သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင်၊ ကိုးကန့်နဲ့ ဝ လက်နက်ကိုင်အဖွဲ့တွေ၊ UNFC ညီလာခံ မတက်ရောက်


ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံကို အဖွဲ့ဝင် ၉ဖွဲ့အနက်က ၆ဖွဲ့ပါဝင်တက်ရောက်ပြီး နုတ်ထွက်စာတင်ထားတဲ့အဖွဲ့ ၄ဖွဲ့အနက်က ၃ဖွဲ့မတက်ရောက်ခဲ့ပါဘူး။ ဒီအဖွဲ့ ၃ဖွဲ့ဟာ UNFC မှာ ဆက်လက်ပါဝင်မယ့် အခြေအနေမရှိတော့ကြောင်းသုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ကျင်းပပြီး ညီလာခံကို ပါဝင် မတက်ရောက်ခဲ့တဲ့ အဖွဲ့တွေကတော့ PSLF/TNLA ခေါ် ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ WNO ခေါ် ဝတပ်ဖွဲ့တို့ ဖြစ်ပါတယ်။

ပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အစိုးရက ချန်လှပ်ထားပြီးတဲ့နောက် UNFC အဖွဲ့က နုတ်ထွက်ခဲ့တာဖြစ်သလို KIO ကချင်တပ်ဖွဲ့နဲ့ WNO ဝတပ်ဖွဲကတော့ ပြီးခဲ့တဲ့လပိုင်းတွေက နုတ်ထွက်စာတင်ခဲ့တဲ့အဖွဲ့တွေဖြစ်ပါတယ်။

ဒီညီလာခံမှာ နုတ်ထွက်စာတင်ထားတဲ့အဖွဲ့တွေအရေးကို ဆုံးဖြတ်ဖို့ရှိနေပြီး အဖွဲ့ ၃ဖွဲ့ကတော့ UNFC မှာ ဆက်လက်ပါဝင်မယ့် အခြေအနေမရှိတော့ကြောင်း UNFC ရဲ့ ဒုဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“TNLA နဲ့ ကိုးကန့်အဖွဲ့ကတော့ သူတို့ နုတ်ထွက်ဖို့ စာတင်ထားတာကတော့ ကြာပြီ ဒါပေမယ့် ဒီပွဲမှာတော့ အဆုံးအဖြတ်ပေးရမယ်လေ။ သူတို့ကတော့ ပါဝင်နိုင်ဖို့ အလားအလာကတော့ နည်းတယ်။ သူတို့ရပ်တည်မှုအနေအထားကြောင့် သူတို့လှုပ်ရှားမှုအနေအထားကြောင့်ပေါ့ခင်ဗျ အဲလိုပါ။ WNOကတော့ သူတို့အဖွဲ့အစည်းကို သူတို့ ဖျက်သိမ်းပြီးတော့မှ ဝအဖွဲ့ကြီးနဲ့ သွားပေါင်းမယ်လေ အဲလိုအနေအထားဆိုတော့ သူတို့ကတော့ နုတ်ထွက်ဖို့ကို သေချာသလောက်ရှိသွားပြီ။ KIO ကတော့ မသေချာသေးဘူး ဒီဝိုင်းထဲမှာ ဆွေးနွေးရမယ်။”

လက်ရှိအခြေအနေမှာ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့အတွက် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီမှာ PSLF/ TNLA ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ KIOကချင်တပ်ဖွဲ့နဲ့ SSPP/SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့တွေ ပါဝင်နေတာဖြစ်ပါတယ်။

ကချင်တပ်ဖွဲ့နဲ့ ရှမ်းတပ်ဖွဲ့အရေးကိုလည်း ဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်း နိုင်ဟံသာက ဆက်လက် ပြောဆိုပါတယ်။

“ဟိုမှာလည်း နိုင်ငံရေးအရပါမယ်၊ ဒီဘက်မှာလည်း နိုင်ငံရေးအရပါမယ်ဆိုရင်တော့ သူတို့ ၂ ဖက်စလုံးကိုတော့ ဘယ်လိုရပ်တည်သွားရင်ကောင်းမလဲပေါ့ခင်ဗျ။ တကယ်လို့ တဖက်မှာ စစ်ရေးအရပဲ မဟာမိတ်လုပ်မယ်၊ ကျန်တဖက်မှာ နိုင်ငံရေးအရဆိုရင်တော့ ဒါတမျိုးပေါ့လေ ဒါကတော့ သူတို့ကိုတော့ ကျနော်တို့ ဒီဝိုင်းထဲမှာပဲ အတိအကျမေးပြီးတော့မှ နည်းလမ်းရှာရမှာ။ သူတို့ပြောတဲ့ပုံအရတော့ လက်တွေ့အရတော့ သူတို့ဟိုဘက်မှာ ပိုပြီးတော့ လက်တွဲရမယ်၊ ဒါပေမယ့် ဒီဘက်ကိုလည်း အဆက်မဖြတ်ဘူးပေါ့ဗျာ ဒါမျိုး ၊ အရင်ကလည်း လက်တွဲလာတဲ့အဖွဲ့တွေဆိုတော့ သူတို့ဒါမျိုး အဆက်မဖြတ်ဘူးဆိုတဲ့ သဘောမျိုးတော့ရှိတယ်။”

KIO ကချင်တပ်ဖွဲ့က ဗိုလ်ချုပ်ကြီးအင်ဘန်လက UNFC ရဲ့ လက်ရှိ ဥက္ကဌ တာဝန်ယူထားသလို ဒီနေ့ကျင်းပတဲ့ ညီလာခံရဲ့ သဘာပတိအဖြစ်လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လက ညီလာခံအဖွင့်မိန့်ခွန်းမှာ KIOအနေနဲ့နုတ်ထွက်စာ တင်ရတဲ့အခြေအနေကို အခုလို ထည့်သွင်း ပြောကြားပါတယ်။

“ဒေသန္တရအခြေအနေရော၊ အစိုးရအခြေအနေရော၊ အစိုးရတပ်မတော်တို့ရဲ့ ဖိအား ခွဲခြားအုပ်ချုပ်မှု အောက်မှာ ကျနော်တို့ မဖြစ်မနေ မြောက်ပိုင်းအဖွဲ့ဝင်တွေဟာ တစုတစည်းထဲဖြစ်ဖို့ အခြေအနေ ရောက်လာပါတယ်။ဒါကြောင့်မို့လို့ UNFC ကနေ နုတ်ထွက်ရကြောင်းဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးအတွက် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ရတာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

“KIO ရဲ့ policy ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးပဲဖြစ်ပါတယ်။ ဒီတော့မြောက်ပိုင်းအဖွဲ့ဝင်တွေအားလုံးမပါဝင်ပဲနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ KIOအနေနဲ့ အားလုံးပါဝင်ရေးမှုအရ မြောက်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းရခြင်းဖြစ်ပါတယ်။”

UNFC အဖွဲ့ဟာ ၂၀၁၁ခုနှစ်က အဖွဲ့ဝင် ၁၂ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တနိုင်ငံလုံးပစ်ခိုက် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းဖြစ်ပေါ်ရေးအတွက် အဓိက ဆောင်ရွက်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ NCA စာချုပ်ချုပ်ဆိုရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးမပါဝင်တဲ့ နောက်မှာ အဖွဲ့ဝင်အင်အားတွေ လျော့ကျလာခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ UNFC ဒုတိယညီလာခံရဲ့ ပထမပိုင်းကို ဒီလ ၂၀ရက်နေ့ကနေ ၂၆ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ညီလာခံ ဒုတိယပိုင်းကိုတော့UNFC အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ၂၇ရက်နေ့ကနေ ၂၉ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG