သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးညီလာခံရလဒ်အပေါ် SNLD ဝေဖန်


ငြိမ်းချမ်းရေးညီလာခံအတွင်း သဘောတူညီချက်များရေးထိုး (myanmar state counsellor office)

မေလ(၂၄)ရက်နေ့ကနေ(၂၉)ရက်နေ့အထိ ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစု ပင်လုံညီလာခံရလာဒ်နဲ့ပက်သက်ပြီး SNLDခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီကနေ့ ရန်ကုန်မြို့ မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ညီလာခံကနေ ချမှတ်တဲ့ အချက်ပေါင်း(၃၇)ချက်ပါဝင်တဲ့ပြည်ထောင်စု သဘောတူညီချက်တွေဟာ တိုင်းရင်းသားတွေရဲ့ဘုံသဘောတူညီချက်မပါရှိသလို နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက် ရဆိုတဲ့ အချက်ကို မထည့်သွင်းသင့်ဘူးလို့လဲ SNLD ခေါင်းဆောင်တွေက ပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

၂၁ရာစုပင်လုံညီလာခံကနေ အချက် ပေါင်း၃၇ချက် ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကိုသ ဘောတူ လက်မှတ်ရေးထိုးတဲ့ ကိစ္စနဲ့ပက်သက်ပြီး သတင်းရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ SNLDပြောခွင့်ရစိုင်းလိတ်က ပြောပါတယ်။

အချက်ပေါင်း၃၇ချက်ပါဝင်တဲ့ ပြည်ထောင်စုသဘောတူချက်တွေဟာ တိုင်းရင်းသားတွေ ရဲ့ဘုံသဘောတူညီမှုမကျသေး ဘဲ လက်မှတ်ရေးထိုးတဲ့ဖြစ်စဉ်ဟာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအတွက် အယုံကြည်နည်းလာစေနိုင်တယ်လို့ SNLD ပြောခွင့်ရစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရေးပါတီအစုအဖွဲ့မှာဆိုရင် ဘာတခုမှသူတို့ သဘောတူညီချက်မရပါဘူး။ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်ငြင်းခုံရင်းနဲ့ အချိန်ကုန်သွားတာပဲ အဖက်တင်တယ်။ အားလုံးက သဘောထားကျတဲ့ ဘုံသဘောတူညီချက်တခု မှမရသေးပဲနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ထဲက ၁ ယောက်၊ ၂ ယောက်ကို ကိုယ်စားပြုပြီး လက်မှတ်ထိုးခိုင်းလိုက်တဲ့အနေအထားမျိုးဟာ မူဘောင်ကိုကျော်ပြီး လုပ်နေသလား ဆိုတာကို မေးစရာရှိတယ်ပေါ့နော်။ အဲဒီလိုပုံမျိုးနဲ့ ဆက်သွားမယ်ဆိုရင် နောက်နောင်မှာ NCA သွားနေတဲ့လမ်းကျောင်းဟာ ပိုပြီးတော့မှ တန်ဖိုးနည်းလာမယ်၊ အယုံအကြည်တွေ နည်းလာမယ်ဆိုရင် ငြိမ်းချမ်းရေး လမ်းကြောင်းကို ထိခိုက်မယ်လို့ မြင်ပါတယ်ခင်ဗျ။”

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံရေး ကဏ္ဍအစုအဖွဲ့အလိုက် ဆွေးနွေးတဲ့ အချက်တွေထဲမှာ ထည့် သွင်းထားတဲ့ နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရဆိုတဲ့ အချက်ကို မထည့်သွင်းသင့်ဘူးလို့ စိုင်းလိတ်ကပြောပါတယ်။

“ပြည်ထောင်စုကြီးထဲကနေပြီးတော့ ဘယ်သောအခါမှ ခွဲမထွက်ရ ဆိုတဲ့ စကားလုံးကို အခြေခံမူမှာထည့်လိုက်ခြင်းအားဖြင့် (၁) ၁၉၄၇ ပင်လုံကတိက၀တ်ကို ချိုးဖောက်တာပေါ်လွင်ရာရောက်တယ်။ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်သွားနေတဲ့ကာလမှာ NCA လမ်းကြောင်းထဲကို ၀င်ရောက်မလာသေးတဲ့တိုင်းရင်းသားတွေလည်း ကျန်သေးတယ်။ သူတို့ ဒီအထဲကို ပါဝင်လာဖို့အတွက်ကို အဟန့်အတား ဖြစ်စေမယ်။ ခွဲမထွက်ချင်လို့ ပေါင်းစည်းချင်လို့ကို လာပေါင်းတဲ့သူကို ဘယ်တော့မှ ခွဲမထွက်ပါနဲ့ လို့ပြောလိုက်တာဖြင့် ခွဲထွက်ချင်အောင် သတိပေးလိုက်တာနဲ့တူနေမလားဆိုပြီး အဲဒီစိုးရိမ်ချက်ကြောင့် ဒါကိုမထည့်သွင်းသင့်ပါဘူးဆိုပြီး ပြောတာပါ။”

၂၁ရာစုပင်လုံညီလာခံအတွင်းမှာ တပ်မတော် လွှတ်တော် အစိုးရ နိုင်ငံရေးပါတီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လူထုအခြေပြုအဖွဲ့ကိုယ်စားပြုကိုယ်စားလှယ်တွေပါဝင်နေတယ်ဆိုပေမဲ့ ကိုယ်စားပြုမှုမှာအားနည်းနေတယ်လို့ စိုင်းလိတ် ကပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မလုပ်ခင်မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကိစ္စအပါအ၀င် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတာ၊ လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း ကိစ္စတွေကို ပြည့်စုံအောင် မလုပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူလိုက်တဲ့အပေါ် NCA နည်းလမ်းကနေ ကွဲလွှဲမှုတွေရှိနေတယ်လို့ SNLD ကရှုမြင်နေပါတယ်။

၂၁ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UNFC ခေါ်ညီညွတ်သောတိုင်းရင်းသား လူမျိုး များဖက်ဒရယ်ကောင်စီအဖွဲ့ဝင်(၅)ဖွဲ့ တက်ရောက်ခြင်း မရှိသလို UWSA၀အဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့ကနေ အထူးဖိတ်ကြားသူအနေ နဲ့တက်ရောက်ခဲ့ပေမဲ့ NCAလုပ်ငန်းစဉ်နဲ့ပက်သက်ပြီး သဘောထားကွဲ လွှဲမှု တွေရှိနေပါတယ်။

လက်ရှိအစိုးရ ၊တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုပုံဖေါ်ရာမှာ အမြင် ကွဲလွှဲမှုတွေရှိနေသေးတဲ့အတွက် လွတ်လပ်ပွင့်လင်းစွာအချိန်ယူဆွေးနွေးနေရဦးမယ်လို့မြင်ကြောင်းSNLDပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“အကုန်လုံးရဲ့အချုပ်က ငြိမ်းချမ်းရေးသွားဖို့အတွက်ကို လူတိုင်းက ဆန္ဒရှိပေမယ့် တပ်မတော်အပါအ၀င် အဖွဲ့အစည်းတော်တော်များများက အဆင်သင့်မဖြစ်သေးဘူး တယောက်နဲ့တယောက်ယုံကြည်မှု အားနည်းနေသေးတယ်။”

ကျင်းပပြီးစီးသွားတဲ့ညီလာခံရလာဒ်အရတိုင်းရင်းသားတွေအနေနဲ့ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင် ခြင်းမရှိသေးတာရယ် တိုင်းနဲ့ ပြည်နယ်အသီးအသီးမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေလည်း နိုင်ငံရေးဖြစ်စဉ်အတွင်း ပါဝင် လာနိုင်ခြင်းမရှိသေးတာရယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ခြင်းမရှိခဲ့သလို အချက်ပေါင်း၃၇ချက် ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ကို လက်မှတ်ရေးထိုးတဲ့ကိစ္စဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေရဲ့သဘောထားဆန္ဒမပါဘူးလို့ လို့လဲ အသံတွေပေါ်ထွက်နေပါတယ်။

XS
SM
MD
LG