သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်က မဟာမိတ် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါ့ဦးမလား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ်ကိုယ်စားလှယ်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ်ကိုယ်စားလှယ်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေစဉ်

တရုတ် အစိုးရကိုယ်စားလှယ်ကနေ တွန်းတွန်းတိုက်တိုက် ညှိနှိုင်းဆောင်ရွက်ပေးတာကြောင့် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ လာတက်တဲ့ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ဖွင့်ပွဲလောက်ပဲ တက်ပြီး မေလ ၂၇ ရက်နေ့ နေပြည်တော်ကနေ ပြန် ထွက်ခွာသွားကြပါပြီ။ ညီလာခံမှာ ဝင်ရောက်လေ့လာတာ၊ ဆွေးနွေးတာမျိုး လုပ်မသွားဘူး ဆိုတဲ့ သဘောပါ။ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ ရှိနေချိန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား ပုဂ္ဂိုလ်တစ်ချို့နဲ့ တွေ့ဆုံဆွေးနွေးတာ လုပ်ခဲ့သလို ကြိုတင်ယူဆောင်လာတဲ့ မှတ်တမ်း တစ်စောင်ကိုလည်း သတင်းမီဒီယာတွေဆီ ဖြန့်ေ၀ ပေးခဲ့ပါတယ်။ “၀ ပြည်နယ်နှင့် မြန်မာ အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ကမ်းလှမ်းခဲ့သော ဖြစ်စဉ်” လို့ နာမည်ပေးထားတဲ့ အဲဒီ မှတ်တမ်းမှာ သတင်းဌာနတွေနဲ့ နိုင်ငံရေးသမားတွေ အရင်က မသိသေးတဲ့ အချက်တစ်ချို့ ပါဝင်တာ တွေ့ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အင်အားကြီး လက်နက်ကိုင်တွေဖြစ်တဲ့ ၀ တပ်ဖွဲ့၊ ကချင်တပ်ဖွဲ့အပါအဝင် တရုတ်နယ်စပ်က လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမှုဖြစ်စဉ်တွေဟာ အရေးကြီးပါတယ်။ ညီလာခံ ကာလ အတွင်း ၀ တပ်ဖွဲ့က သတင်းမီဒီယာတွေကို ဖြန့်ဝေသွားတဲ့ မှတ်တမ်းမှာ ဘာတွေ ပါသလဲ၊ အစိုးရ၊ တပ်မတော်နဲ့ ၀ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်မှု အဆင်ပြေနိုင်ပါ့မလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

၀ တပ်ဖွဲ့ရဲ့ မှတ်တမ်းမှာ အခန်း ၅ ခန်း၊ စာမျက်နှာ ၁၃ မျက်နှာ ပါဝင်ပါတယ်။ နိဒါန်းဖော်ပြချက်မှာ ၀ တပ်ဖွဲ့အနေနဲ့ အရင် မြန်မာအစိုးရနဲ့ အဆင့်သုံးဆင့် ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ထိုးထားတဲ့အကြောင်း၊ နောက် ဝ၊ မိုင်းလားနဲ့ မြန်မာတပ်ဖွဲ့တွေဟာလည်း တိုက်ပွဲမဖြစ် ငြိမ်းချမ်းတဲ့ အနေအထားမှာ ရှိနေတာကြောင့် တစ်တိုင်းပြည်လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးဖို့ မလိုဘူးလို့ ခံယူထားတဲ့အကြောင်း၊ တရုတ်နယ်စပ်မှာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်၊ တအာန်းပလောင် အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်တဲ့ ပတ်ဝန်းကျင် မရရှိဘူး လို့ ခံယူတဲ့အကြောင်း၊ ဒါကြောင့် ကိုးကန့်၊ တအာန်း နဲ့ ရခိုင် AA တပ်ဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်လာအောင် သူတို့အနေနဲ့ ကြိုးစားခဲ့တဲ့အကြောင်း၊ ဒါပေမယ့် မြန်မာအစိုးရဘက်က အဲဒီ အချက်ကို လက်မခံတဲ့အတွက် ပြသနာကို ဖြေရှင်းနိုင်ခြင်းမရှိပဲ ဒီကနေ့အထိ အချိန်ရှည်ကြာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခြားတစ်ဖက်မှာတော့ တရုတ်အစိုးရဖက်ကနေ ၀ နဲ့ မိုင်းလား အဖွဲ့တွေကို မြန်မာအစိုးရ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း၊ ဒီအတွက် ၀ အဖွဲ့ဟာ တရုတ်တွေရဲ့ တောင်းဆိုချက်ကို တုန့်ပြန်ဖို့နဲ့ လက်ရှိ ကြုံနေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိုးဖေါက်နိုင်ဖို့အတွက် NCA မှာ လက်မှတ်မထိုးဘူး ဆိုတဲ့ သဘောထားကို ပြောင်းလဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအတွက် ၀ အဖွဲ့ဟာ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူကို ဆက်သွယ်ပြီး NCA က အချက်တစ်ချို့ကို ပြင်ပေးရင် သူတို့အနေနဲ့ လက်မှတ်ထိုးနိုင်တဲ့အကြောင်း ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခါ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူက တပ်မတော်ဘက်က သဘောတူရင် လက်ခံနိုင်တယ်၊ ဒါကြောင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဖို့ အကြံပေးပြီး ဆက်သွယ်စေခဲ့တယ်လို့ သိရပါတယ်။ ၀ အဖွဲ့နဲ့ တပ်မတော် လျှို့ဝှက် ဆက်သွယ် ညှိနှိုင်းချက်အရ တပ်မတော်ဘက်က NCA စာချုပ်နဲ့ ပတ်သက်ပြီး ခေါင်းစဉ်ကို မပြင်ရ၊ အချက်အနည်းငယ်ပဲ ဆိုရင် ပြင်မယ်၊ ဒီ လုပ်ငန်းစဉ်တွေ ညှိနှိုင်းရာမှာ အင်န်အယ်လ်ဒီ အစိုးရ မပါစေပဲ ၀ အဖွဲ့နဲ့ တပ်မတော် နှစ်ဖက်ပဲ ဆွေးနွေးသွားမယ်လို့ အကြောင်း ပြန်တယ်ဆိုပြီး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၂၀၁၇ မတ်လ၂၀ ရက်နေ့မှာ ဝအဖွဲ့ဟာ ပြင်ဆင်ထားတဲ့ NCA စာချုပ် အင်္ဂလိပ်ဘာသာ မူ တပ်မတော်ကို ပေးအပ်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှာ မြန်မာဘာသာ မူကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို တပ်မတော်ဘက်က လက်ခံရရှိကြောင်းနဲ့ စုပေါင်းလေ့လာ သုံးသပ်ဖို့ သဘောထား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

အခန်း၄ မှာတော့ “မြန်မာဘက်မှ ၀ ပြည်၏ အခက်အခဲများစွာ ကြုံတွေ့နေရသော ငြိမ်းချမ်းရေး အခြေအနေကို ထိုးဖေါက်ဖြေလျော့နိုင်ရန် ကြိုးပမ်းမှုကို လူသိရှင်ကြား အရှက်ခွဲ စော်ကားခြင်း” ဆိုပြီး ခေါင်းစဉ် တပ်ထားပါတယ်။ ဒီခေါင်းစဉ် အောက်မှာတော့ ၀ အဖွဲ့က ကြီးမှူးကျင်းပတဲ့ ဧပြီ ၁၉ ရက် ပန်ခမ်း ထိပ်သီးအစည်းအဝေးအပြီး သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အကြောင်း၊ မူလ NCA အတိုင်းပဲ လက်မှတ် ထိုးရမယ် ဆိုတဲ့အကြောင်း ပြောဆိုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ပြီး ဧပြီ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ JICM အစည်းအဝေးမှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက NCA ပါ အချက်တွေကို စာလုံးတစ်လုံးတောင်မှ ပြင်ဆင်ခွင့်မပြုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ တကယ်ဆို တပ်မတော်အနေနဲ့ ၀ အဖွဲ့ အဆိုပြုထားတဲ့ NCA ပြင်ရေး မူကြမ်းကို လက်မခံနိုင်ရင်လည်း သွားရောက် ညှိနှိုင်းတဲ့ ကိုယ်စားလှယ်ကို အသိပေးနိုင်ပါရဲ့နဲ့ ခုလို မီဒီယာတွေကို ဖွင့်ချပြောဆိုလိုက်တာဟာ ၀ ပြည်ကို လူသိရှင်ကြား အရှက်ခွဲလိုက်တာပဲ ဖြစ်တယ် ဆိုပြီး စွပ်စွဲထားပါတယ်။

နိဂုံးချုပ်မှာတော့ ၀ အဖွဲ့အနေနဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်၊ တိုက်ပွဲတွေကိုလည်း အလွယ်တကူ စတင်မယ် မဟုတ်ပါ၊ တကယ်လို့ အစိုးရနဲ့ တပ်မတော်ဘက်ကသာ ၀ အဖွဲ့က တင်ပြထားတဲ့ စာချုပ်ပြင်ဆင်ချက် ညှိနှိုင်းဆွေးနွေးမှုကို လက်မခံခဲ့ရင် သူတို့အနေနဲ့ လုံး၀ မတတ်နိုင်တော့ပါဘူး ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီမှတ်တမ်းကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကတည်းက ပြုစုထားခဲ့တာပါ။ မေလ ၂၄ ရက်နေ့ ၂၁ရာစု ပင်လုံညီလာခံ ဖွင့်ပွဲနေ့မှာလည်း ၀ တပ်ဖွဲ့ နဲ့ မဟာမိတ် အဖွဲ့ ခေါင်းဆောင်တွေ ရှေ့မှောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခုလို ပြောဆိုခဲ့ပါသေးတယ်။ တပ်ချုပ်က “အင်န်စီအေကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ် လမ်းကြောင်း ၊ ဒုတိယ လမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲ လုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်ကို မလိုလားခြင်းသာ ဖြစ်ပါတယ်”ဒါဟာ “ဆွေးနွေးညှိနှိုင်း အဖြေရှာရေး လမ်းစဉ်က သွေဖီပြီး လက်နက်ကိုင် တိုက်ခိုက်ရေး လမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး လမ်းစဉ်ကိုသာ ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်” စသဖြင့် ပြောဆိုခဲ့ပါတယ်။

အားလုံကို ခြုံငုံသုံးသပ်ကြည့်ရင် တရုတ်နိုင်ငံရဲ့ တွန်းတွန်းတိုက်တိုက် ကြားဝင် ညှိနှိုင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် တပ်မတော်နဲ့ ၀ အဖွဲ့ဦးဆောင်တဲ့ တရုတ်နယ်စပ်က မဟာမိတ်အဖွဲ့တွေရဲ့ ဆက်ဆံရေး အလွန် တင်းမာတဲ့ အနေအထား ရောက်နေတာ တွေ့နိုင်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်မှုတွေ သံသယ တွေ များနေတာကိုလည်း တွေ့မြင်ကြရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ရလိုမှုအတွက် ပြင်းပြတဲ့ စိတ်ဓာတ်၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်လိုမှု စတဲ့ အချက်တွေကို အရင်းခံပြီး ဆက်ကြိုးစားရင်တော့ လက်နက်ကိုင် ပဋိပက္ခ ရပ်တန့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး အဆင့်လောက်တော့ ရောက်ရှိနိုင်ပါသေးတယ်။ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အတွက်ကိုတော့ ခက်ခက်ခဲခဲနဲ့ အကြီးအကျယ် ကြိုးစားကြရဦးမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG