တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား ခိုင်မာတဲ့ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့နဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြေလည်နိုင်ဖို့ဆိုရင် တပ်မတော်ဘက်က တိုင်းရင်းဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးပါလို့ UNFC ခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။ အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိူးများဖက်ဒရယ်ကောင်စီအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ် NCA လမ်းကြောင်းကနေ သွားနိုင်အောင် အစိုးရနဲ့ အတတ်နိုင်ဆုံး ညိ`ှနှိုင်းနေပါတယ်လို့ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းချိန် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိူးများဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ကပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံတွင်း ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာနေတဲ့ ပြည်တွင်းစစ်မီးတွေငြိမ်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုမှာ ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အဓိကကျတဲ့အကြောင်းUNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက အခုလိုစဖြေပါတယ်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ။ ။ ကျနော်တို့ကတော့ ဒီ NCA လမ်းကြောင်းကနေတော့ သွားနိုင်ဖို့ အတတ်နိုင်ဆုံး ဆက်လက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ ကျနော့် သုံးသပ်ချက်ကတော့ အစိုးရအနေနဲ့
ဒီငြိမ်းချမ်းရေးကို အမြန်လိုချင်ရင် တဘက်နဲ့ တဘက် ယုံကြည်မှုတွေရှိလာအောင် နောက်ပြီးတော့မှ ဆွေးနွေးတဲ့အခါကျရင်လည်း ပိုပြီးတော့ ပြေလည်အောင် ဒီထိုးစစ် လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အစိုးရဘက်က ပြောသင့်တယ်။ ဒါပေမယ့် အကဲခတ်ကြည့်ရတာလေ အစိုးရဘက်က တပ်မတော်ကို ပြောပိုင်ခွင့် မရှိဘူး။ အာဏာမရှိသလိုဖြစ်နေတယ်…အစိုးရက ဘာမှမပြောဘူးဆိုတော့ အဲဒီအပေါ်မှာ လူထုတွေလည်း မကျေနပ်ဘူးဖြစ်နေတယ်။
မဆုမွန်။ ။ အဲ့ဒီ့တော့ အခုစကားပြောနေတဲ့ကိစ္စတွေ၊ ခိုင်မာအောင် ယုံကြည်မှုတည်ဆောက်မယ့်ဆိုတဲ့ကိစ္စတွေကရော ပြေလည်နိုင်စရာ အကြောင်းရှိပါ့မလား။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ။ ။ အင်းလေ ဒါကတော့ အဖြေကတော့ ရှာရမယ်။ ရှာရမယ်ဆိုတာကတော့ စေတနာသန့်သန့်ပေါ့လေ တဘတ်နဲ့တဘက်က တဘက်နဲ့တဘက်ကလည်း စေတနာသန့်ဖို့လိုတယ်။ ဆွေးနွေးမှုတွေ လှုပ်ရှားမှုတွေမှာလည်း စေတနာသန့်ဖို့လိုတယ်။ စေတနာကိုလည်း ပြဖို့လိုတယ်လေ အဲဒါကို အစိုးရဘက်က သတ္တိရှိရှိနဲ့ ပိုမိုနားလည်မှုရှိအောင် တဖက်က ထိုးစစ်တွေကိုရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးမှုတွေကို မြှင့်တင်ဖို့လုပ်သင့်တယ်လို့ မြင်တယ်။
မဆုမွန်။ ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၁ရာစုပင်လုံညီလာခံခေါ်တယ် အခုလည်း ဒီကော်မရှင်တွေကလည်း ထိုင်းတို့၊ တရုတ်တို့ဘက်မှာ သွားရောက်တွေ့ဆုံပြီး စကားပြောတယ်။ ဒီစကားပြောမှုတွေက ထိရောက်မှုရှိပါ့မလား ၊ နောက်ပြီး ၁၀ စုနှစ်နဲ့ ချီပြီးလုပ်နေတယ်။ အခုဆိုရင် Democracy Transition ဆိုပြီး ညီလာခံတွေလုပ်နေကြတယ်။ လူထုကသိချင်တာတော့ အခုဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုအကောင်းဆုံး ပြေလည်အောင်ဖြေရှင်းမလဲဆိုတာပါ။ ဆရာ့အနေနဲ့ ဘယ်လိုအကြံပြုသုံးသပ်ချင်ပါသလဲ။ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုရင် နှစ်ပေါင်း ၁၀ စုနှစ်နဲ့ ချီပြီးကြာခဲ့တဲ့ ပြဿနာတွေက ပြေလည် နိုင်မယ်လို့ ဆရာ ပြောနိုင်ပါသလဲရှင့်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ။ ။ အဓိကကတော့ အစိုးရနဲ့ တပ်မတော်ဘက်မှာ အဓိက ကျပါတယ်။ သူတို့ဘက်က စေတနာမှန်မှန်နဲ့ သတ္တိရှိရှိနဲ့ ဒီ အဓိက ငြိမ်းချမ်းရေးကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်မယ်ဆိုရင် ဒီကိံစ္စက အကောင်အထည်ပေါ်မယ်၊အောင်မြင်လိမ့်မယ်လို့တော့ ယုံကြည်တယ်။ ဒါပေမဲ့ တကယ်လို့ စေတနာမသန့်ပဲပေါ့လေ သူတို့လုပ်နေမယ်ဆိုရင် ဘယ်တော့မှ ပြီးနိုင်မယ် မဟုတ်ဘူး။
မဆုမွန်။ ။ ဟုတ်ကဲ့ နောက်တခုက တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တဘက်မှာ စကားပြောနေရင်းနဲ့ကို တဘက်မှာလည်း အခုဆို နမ္မတီးဘက်မှာဆို တော်တော်လေးကို အခြေအနေဆိုးနေတဲ့ အနေအထားရှိတယ်။ အဲ့တော့ ဒေသခံတွေအတွက် သူတို့ဘေးအန္တရာယ်လုံခြုံရေး သူတို့စစ်ဘေးဒဏ်ထိတဲ့သူတွေက အခုချိန်ထိ ပြေးလာနေကြတုန်းပဲလို့သိရပါတယ်။ အဲ့တော့ အဲ့လိုအနေအထားအပေါ် ဆရာ ဘယ်လိုများပြောချင်တာလဲရှိပါလဲ။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ။ ။ အေး အေး.. ပြောဖို့လည်း ခက်တယ်နော်။ တဘက်နဲ့တဘက် အမြင်မတူဘူး အန်ကယ်လ်တို့မြင်တာကတော့ ယုံကြည်မှုပိုရှိလာအောင် ထိုးစစ်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ပြီးတော့မှ ဆွေးနွေးအဖြေရှာတဲ့နည်းကို သုံးရင်အကောင်းဆုံးပဲလို့ အန်ကယ်လ်ကတော့ အဲ့လိုမြင်တယ်။ ဒါပေမယ့် တဖက်က အဲဒီလို မမြင်တဲ့အပိုင်းလည်း ရှိမှာပေါ့လေ။ မမြင်တဲ့အပိုင်းတွေက ထိုးစစ်နဲ့ အကျပ်ကိုင်ပြီးတော့မှ ဒါက တွေ့ဆုံဆွေးနွေးရေး နော် အပစ်ရပ်ရေး အမြန်ဖြစ်မယ်လို့ ရည်ရွယ်ချက်ရှိရင်လည်း ရှိမှာပေါ့လေ။
မဆုမွန်။ ။ အဲ့တော့ အစိုးရဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်မယ်ပြောတယ်။ တပ်မတော်ဘက်ကျတော့ ပြောနေရင်းနဲ့မှ တိုင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးချဲ့တာ၊ အခုဆိုတိုက်ပွဲတွေ ထပ်လုပ်လာတဲ့ အနေအထားရှိတယ် ဆိုတော့ အဲဒီအပေါ်မှာရောအစိုးရဘက်က တပ်မတော်နဲ့ပတ်သက်ပြိးတော့ ဘယ်လိုများ လုပ်နိုင်မယ်လို့ထင်လဲ ဒီလိုခိုင်မာတဲ့ယုံကြည်မှုရအောင် လုပ်နိုင်ဖို့ ဘယ်လိုများလုပ်မယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမယ်ထင်ပါသလဲ။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ။ ။ ကျနော့်သုံးသပ်ချက်ကတော့ အစိုးရအနေနဲ့ ဒီငြိမ်းချမ်းရေးကို အမြန်လိုချင်ရင် တဘက်နဲ့ တဘက် ယုံကြည်မှုတွေ ပိုရှိလာအောင် နောက်ပြီးတော့မှ ဆွေးနွေးတဲ့အခါကျရင် ပိုပြီးတော့ ပြေလည်အောင် အဲဒီထိုးစစ်လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အစိုးရဘက်က ပြောဖို့သင့်တယ်။ ဒါပေမယ့် အကဲခတ်ကြည့်ရတာလေ အစိုးရဘက်က တပ်မတော်ပေါ်မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး၊ အာဏာမရှိသလိုဖြစ်နေတယ်။ အစိုးရဘက်ကလည်း ဘာမှမပြောဘူး အဲဒီအပေါ်မှာ လူထုတွေလည်း မကျေနပ်ဘူး ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ NCA လမ်းကြောင်းကနေ သွားနိုင်အောင် ဆက်လက်ပြီးတော့ အတတ်နိုင်ဆုံး ညှိနှိုင်း နေပါတယ်။
ဒါကတော့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ကိုဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။