညီနိုင်ခဲ့ပြီး ၊ ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေ ကျန်နေသေး တာကြောင့် UNFC အဖွဲ့ဝင်တွေ NCA စာချုပ်မှာ လက်မှတ်ထိုးရေး ကိစ္စဟာ မရေမရာဖြစ်နေပါတယ်။ အစိုးရ ကိုယ်စားလှယ်တွေကတော့UNFC အဖွဲ့တွေ NCA မှာ လက်မှတ်ထိုးဖို့ နီးစပ်လာပြီလို့ အကောင်းမြင်နေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

NCA စာချုပ်မှာ လက်မှတ်ထိုးနိုင်ဖို့အတွက် UNFC ကောင်စီက အဆိုပြုထားတဲ့(၈)ချက်ကို ဒီကနေ့ ရန်ကုန်မြို့ NRPC ငြိမ်းချမ်းရေးစင်တာမှာ UNFC ရဲ့ DPN အဖွဲ့နဲ့ အစိုးရကော်မရှင် PC အဖွဲ့တို့ (၈)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြတာပါ။ ဒီဆွေးနွေးပွဲအတွင်း UNFC က အဆိုပြုထား တဲ့ အချက်(၃)ကနေ (၈)အထိ သဘောတူညီမှုရရှိတယ်လို့ UNFC အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ နံပါတ် (၅)အချက်ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အကြေအလည် ညှိနှိုင်းနိုင်ခဲ့တယ်လို့ UNFC အဖွဲ့က ပြောပါတယ်။

UNFC ရဲ့အဆိုပြုချက် (၁)နဲ့(၂) တို့ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဘက်က မလိုက်လျောနိုင် သေးတာကြောင့် နိုဝင်ဘာလ (၉)ရက် မနက် ဖြန်မှာ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ အဆိုပြုချက်(၁)ကတော့ NCA မှာလက်မှတ်ထိုးပြီးတာနဲ့ တပ်မတော်နဲ့အစိုးရက တနိုင်ငံလုံး အပစ်ခတ် ရပ်စဲကြောင်း ကြေညာပေးဖို့ ဖြစ်ပြီး၊ အချက်(၂)ကတော့ အနာဂတ်တိုင်းပြည်ကို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေပါတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ထောင်သွားရေးဖြစ်ပါတယ်။

UNFC ရဲ့တောင်းဆိုချက်အတိုင်းမဟုတ်ပဲ တပ်မတော်ဘက်ကတော့ အရင်အပစ်ရပ်ခဲ့တဲ့ (၈)ဖွဲ့တုန်းက လုပ်နည်းလုပ်ဟန်အတိုင်းသာ လုပ်သွားဖို့ရှိတယ်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်မှာပါတဲ့ ဦးလှမောင်ရွှေကတော့ ပြောပါတယ်။

“NCA လက်မှတ်ရေးထိုးတုန်းက ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ အဲဒီအတိုင်းလည်း ကျနော်တို့အခုလက်မှတ်ထိုးမယ့်အဖွဲ့တွေကလည်း အဲလိုပဲ ဆောင်ရွက်ပေးမယ်လို့ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေကတော့ ကျနော်တို့ရှင်းပြထားပါတယ်။ ဒီအပေါ်မှာတော့ အနည်းငယ် ညှိနှိုင်းမူကျန်မယ်လို့ပဲ ကျနော်မြင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အကောင်းမြင်ပါတယ်။ မနက်ဖြန်မှာ ဆွေးနွေးညှိနှိုင်းတာတွေ ပြီးပြတ်ရင်တော့ DPN အနေနဲ့လည်း လက်မှတ်ရေးထိုးနိုင်တဲ့ အနေအထားပါပဲ။”

အစိုးရဘက်က အပစ်ခတ်ရပ်စဲကြောင်း ကြေညာမှသာ NCA အပစ်ရပ် စာချုပ်ရဲ့အနှစ်သာရ ပေါ်လွင်မှာ ဖြစ်တယ်လို့ UNFC ပြောခွင့်ရသူ ကိုထွန်းဇော်က ရှင်းပြပါတယ်။

“တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကြေညာဖို့ဆိုတဲ့ အခြေခံအယူအဆနဲ့ ကျနော်တို့ နံပတ် ၁ ကို အဆိုပြုထားတာဖြစ်ပါတယ်။ အဲဒါက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကြေညာဖို့အတွက်ကတော့ တပ်မတော်ဘက်မှာ မူဝါဒမရှိဘူးပေါ့နော် ၊ လက်တွေ့အခြေအနေမှာ မဖြစ်နိုင်ဘူးဆိုတဲ့အခါကျတော့ ဟုတ်ပြီ ကျနော်တို့က တဆင့်ချင်း တက်လှမ်းမယ်ပေါ့ဗျာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်တိုးတက်ဖို့ ရှိအောင် ကျနော်တို့ကဆက်ပြီးတော့မှ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေကို ကျနော်တို့ချမယ်ပေါ့။”

ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး နံပါတ်(၂) အချက်မှာလည်း စကားလုံးပိုင်းမှာ အငြင်းအခုန်တွေ ဖြစ်နေရတယ်လို့ ကိုထွန်းဇော်က ပြောပါတယ်။

“နံပါတ်(၂) ဆိုရင်လည်း ကျနော်တို့ နိုင်ငံရေး အပိုင်းမှာပေါ့နော် တိုင်းပြည်ကို ကျနော်တို့က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအနေနဲ့ တည်ဆောက်ကြမယ်။ ဆိုတဲ့ commitment ပေါ့နော် အပြန်အလှန်ကတိကဝတ်တွေ ခိုင်မာမှု တွေ ကျနော်တို့ လုပ်ကြတာပေါ့ဗျာ။ ဒါကလည်း ဆဋ္ဌမအကြိမ်မှာ အကြေအလည်ဆွေးနွေးပြီးတော့ ပြီးဖြစ်တယ် သတ္တမ အကြိမ်ရောက်တော့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့နေရာမှာ အရှေ့မှာ လောကပါလတရားတို့ ကျနော်တို့ ကိုယ်တိုင်ပြဌာန်းခွင့်နဲ့ ပက်သက်တဲ့ အာမခံအချက်တွေအပြည့်အဝရှိရမယ်ဆိုတဲ့ ကိစ္စတွေပါနေတဲ့အတွက် တို့တာဝန်အရေးသုံးပါးကို သူတို့ထည့်တာပေါ့ခင်ဗျ။ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုတာကို သုံးနှုန်းခြင်းမဟုတ်ပဲနဲ့ NCA ပါပြဌာန်းချက်အတိုင်း ဒီမိုကရေစီ နဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအနေနဲ့ တည်ဆောက်မယ် ဆိုတဲ့ ရပ်တည်ချက်သဘောထားကို ပေးတာပေါ့နော် ဆိုတော့ အဲဒီမှာကွဲပြားသွားတယ်။ ဒါတွေကတော့ အကြေအလည်ညှိနှိုင်းရမယ့် အချက်တွေလို့ ပြောလိုရပါတယ်။”

UNFC ရဲ့DPN နဲ့ အစိုးရ PC အဖွဲ့တို့ဟာ ဒီအချက်(၈)အပေါ်မှာ ၁၇ လကြော်ကြာ ဆွေးနွေးလာခဲ့ကြတာပါ။ (၈)ချက်လုံး သဘောတူညီမှု ရသွားပြီဆိုရင်တော့ နံပါတ်(၉)အချက်အရ UNFC ကောင်စီအဖွဲ့ဝင်တွေက NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

UNFC နဲ့ NCA သဘောတူညီချက် မနီးစပ်သေး
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG