သုံးရလွယ်ကူစေသည့် Link များ

အပစ်ရပ်သဘောတူညီမှု လက်မှတ်ထိုးဖို့ UNFC ပိုနီးစပ်


UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံခဲ့ကြစဉ်။ (Peace Center -Facebook)
UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံခဲ့ကြစဉ်။ (Peace Center -Facebook)

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ အောက်တိုဘာ(၈)ရက် ဒီကနေ့ တွေ့ဆုံ ပွဲမှာ NCA အပစ်ရပ်စာချုပ်ကို UNFC ကလက်မှတ် ထိုးနိုင်ခြေရှိတယ်လို့ အစိုးရဘက်က အကောင်းမြင် မျှော်လင့်နေပေမယ့်၊ UNFC ကတော့ စိန်ခေါ်မှုတွေ ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။ UNFC ရဲ့တောင်းဆိုချက်တချို့ကို တပ်မတော်နဲ့ အစိုးရက လိုက်လျောမယ့် အခြေအနေ ပေါ်မှာ မူတည်ပြီး ရလဒ်ကောင်းတွေ ဖြစ်လာနိုင်တယ်လို့လည်းပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

UNFC အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့ NRPC ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ UNFC အဖွဲ့က အဆိုပြု တောင်းဆိုထားတဲ့အချက် ၈ ချက်ကို အစိုးရကိုယ်စားလှယ်တွေနဲ့ ၁၅ လကြာအောင် ဆွေးနွေးလာခဲ့ကြတာပါ။ နောက်ဆုံး ၇ ကြိမ် မြောက် ဆွေးနွေးပွဲမှာ အချက်အားလုံးနီးပါးကို အခြေခံသဘောတူမှုတွေ ရထားတာကြောင့် ဒီကနေ့ ဆွေးနွေးပွဲပြီးရင် UNFC က NCA အပစ် ရပ်စာချုပ်မှာ လက်မှတ်ထိုးလာနိုင်တယ်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က မျှော်လင့်ကြောင်း ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်စိုးက ပြောပါတယ်။

“ ကျနော်တို့ UNFC နဲ့ သူတို့ တင်ပြထားတဲ့ ၈ ချက်ကို ဆွေးနွေးခဲ့တာ ၁၅ လ ရှိပြီပေါ့။ အဲဒီ ၇ ကြိမ်မြောက်ကတည်းက ကျနော်တို့ ပြတ်အောင်လို့ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပြီးလို့ အဲဒီမှာ သဘောထား ရရှိခဲ့ပြီးလို့ သူတို့ကလည်း နှစ်ဘက် ခေါင်းဆောင်ကို တပ်ဘက်ကလည်း သူတို့ တင်ပြမယ်၊ ဟိုဘက်ကလည်း တင်ပြမယ်။ တင်ပြပြီးရင် အခု နောက်ဆုံး အနေနဲ့ တွေ့ကြမယ်ပေါ့ဗျာ။ သဘောတူညီချက်ကို ကျနော်တို့ အကြမ်းဖျဉ်း ရထားပြီးပြီလေ။ အဲဒါကို ကျနော်တို့ NCA လက်မှတ်ထိုးမယ့် အချက်လောက်ထိ ရအောင် ကျနော်တို့ ဒါ နောက်ဆုံး အပြီးသတ် ဆွေးနွေးမယ်လို့ ကျနော်တို့ သဘောတူခဲ့ကြတာပါ။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေး အတွက်ကို NCA စာချုပ်အရဘဲ သွားကြမယ်ဆိုတာ သူတို့ အရင် အစိုးရလက်ထက် ကတည်းက သဘောတူထားပြီးသား ဖြစ်တယ်။ ဒီလမ်းကြောင်းကို သူတို့လည်း လက်ခံထားတယ်။ တပ်မတော် လည်း လက်ခံထားတဲ့ဟာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ NLD အစိုးရ အနေနဲ့လည်း သူတို့ သဘောတူညီထားခဲ့တဲ့ လမ်းကြောင်း အတိုင်းကို ကျနော်တို့တွေက ဆက်လေ ျှာက်တာဘဲ။ ”

ပြီးခဲ့တဲ့ နောက်ဆုံးအချိန်အထိ ညှိနှိုင်းလို့ မရသေးတဲ့အချက်ထဲမှာ JMC (Joint Monitoring Committee) ခေါ် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ထဲ နိုင်ငံတကာကပုဂ္ဂိုလ်တွေ ပါဝင်စေချင်တဲ့ကိစ္စကို တပ်မတော်နဲ့အစိုးရဘက်က ခုချိန်ထိ လက်မခံသေးတာကြောင့် ဒီတွေ့ဆုံပွဲမှာ စိန်ခေါ်မှုတွေ ဆက်ရှိနေဆဲပဲလို့ UNFC ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“ အဲဒါ တွေ့တဲ့ ကိုယ်စားလှယ်တွေပေါ့နော် ပြေလည်တယ်ဆိုရင်လည်း ဒါ ဖြစ်မှာပေါ့လေ။ ဟိုဥစ္စာပေါ့ ကျေနပ်တဲ့ အဆင့်တော့ အားလုံးတော့ မရောက်သေးဘူးဗျ။ ”

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ ဆရာ နောက်ဆုံးအဆင့် မပြေမလည် ဖြစ်တဲ့ အချက်က ဘယ်အချက်တွေ ရှိခဲ့ပါလဲ။

နိုင်ဟံသာ။ ။ JMC ကိစ္စမှာ။ JMC ကိစ္စမှာ အဓိပ္ဗါယ်ဖော်ဆောင်မှုရော နောက် JMC ကို ပြောထားတာကတော့ နိုင်ငံခြားက ကိုယ်စားလှယ်တွေပေါ့နော် လေ့လာသူ ဒါမှမဟုတ်လည်း အကြံပေးတာ အဲဒီပုံစံမျိုး တနည်းနည်းနဲ့ ပါဝင်ဖို့ကို တို့က လိုလားတယ်။ အဲဒီကိစ္စတွေကိုဘဲ ဖြည့်စွက်နေတာလေ။ အဲဒီ ကိစ္စတွေ ပြေလည်မယ်ဆိုရင်တော့ ဒါ အလားအလာ ကောင်းမှာပါ။ သူတို့က ဘာအကြောင်းပြလဲ ဆိုတော့ ဒါ တို့ ပြည်တွင်းရေးမှာ နိုင်ငံတကာကတော့ မပါဝင်စေချင်တဲ့ သဘောပေါ့ဗျာ။ တို့ဘက်တော့ ဒါ နိုင်ငံတကာက အသိသက်သေ ပါလာနိုင်ရင်တော့ ပိုပြီးတော့ ခိုင်မာတာပေါ့လေ။ တို့ကတော့ အဲဒီလို မေ ျှာ်လင့်ပါတယ်။

ဒါ့ပြင် တပ်မတော်နဲ့ ပတ်သက်လို့ သူတို့ဘက်က စိုးရိမ်ချက်ရှိကြောင်း UNFC ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“ ကျနော်တို့ကတော့ အကြိမ်ကြိမ် တွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ အရပေါ့နော် ဟို တပ်မတော် ဘက်က အနေနဲ့ပေါ့လေ သူတို့ အကြိုက်ကိုဘဲ သူတို့ ဆွဲနေတယ်။ တဖက်က ပြောမယ်ဆိုရင် တို့ဘက်က အားနည်းတဲ့ လူပေါ့ဗျာ။ အစိုးရဘက်က အားသာတာကိုး။ အားနည်းတဲ့ လူ အနေနဲ့က အသိသက်သေ တခုခု ခိုင်မာဖို့ပေါ့လေ အထူးလိုအပ်တယ်ဗျ။ မဟုတ်ရင် နောက်ဆုံးမှာ အားသာတဲ့သူက ပြောတုန်းကတော့ တမျိုးပေါ့ဗျာ။ တကယ်လုပ်တော့ နောက်ထပ် မကြိုက်ရင် တမျိုးပြန်ပြင်တဲ့ ပုံစံမျိုးတွေက လုပ်တတ်တဲ့ သဘော ရှိတယ်လေ။ ”

အစိုးရနဲ့ UNFC ကြားဆွေးနွေးနေတဲ့ အချက် ၈ ချက်ထဲက ၇ ကြိမ်မြောက်အထိ ဆွေးနွေးမှုအတွင်း အချက် ၁ ကနေ ၄အထိ နှစ်ဘက် သဘောတူ နိုင်ခဲ့ပေမယ့် ကျန်တဲ့အချက် ၅ ကနေ ၈ အထိမှာ နောက်ဆက်တွဲ ဆွေးနွေးစရာတွေ ရှိနေဆဲပဲလို့ UNFC ဘက်ကပြောပါတယ်။

UNFC ရဲ့အဆိုပြုချက် ၅ မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါဝင်ပြီး တပ်ပိုင်းဆိုင်ရာမှာ တပ်နေရာ ချထားရေး၊ ဝေါဟာရ ဖွင့်ဆိုမှုတွေ ပါဝင်တာပါ။ ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ ပါတယ်။ UNFC ကောင်စီထဲမှာ မွန်ပြည်သစ်ပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG