သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံနောက်ဆုံးရက် ကျေလည်မှုတွေ မရခဲ့


ငြိမ်းချမ်းရေးညီလာခံ (myanmar state counsellor office)
ငြိမ်းချမ်းရေးညီလာခံ (myanmar state counsellor office)

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ရဲ့ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ အပြန်အလှန်ညှိုနှိုင်းလို့မရတဲ့ အချက်အချို့ကို နောက်တကြိမ် ဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး၊ မနက်ဖြန်တနင်္လာနေ့မှာတော့ ဒုတိယအကျော့ ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ ညီလာခံကနေ တိတိကျက ရလဒ်ထွက်မလာပေမယ့်လည်း၊ နှစ်ပေါင်းများစွာတိုက်ပွဲတွေကနေ အခုလို စားပွဲထိုင်ဆွေးနွေးနိုင်တဲ့အဆင့်အပေါ်မှာ တတ်ရောက်လာသူအချို့က အပြုသဘော အကောင်းမြင်ကြပါတယ်။ ညီလာခံမှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခကို ကိုသားညွန်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန်ဦး။ ။ မမေခရေ ဒီကနေ့ပြောမယ်ဆိုရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခ ံရဲ့ ဆွေးနွေးပွဲ နောက်ဆုံးပါ။ မနက်ဖြန်ကတော့ ပိတ်ပွဲပဲရှိတာပေါ့။ ဒီကနေ့ နောက်ဆုံးအထိ ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ဘယ်လိုကိစ္စမျိုးတွေက အငြင်းပွားစရာတွေတွေ့မြင်ရပါသလဲ။

မမေခ။ ။နိုင်ငံရေးကဏ္ဍမှာရှိတဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ရယ်၊ တိုင်းရင်းသားတွေရယ် အစိုးရကြားထဲမှာ နည်းနည်းလေး နားလည်မှုတွေလွဲနေတယ်ပေါ့နော်။ သူတို့ ဒီ ကဏ္ဍကို နောက်ထပ်ညီလာခံကြမှ ဆက်ပြီးတော့ ဆွေးနွေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်။ ဆိုတော့ အဲဒီကိစ္စတခုကပဲ ဆွေးနွေးပွဲကို ပိုပြီးတော့ ကြန့်ကြာစေတာပါပဲ။

ကိုသားညွန်ဦး။ ။တိုင်းရင်းသား၊ အစိုးရနဲ့ စစ်တပ်ကြားထဲမှာ သိသိသာသာကွဲလွဲချက်တွေဆိုရင် ဘာတွေတွေ့ရသလဲ ဒီညီလာခံထဲမှာ။

မမေခ။ ။ဒီညီလာခံထဲမှာသိသိသာသာကွဲလွဲချက်တွေက အများကြီးတော့မရှိဘူးရှင့် ။ အဲဒီခွဲမထွက်ရေးရယ်၊ လုံခြုံရေးကဏ္ဍရယ်ပေါ့နော် အဲဒီကဏ္ဍ ၂ခုကပဲ နည်းနည်းလေး တိုင်းရင်းသားတွေနဲ့ တပ်မတော်နဲ့ အစိုးရကြားထဲမှာ နည်းနည်းလေးနားလည်မှုလွဲပြီးတော့ ကွဲလွဲနေတာမျိုးရှိတယ် ကျန်တဲ့စီးပွားရေးကဏ္ဍတို့ လူမှုရေးနဲ့ မြေယာ ကဏ္ဍတို့ကတော့ သိပ်ပြီးတော့ ကွဲလွဲတာတွေမရှိဘူး။ တင်ပြလာတဲ့အတိုင်းကို သူတို့ သဘောတူလက်ခံလိုက်တယ်ဆိုတဲ့အဖြေပဲ ထွက်ထားတယ်ရှင့်။

ကိုသားညွန်ဦး။ ။လုံခြုံရေးကဏ္ဍမှာရော ဘယ်လိုသိသိသာသာအချက်တွေက ကွဲလွဲတာလဲ။

မမေခ။ ။အဓိကတော့ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ခေါင်းစဉ်ကနေစပြီးတော့ ကွဲလွဲနေတာပါ။ တပ်မတော်ကနေ ဖက်ဒရယ်ဆိုတဲ့ စကားကိုမထည့်ချင်ဘူးပေါ့နော်။ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ဆိုတဲ့ စကားကိုထည့်ချင်တယ်။ အချေတင်တော်တော်လေးဖြစ်နေတဲ့အတွက် နောက်ဆုံးဘာလုပ်လိုက်သလဲဆိုတော့ ပြည်ထောင်စုအဆင့် နောက်ထပ်ညီလာခံမှာပဲ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုပြီးတော့ လုပ်လိုက်တယ်ပေါ့နော်။

ကိုသားညွန်ဦး။ ။တက်ရောက်လာတဲ့ တိုင်းရင်းသား၊ အစိုးရ နောက်စစ်တပ်ဘက်ရော မမေခက စကားတွေလည်းပြောထားတဲ့အခါကျတော့ သူတို့တွေရဲ့အမြင် ညီလာခံနဲ့ ပတ်သက်လို့ ကျေနပ်အားရမှုရှိပါသလား။

မမေခ။ ။ တပ်မတော်နဲ့ အစိုးရဘက်ပိုင်းကတော့ ကျေနပ်အားရမှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း၆၀ သူတို့ တိုက်ပွဲတွေဝင်လာခဲ့ရတာ အခုလို ဆွေးနွေးပွဲတွေလုပ်နိုင်တာက ဒါက အကောင်းလက္ခဏာဆောင်တယ်ဆိုပြီးတော့ ပြောကြတယ်ပေါ့နော်။ တချို့သောတိုင်းရင်းသားတွေကတော့ တိုင်းရင်းသားအကုန်မပါတဲ့အပေါ်မှာတော့ သိပ်ပြီးတော့ အားရကျေနပ်မူမရှိဘူး။ ဒါပေမယ့် များသောအားဖြင့် တိုင်းရင်းသားလက်မှတ်ထိုးထားတဲ့ အဖွဲ့၈ ဖွဲ့ကတော့ သူတို့က ညီလာခံကျင်းပတာက အကောင်းလက္ခဏာဆောင်တယ်လို့ သူတို့ပြောတယ်ပေါ့နော်။ တခြားသောတိုင်းရင်းသား တွေရဲ့စကားကို နားထိုင်တယ်ဆိုရင်တော့ သူတို့ကတော့ ကျေနပ်အားရမှုမရှိဘူးရှင့်။

ကိုသားညွန်ဦး။ ။အခုဒီညီလာခံမှာ ထူးထူးခြားခြားမြောက်ပိုင်းအဖွဲ့တွေပေါ့ ဝတို့ ၊ ကိုးကန့်တို့ ၊ KIO တို့ တက်ပါတယ် သူတို့အခုတော့ ပြန်သွားပြီလို့သိရပါတယ်။ သူတို့နဲ့ နောက်ထပ်ဆွေးနွေးနိုင်မယ့်အလားလာ ဘယ်လိုများရှိပါသလဲ အာဏာပိုင်တွေနဲ့ ကြားထဲမှာပေါ့။

မမေခ။ ။အစိုးရပိုင်းကို ကျမတို့ လိုက်မေးတဲ့အချိန်မှာ အစိုးရပိုင်းက မြောက်ပိုင်းအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆက်လုပ်သွားမယ် ဆိုတဲ့စကားကိုပဲ သူတို့ပြောနိုင်သေးတယ်။ ဘယ်လိုပုံစံနဲ့ ဆက်လုပ်သွားမယ်ဆက်ပြီးတော့ ငြိမ်းချမ်းရေးစကားဆက်ပြောမလဲ၊ တပ်မတော်နဲ့ ဘယ်လိုညှိနှိုင်းမလဲ ဆိုတာကိုတော့ သူတို့ဘက်က လုံးဝမပြောသေးဘူးပေါ့နော်။ တပ်မတော်ဘက်ကလည်း မြောက်ပိုင်းအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား မှတ်ချက်လည်းမပေးသလို ဒီမြောက်ပိုင်းအဖွဲ့ဆိုတဲ့ အကြောင်းအရာကိုလည်း သိပ်ပြီးပြောစေချင်တဲ့သဘောမှာမရှိသေးဘူး ရှင့်။

ကိုသားညွန်ဦး။ ။မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားကရော။

မမေခ။ ။မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားကတော့ သူတို့ကတော့ ဒီဟာကို ငြိမ်းချမ်းရေးလမ်းစ တခုအနေနဲ့တော့ မြင်တယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာတော့ ဒီဟာကတပ်မတော်နဲ့ ညှိရမှာဖြစ်တယ်၊ ဒါပေမယ့် တပ်မတော်နဲ့ကလည်း အခုအထိ စကားမပြောရသေးတော့ သူတို့မှာတော့ အားမလိုအားမရ စိတ်တွေတော့ရှိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ပြောဆိုချက်တွေမှာတော့ ဒါကတော့ အကောင်းဘက်ကို ရှု့မြင်တဲ့ ပွင့်လင်းတဲ့လမ်းစတခုလို့ ပြောကြတာရှိတယ်။ ဒါပေမယ့် ကျမတို့ အပြင်မှာစကားပြောကြည့်တဲ့အခါကျတော့ သူတို့သိပ်ပြီးတော့ အားမရတဲ့အသံမျိုးတွေထွက်လာပါတယ်ရှင့်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG