သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းအကြံပေးအဖွဲ့နဲ့ UNFC ကြား ကတိပြုရေး လက်မှတ်ထိုးဖို့ကိစ္စ သဘောထားကွဲပြား


UNFC
UNFC

မြန်မာအစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ် သဘောတွေ့ဆုံဆွေးနွေး ခဲ့ကြတာပါ။ ဒီဆွေးနွေးမှုမှာ UNFCဘက်က တင်ပြချက် အပေါ် ကော်မရှင် အကြံပေးအဖွဲ့နဲ့နီးစပ်မှုတွေရှိနေပေမဲ့ နှစ်ဖက်အပြန်အလှန် ကတိကဝတ်ပြုတဲ့(Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ အမြင်ကွဲလွဲမှုတွေရှိနေသေးတယ်လို့ UNFCခေါင်းဆောင်တွေကပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မနေ့က ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ (DPN)တို့ နှစ်ဖက်တွေ့ဆုံမှုနဲ့ပက်သက်လို့ (UNFC)ရဲ့ပြောခွင့်ရ နိုင်အောင်မငေးက အခုလိုပြောပါတယ်။

"မနေ့က PCအကြံပေးအဖွဲ့နဲ့အလွတ်သဘောဆွေးနွေးတာ အရင်က ကျနော်တို့ပြတ်သွားတဲ့ အဆိုပြုချက်(၉)ချက် အပေါ်မှာ ပြန်လည်ညှိနှိုင်းတယ်။ DPN ခံယူထားတဲ့ ပရောဆက်နဲ့ အစိုးရခံယူထားတဲ့ပရောဆက်တူညီရအောင်ညှိကြတာ ပေါ့နော်။ အမြင်တော့နီးစပ်မှုရှိပါတယ်။ ကျနော်တို့တင်ထားတဲ့သဘောတရားရယ် သူတို့တင်တဲ့သဘောထားရယ် နီးစပ်မှုရှိပါတယ်။ ဒါပေမဲ့ စကားလုံးအသုံးအနှုံးတွေ ရပ်တည်ချက်တွေကနဲနဲကွဲလွဲမှုရှိနေသေးတယ်။ တရားဝင်တွေ့ဆုံ ပွဲမှာဘဲ အတည်ပြုပြောနိုင်မယ်။"

ဒီတွေ့ဆုံမှုမှာနှစ်ဖက်အပြန်အလှန် ကတိကဝတ်ပြုတဲ့(Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ ရပ်မှာနှစ်ဘက်နားလည်မှု ကွဲလွဲနေတယ်လို့ နိုင်အောင်မငေးက ဆက်ပြောပါတယ်။

"UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)တက်ဖို့ကို လောလောလတ်လတ် DOCထိုးပြီးတက်လိုက်ဖို့ အစိုးရကနေ ခံယူတယ်။ ကျွန်တော်တို့ DOC ခံယူချက်က UPCတက်ဖို့ မဟုတ်ဘဲနဲ့ NCA မထိုးသေးခင် ကြားကာလအစီစဉ်တခုမှာ ဆက်လက်ဆွေးနွေးလို့ရအောင် နိုင်ငံရေးလမ်းဖွင့်ဖို့ အခွင့်အလမ်းရှိအောင် ဒီလိုရည်ရွယ်ချက်နဲ့ DOCကို ထိုးချင်တာဖြစ်တယ်လေ။"

UNFCအဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံမှာ တက်ရောက်ဖို့ အတွက် အစိုးရကနေကမ်းလှမ်းလာတဲ့ NCAလက်မှတ်ထိုးပါ့မယ် ဆိုတဲ့နှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုလက်မှတ်မရေးထိုးခဲ့သလို ညီလာ ခံကိုလဲ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။

UNFCနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆဋ္ဌမအကြိမ်မြောက် တရားဝင် တွေ့ဆုံမှုကို ရန်ကုန်မြို့မှာပြုလုပ်သွားဖို့ ကို UNFCဘက်က သြဂုတ်လ(၅)ရက်နေ့အလွန် မှာတွေ့ဖို့အဆိုပြုထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFCအဖွဲ့အတွင်းမှာ NMSPမွန်ပြည်သစ်ပါတီ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ SSPPရှမ်းပြည်တိုးတက်ရေးပါတီ ANCရခိုင်အမျိုးသားကောင်စီနဲ့ LDU လားဟူဒီမို ကရက်တစ် အစည်းအရုံးစတဲ့(၅)ဖွဲ့သာ ကျန်ရှိနေပါတယ်။

UNFCအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်ဦး TNLA ၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့တွေအနေနဲ့ UWSP ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကနေ ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မှာပူးပေါင်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့တွေအနေနဲ့ NCAလမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်တခုကို ဖော်ဆောင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့တွေအနေနဲ့ငြိမ်းချမ်းရေး လမ်းကြောင်းသစ် ကို ဖော်ဆောင်မယ်ဆိုပေမဲ့ NCAလက်မှတ်ထိုးရေးနဲ့ပက်သက်ပြီး အစိုးရအဖွဲ့အတွင်းခွဲခြားမှုတွေရှိနေပါတယ်။

အထူးသဖြင့် UWSP ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့အနေနဲ့ NCA လက်မှတ်ထိုးစရာမလိုတဲ့ အနေအထားမှာရှိနေတယ်လို့ သတင်းတွေပေါ်ထွက်နေ ပါတယ်။

ဒီအခြေအနေကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးအောင်စိုးက အခုလိုပြောပါတယ်။

ဟုတ်ကဲ့။ ဒီအခြေအနေကို ကျွန်တော်တို့ခေါင်းဆောင်ပိုင်းက ဆွေးနွေးစဉ်းစားမယ် ထင်ပါတယ်။ ကျွန်တော်တို့ကရှင်း ရှင်းပြောရင် ဝနဲ့မိုင်းလားက သိပ်ပြဿနာမရှိပါဘူး။ ဒါပေမဲ့လူကြီးပိုင်းတွေညှိနှိုင်းပါလိမ့်မယ်ခင်ဗျား။

ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို တဖွဲ့ခြင်းတွေ့ဆုံနိုင်ဖို့ကြိုးပမ်းနေတယ်လို့ ဦးအောင်စိုး က ပြောပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့အနေနဲ့ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခမဖြစ်ခဲ့ဘူးတဲ့ အခြေအနေ ကြောင့် သူတို့နှစ်ဖွဲ့အတွက် အစိုးရအနေနဲ့ သီးသန့်စဉ်းစားချက်တွေရှိနေတယ်လို့ ဦးအောင်စိုးကနေ မီဒီယာတွေကို ပြောဆိုမှုတွေလဲရှိနေပါတယ်။

ဒီအခြေအနေနဲ့ပက်သက်လို့ (UNFC)ရဲ့ပြောခွင့်ရ နိုင်အောင်မငေးက အခုလို အမြင်သဘောထားပေးပါတယ်။

"PCအဖွဲ့ဝင်ဦးအောင်စိုးပြောတဲ့အပေါ်က ကျနော်တို့ပြန်နားထောင်ကြည့်တော့ ဒီသတင်းအချက်လက်က ဘယ်လောက်မှန်၏ ဘယ်လောက်မမှန်၏။ အကယ်၍မှန်က သူတို့အချင်းချင်းမှာစိတ်ဝမ်းကွဲစရာတွေ တော့ရှိတာပေါ့။ ဒါပေမဲ့ မနေ့က ဦးလှမောင်ရွှေကိုမေးကြည့်တော့ ဒီကိစ္စက NCAသဘောထားမဟုတ်ဘူးလို့ ပြောတယ်ဆိုတော့ ကျနော်တို့တော်တော်လေးဝေခွဲရခက်နေတယ်။"

မနေ့က(UNFC)ရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ တွေ့ဆုံ မှုမှာ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးကျော်လင်းဦးတို့ ၃ ဦးနှင့် DPN ဘက်က နိုင်အောင်မငေး၊ ဦးထွန်းဇော်၊ နာဗစ်ဘွန်၊ ဦးဆန်အောင်၊ ဗိုလ်မှူးကြီး ဟတ်ထန်၊ ဗိုလ်မှူး ဘုန်းနိုင်တို့ ၆ ဦး တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေဆဲအခြေအနေမှာဘဲ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ KIOကချင် လွတ်လပ်ရေးအဖွဲ့ TNLAတအာင်းပလောင်အဖွဲ့တို့နဲ့ စစ်ရေးတင်းမာနေဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG