သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ငြိမ်းချမ်းရေးနဲ့ တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှု


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (myanmar state counsellor office)

ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့တွေ တတ်ရောက်နိုင်ဖို့ တရုတ်အထူးကိုယ်စားလှယ်က ကြိုးပမ်းခဲ့တာရှိသလို၊ ဒီကနေ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်တို့တွေ့ဆုံပြီး ဒေါ်စုနဲ့တွေဖိုကိစ္စမှာလည်း တရုတ်သံအမတ်ကြီူးကိုယ်တိုင်ကြားဝင်ညှိုနှိုင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခုလို တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာမှုနဲ့ပတ်သက်လို့ ညီလာခံတတ်နေတဲ့ ပညာရှင် ကိုယ်စားလှယ်အချို့ကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မနေ့တုန်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမှာ အမေရိကန်သံအမတ်ကြီး တရုတ်သံအမတ်ကြီး တရုတ်နိုင်ငံအထူးကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံတကာသံတမန်တွေ အတော်စုံစုံလင်လင်တတ်ရောက်ခဲ့ပေမယ့်၊ ဒီနေ့ ဒုတိယနေ့မှာတော့ တရုတ်သံအမတ်ကြီးပဲ နေပြည်တော် ညီလာခံမှာ တွေ့ကြရတာပါ။ ညီလာခံအပြင်ပန်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်တွေ တွေ့ဆုံတော့ တရုတ်သံအမတ်ကြီးပါရှိနေပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဖို့ ကြားဝင်ညှိုနှိုင်းပေးခဲ့ပုံရတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာက ပါဝင်ကူညီမှုတွေရှိပေမယ့်၊ ဒီတခေါက် ညီလာခံမှာတော့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု ပိုကြီးလာတယ်လို့ Myanmar Quarterly မဟာဗျူဟာနဲ့ မူဝါဒရေးရာဂျာနယ် အယ်ဒီတာ ကိုနေထွန်းနိုင်က ပြောပါတယ်။

“တရုတ်ရဲ့ဟာတွေတော့ တော်တော်လေးကိုသိသိသာသာပါလာတယ်ဆိုတာကို ပြောမယ်ဆိုရင်တော့ ရတယ်။ ပြီးခဲ့တဲ့ ညီလာခံမစခင်မှာလည်း တရုတ်က တော်တော်ကိုကြိုးစားခဲ့တယ်ဆိုတဲ့သဘောမျိုးတွေလည်း ကျနော်တို့မြင်လာရတယ်။ တရားဝင်မေးတဲ့အခါမှာတော့ သူတို့က ကူညီတယ်ဆိုတဲ့သဘောမျိုးပါတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်တဲ့အခါမှာ ကူညီတယ်ဆိုတာထက် လုံးဝကိုဝင်ရောက်ပြီးလုပ်ကိုင်ပေးနေတယ်ဆိုတဲ့သဘောမျိုးတော့ ရှိပါတယ်ခင်ဗျ။”

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့တွေ တွေ့ဆုံချိန်မှာ အတူရှိနေမလား ဒါမှမဟုတ် သီးခြားတွေ့ဆုံဖွယ်ရှိမလားဆိုတာတော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းနဲ့ တွေ့ဆုံညှိုနှိုင်းရုံနဲ့တော့ ထူးခြားတဲ့ရလဒ်မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်တာတွေရှိပါတယ်။ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုဥက္ကဌ ဦးသုဝေကတော့ မပြေမလည်ဖြစ်နေတဲ့ကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ အခုလို ကြားဝင်ညှိုပေးလို့ အဆင်ပြေသွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲလို့ မြင်ပါတယ်။

“ကျနော်တို့ငြိမ်းချမ်းရေးကို ကူညီသောအားဖြင့် လိုလိုလားလားနဲ့ ၂ ဖက်စလုံး ညိုပေးပြီးတော့ သဘောတူအောင်လုပ်ပေးတယ်ဆိုတာကတော့ ကောင်းတာပေါ့ခင်ဗျ။ ကျနော်တို့ ငြိမ်းချမ်းရေးအစီအစဉ်ကြီး ထဲမှာ ငြိမ်းချမ်းရေးအတွက် အားကောင်းတာတွေဖြစ်လာတာပေါ့နော်။ ၀ိုင်းပြီးတော့ ငြိမ်းချမ်းရေး ရအောင်လုပ်ပေးမယ်၊ ငြိမ်းချမ်းရေးအတွက်ကို အင်အားတွေဖြစ်အောင်လုပ်ပေးမယ်ဆိုရင်တော့ ဒါတရုတ် ကိုလည်း ကျနော်တို့က ကျေးဇူးတင်ရမှာပေါ့နော် ၀မ်းသာစရာတော့ဖြစ်တာပေါ့နော်။”

အခုကျင်းပတဲ့ ပြည်ထောင်စုညီလာခံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးအတွက် အရေးပါပြီး၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ဖို့ တတ်နိုင်သရွေ့ အကူအညီဆက်ပေးသွားမယ်လို့ မနေ့က တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူက ထုတ်ပြန်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့ အရင်မူဝါဒလို့မဟုတ်ပဲ မြန်မာကိစ္စအပြင် နိုင်ငံတကာပဋိပက္ခအတော်များများမှာလည်း ပါဝင်ပတ်သက်လာနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါ်လှကျော်ဇောက ပြောပါတယ်။

“တရုတ်က အခုအချိန်မှာသူက နိုင်ငံတကာရဲ့ အပူကွက်တွေမှာ နေရာတကာဝင်ပါနေတာပေါ့နော်။ ကျမတို့က မြန်မာပြည်တခုတည်းပဲ ကွက်ပြီးမြင်နေလို့ပြောတာပါ။ ဥပမာ Syria နောက် Afghanistan ကိစ္စ လစ်ဗျားကိစ္စ ။ နောက်အရှေ့အလယ်ပိုင်းကိစ္စတွေအကုန်မှာ သူက ၀င်ပါနေတယ်။ အဲဒီမှာတွေ သီးခြားသံအမတ်တွေထားပြီးတော့ ဒါလုပ်နေတာ။ သူ့သဘောကတော့ အတတ်နိုင်ဆုံး ဒီအပူကွက်တွေကို ငြိမ်းအောင်လုပ်မယ်ဆိုတဲ့သဘောပေါ့နော်။ တရုတ်ကပြောတာကတော့ ဒီလိုပြောတယ် အရင်တုန်းကတော့ သူတို့ သံခင်းတမန်ခင်းကို တတ်နိုင်သမျှ သိုသိုတိတ်တိတ်နေဖို့ သူများပြည်တွင်းရေးကို မစွက်ဖို့ ကိုယ့်တိုင်းပြည်စီးပွားရေးပဲ ကောင်းအောင်လုပ်ဖို့ဆိုပြီးတော့ သူတို့သတ်မှတ်ထားတာ။ ဒါပေမယ့်အခု သူတို့က အကူးအပြောင်းကာလဖြစ်နေပြီ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ရဲ့ ပိုလျှံနေတဲ့ကုန်ပစ္စည်းတွေ၊ပိုလျှံနေတဲ့အရင်းအနှီးကို သူက ကမ္ဘာကြီးကို ဖြန့်ချင်တာကို ၊ ဖြန့်ချင်တော့ အများကြီးထွက်တယ်သူ့နိုင်ငံက ။ နိုင်ငံတကာမှာ သူ့ရင်းနှီးမြုပ်နှံမှုတွေရှိနေပြီ ဒါကြောင့်ဒါတွေကို ကာကွယ်ဖို့အတွက် ၊ စောင့်ရှောက်ဖို့အတွက် သူက ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့လိုတယ် ၊ အပြုသဘောဆောင်တဲ့ ပါဝင်ပတ်သက်မှုပေါ့ သူတို့ပြောတာကတော့။”

Myanmar Quarterly အယ်ဒီတာ ကိုနေထွန်းနိုင်ကတော့ တရုတ်နိုင်ငံက သူ့အကျိုးစီးပွားအတွက် အခုလို ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပတ်သက်လာပုံရတယ်လို့ မြင်ပါတယ်။ တဖက်မှာ မြန်မာဖက်က ဘာတွေ ပေးလိုက်ရမလဲဆိုတာကို သူက စိုးရိမ်ပြန်ပါတယ်။
“ကျနော်တို့ အပေးအယူလုပ်တဲ့အခါမှာ ကျနော်တို့ဘက်က ဘာတွေပြန်ပေးခဲ့သလဲဆိုတာကို ကျနော်တို့ သိဖို့လိုတယ်ပေါ့ ဒါကတော့ သတ်ဆိုင်ရာအစိုးရအနေနဲ့ကတော့ ပြောထားတာမရှိသေးဘူး။ ကျနော်စိုးရိမ်တာကတော့ အခုမြောက်ပိုင်းကိစ္စမှာ မြောက်ပိုင်းမဟာမိတ်တွေကို တက်ဖို့အတွက် တရုတ်က ညှိပေးလိုက်တယ်၊ ကူညီပေးလိုက်တယ်။ ဒါဆိုရင် ကျနော်တို့ဘက်က ဘာပြန်ပေးလိုက်ရသလဲပေါ့ ။ အိမ်နီးချင်းမို့ ကူညီတယ်ဆိုတော့လည်း ကောင်းတဲ့လက္ခဏာပေါ့နော်။”

တရုတ်နိုင်ငံအနေနဲ့ မြန်မာငြိမ်းချမ်းရေးညီလာခံကို တတ်ရောက်ဖို့ နိုင်ငံခြားရေးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoziang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားတာပါ။ Mr. Sun Guoziang ဟာ ဒီမတိုင်ခင်ကလည်း အစိုးရနဲ့ရော မြောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ မကြာမကြာတွေ့ခဲ့ဖူးပါတယ်။

အခုတက်လာတဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့အနေနဲ့ ညီလာခံအတွင်းမှာ ၀င်ရောက်ဆွေးနွေးခွင့်တော့ မရှိပါဘူး။ တချိန်တည်းမှာပဲ တပ်မတော်ဖက်က မူလ ရပ်တည်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်နဲ့ NCA အပေါ် ရပ်ခံချက်ကလည်း မပြောင်းသေးပါဘူး။ ဒါကြောင့်လည်း အခုညီလာခံမှာ မြောက်ပိုင်းအဖွဲ့တွေတက်လာတာဟာ ပြယုဒ်ကောင်းပေမယ့် ရလဒ်ထူးထူးခြားခြားရစရာတော့ မမြင်သေးဘူးလို့လည်း လေ့လာသူအချို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG