သုံးရလွယ်ကူစေသည့် Link များ

ဝ၊ မိုင်းလား အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ မကြာခင် တွေ့ဆုံမည်


ဝ၊ မိုင်းလား အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံစဉ် (၂၉ ဇူလိုင်၊ ၂၀၁၆)

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ၀၊ မိုင်းလားအဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တွေ့ဆုံဖို့ ရှိနေပြီး အဓိက နယ်စပ်ဖွံ့ဖြိုးရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ၀အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်ကတော့ နိုင်ငံရေးကိစ္စရပ်တွေထည့်သွင်းဆွေးနွေးမယ့် အလားအလာရှိနေပြီး ၀နဲ့ မိုင်းလားအဖွဲ့ကတော့ နိုင်ငံရေးကိစ္စတွေကို တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC နဲ့ ဆွေးနွေးဖို့ လိုလားနေပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ဆွေးနွေး ပွဲပြီးချိန်တည်းက ရပ်တန့်နေခဲ့တဲ့ အစိုးရနဲ့ တရုတ်မြန်မာ နယ်စပ်အခြေစိုက်အဖွဲ့တွေအကြားဆွေးနွေးပွဲတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ပြန်လည်စတင်ဖို့ ရှိနေပါတယ်။

လောလောဆည်မှာတော့ အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ UWSP ခေါ် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းကိုသွားရောက်ပြီး ၀နဲ့ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိနေတာဖြစ်ပါတယ်။

ဝ၊ မိုင်းလားအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့အချက်ကို UWSP ခေါ် ၀အဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“ ဒီလ ဒုတိယပတ်ဝန်းကျင်မှာ ပြောတာပဲ။ အကြောင်းကြားလာတယ်။ ရက်တော့ တိတိကျကျမသိဘူး။ အဓိကကတော့ ဒီ နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မူးယစ်ဆေးဝါး၊ တရားဥပဒေစိုးမိုးရေးအပိုင်းဆိုင်ရာတွေပဲ ဆွေးနွေးမယ်လို့ပဲ သိတယ်။”

အစိုးရကိုယ်စားလှယ်အဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်ပါဝင်ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေအပါအ၀င် သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရှမ်းပြည်နယ်အစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေပါဝင်လိုက်ပါမှာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေးနေ့ ၉ ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးဖို့ ရှိနေတာကြောင့်ပန်ဆန်းကို ဒီလ ၁၀ရက်နေ့ နောက်ပိုင်းမှသာ သွားရောက်နိုင်မယ့် အခြေအနေရှိနေတာဖြစ်ပါတယ်။

ပန်ဆန်းကိုသွားရောက်ချိန်မှာ အစိုးရကိုယ်စားလှယ်အဖွဲ့ဖက်က အဓိကဆွေးနွေးမယ့် အချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလို ပြောဆိုထားပါတယ်။

“ သွားတဲ့အခါ ကျနော်တို့က နံပတ်၁ ဒေသဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဟာတွေ ပါမယ်။ နံပတ်၂ကတော့ ကျနော်တို့ နှစ်ဖက်ပေါ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျနော်တို့ ဒီမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်ပေါ့နော်။ ဆောင်ရွက်နေတဲ့အခါ အဓိက ကျနော်တို့ သွားတာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သွားတာ။ အဲဒီပေါ်မှာလည်း principle အခြေခံမူတွေ ထွက်သင့်သလောက်လည်း ထွက်လာတယ်။ ဆက်ပြီးတော့လည်း ထွက်ဖို့လည်း ရှိတယ်။ အဲဒီအပေါ်မှာ ဒီအဖွဲ့တွေ မကျန်ခဲ့စေချင်ဘူး။ အဲတော့ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်နိုင်မလဲဆိုတာ သွားပြီး နှစ်ဖက်ဆွေးနွေးကြမှာ။ ”

ဒါကတော့ ပြီးခဲ့တဲ့လ ၂၄ရက်နေ့က UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ် မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC အပေါ် အစိုးရဖက်က သဘောထားကို ဦးဇော်ဌေးက အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်မှာ ဖိတ်ကြားတယ်။ တဖွဲ့ချင်းကို ဖိတ်ကြားတယ်။ သို့သော်အကြောင်းကြောင်းကြောင့် မြောက်ပိုင်းအဖွဲ့တွေ မတက်နိုင်ဘူးပေါ့။ သို့သော်လည်း NCA နှစ်ပတ်လည်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောထားတဲ့အတိုင်းပဲ ကျနော်တို့ ဒီအဖွဲ့တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်။ တွေ့ဆုံဆွေးနွေးရေးတံခါး ဆက်ဖွင့်ထားတယ်။ ကျနော်တို့က FPNCC ကိုတော့ ကော်မတီအလိုက် ဆွေးနွေးမှာ မဟုတ်ဘူး။ တဖွဲ့ချင်းဆွေးနွေးမယ်။ ၃ဖွဲ့ဆွေးနွေးမယ်။ ၄ဖွဲ့ဆွေးနွေးမယ်။ ရတယ်။”

နိုင်ငံရေးကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးဖို့နဲ့ပတ်သက်ပြီး ၀အဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းကလည်း အခုလို ပြောဆိုပါတယ်။

“ လူကြီးတွေ ဘယ်လို ဆွေးနွေးတိုင်ပင်လည်းတော့ ကျနော်လည်း မသိဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ ကျနော်တို့ ဒီ FPNCC နဲ့ တွေ့ဖို့ပဲ ရှိပါတယ်။ တွေ့ဖို့ များပါတယ်နော်။ ”

နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် တစုတစည်းတည်း ဆွေးနွေးဖို့ FPNCCရဲ့ ပထမအကြိမ် အမြဲတမ်းကော်မတီ အစည်းအဝေးက စည်းဝေး ဆုံးဖြတ်ထားကြောင်းနဲ့ ဆွေးနွေးပွဲတံခါးကို အမြဲဖွင့်ထားကြောင်းသြဂုတ်လအတွင်းက ထုတ်ပြန်ထားပါတယ်။

FPNCC ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါဝင်လက်မှတ်ရေးထိုးရေးထက် NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့ လိုလားကြောင်းလည်း သဘောထားထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လောလောဆည်မှာ နှစ်ဖက် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာတွေဟာ ညှိနှိုင်းဖို့ ခက်ခဲနေပြီး တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်တာတွေလည်းရှိနေပါတယ်။

FPNCC အဖွဲ့မှာ တရုတ်မြန်မာနယ်စပ်အခြေစိုက် ၀၊ မိုင်းလားအဖွဲ့နဲ့ အတူ ကချင်၊ ရှမ်း၊ ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်မတော်တို့ ပါဝင်နေပြီး မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အင်အားရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုနေကြောင်းလည်း သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG