သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားတွေကို ပြည်ထောင်စုကြီးထဲက ခွဲမထွက် စေချင်ဘူးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူခံစားခွင့် စတဲ့ အာမခံချက်တွေ ပါတဲ့ ဖယ်ဒရယ်အခြေခံတွေကို တည်ဆောက်ပေးဖို့လိုကြောင်း ပြည်ပအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ကျင်းပ ပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဘယ်သူမှ နိုင်ငံတော်ကနေ ဘယ်သောခါမှ ခွဲမထွက်ရဆိုတဲ့ အချက် ထည့်သွင်းထားတဲ့ အပေါ် တုန့်ပြန်ပြောဆို လိုက်တာပါတယ်။ နိုင်ငံရဲ့ ရေရှည်အနာဂတ်ကို ထည့်စဉ်းစားပြီး ခွဲမထွက်ရေးဆိုတဲ့ ကိစ္စကို စိတ်ရှည်ရှည်နဲ့ ဆွေးနွေးဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူတဦးကလည်း သုံးသပ်ပါတယ်။ ဒီအကြောင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မေလ (၂၄)ရက်ကနေ (၂၉)ရက်နေ့အထိ ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးကဏ္ဍ အစုအဖွဲ့လိုက်ဆွေးနွေးချက်ထဲမှာ “နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့အချက်ကို ထည့်သွင်းဖေါ်ပြထားတာပါ။ ဗြိတိသျှကိုလိုနီလက်အောက် ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့စဉ်တုန်းက ပြည်မနဲ့ တောင်တန်းဒေသ တိုင်းရင်းသားတွေကြား ပင်လုံကတိက၀တ်တွေ ထားခဲ့ကြပြီး၊ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်ထဲမှာတော့ လွတ်လပ်ရေးရပြီးလို့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်ပြီး (၁၀)နှစ် အကြာမှာ တိုင်းရင်းသားတွေအနေနဲ့ ခွဲထွက်လိုက ခွဲထွက်နိုင်တယ်ဆိုတဲ့ အချက် ပါရှိခဲ့ပါတယ်။

အကယ်၍ တိုင်းရင်းသားတွေ ကို ပြည်ထောင်စုကြီးထဲက ခွဲမထွက်စေချင်ဘူးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်/ပြဌာန်းခွင့်နဲ့ တန်းတူခံစားခွင့် စတဲ့ အာမခံချက် တွေ ရှိဖို့လိုကြောင်း အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ကို မခွဲထွက်စေချင်ရင် မခွဲထွက်အောင်လုပ်ပေးပါ။ တကယ်လို့ ကျနော်တို့ ရှမ်းပြည်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ညီတူညီမျှခံစားခွင့် အဲဒါတွေရှိမယ်ဆိုရင် မထွက်ဘူး။ ကျနော်တို့ကအတူတူနေတာကို ပိုကြိုက်တယ်။ ပိုပြီးမှ ကောင်းတယ်။ ပြည်ထောင်စုဆိုတာ ပိုပြီးအားရှိတယ်။ ဆိုတော့ ဖက်ဒရယ်အစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်အောင်လုပ်ပေးမယ်၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တယ်ဆိုရင် ကျနော်တို့ရှမ်းတွေလည်း မထွက်ပါဘူး။”

တိုင်းရင်းသားတွေ ဘယ်သောအခါမှ ခွဲမထွက်ရ- ဆိုတဲ့အချက်ကို လိုအပ်ချက်အရ ထည့်သွင်းဖို့ အစိုးရဖက်က ဆုံးဖြတ်ခဲ့ပုံ ရတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ အမေရိကန် အင်ဒီယားနားပြည်နယ်မှာနေထိုင်တဲ့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“အစိုးရက ဒီအချက်ကို ထည့်ဖို့လိုတယ်လို့ ခိုင်ခိုင်မာမာမြင်လို့ ထည့်တယ်လို့ကျနော်ယူဆပါတယ်။ တကယ်လည်း ခွဲထွက်လိုတဲ့ အဖွဲ့အစည်းတွေကတော့ သဘောတော့ကျမှာမဟုတ်ဘူး။ ဒါပေမယ့် ခွဲထွက်တယ်လို့ ၊ ရှိပြီးသားကနေ လွတ်လပ်ရေးရချင်တယ်ဆိုတာတွေကတော့ တိုင်းသူပြည်သားတယောက် အနေနဲ့ ကျနော်တို့ကတော့ မလိုလားဘူး။ အစိုးရကလည်း ပြည်သူလူထုကတင်တဲ့ အစိုးရဆိုတော့ ပြည်သူလူထုအသံ ၊ တိုင်းရင်းသားအပါအ၀င်၊ တိုင်းရင်းသားမဟုတ်တဲ့အဖွဲ့အစည်းတွေလူတွေရဲ့အမြင်ကိုလည်း ခြုံပြီးတော့ မြင်တဲ့ဘက်ကနေ အစိုးရရပ်တည်တယ်လို့ ကျနော်မြင်ပါတယ်။”

၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်ပါ ခွဲထွက်နိုင်တယ်ဆိုတဲ့အချက်ကို အစိုးရက အဆုံးသတ်ချင်ပုံ ရတယ်လို့ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“၁၉၄၇ ခုနှစ်တုန်းက သဘောတူခဲ့တဲ့ ပြည်ထောင်စုနဲ့ပေါင်းပြီး ၁၀ နှစ် နောက်ပိုင်းဆိုရင် ပြည်ထောင်စုနဲ့ မနေချင်ရင် ခွဲထွက်လို့ရတယ်ဆိုတဲ့ သဘောတူညီချက်ရှိတယ်။ ဒီဟာလေးကို ရှိနေသမျှကာလပတ်လုံး တိုင်းရင်းသားတွေက အချိန်မရွေးဒီစကားပြောပြီးတော့ ကျနော်တို့ ခွဲထွက်တော့မယ် အဲလိုပြောလာမှာစိုးလို့ နောက်ထပ်တခါ ဒီကိစ္စကို ထပ်မပေါ်လာအောင်ဆိုပြီးတော့ ၂၁ ရာစုပင်လုံအောက်မှာ သူတို့ကအဲဒါကိုထည့်ပြီးတော့မှ မည်သည့်အခါမျှ ခွဲထွက်ပိုင်ခွင့်မရှိအောင် လို့ထည့်လိုက်လို့ရှိရင် နောက်လည်းပြောလို့မရဘူး။ အဲဒါကို သူတို့ဖြစ်စေချင်တယ်လို့ ကျနော်တို့မြင်တယ်။”

၂၁ ရာစုပင်လုံညီလာခံမှာ ပြည်နယ်နဲ့တိုင်းတွေအတွက် ကိုယ်ပိုင်ဖွဲ့စည်းပုံ ရေးဆွဲခွင့်တွေ ရလာမှာဖြစ်တာကြောင့် နိုင်ငံရေရှည်အကျိုးစီးပွားအတွက် ခွဲမထွက်ရေး ဆိုတဲ့ အငြင်းပွားမှုတွေကို စိတ်ရှည်ရှည်နဲ့ ဆွေးနွေးဖို့လိုတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပါတယ်။

“၂၀၁၇ ခုနှစ် ဒုတိယပင်လုံကနေပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံ၊ ပြည်နယ်ခံစားခွင့် စတဲ့အခွင့်အရေးတွေကို သွားကြလိမ့်မယ်။ အဲဒီလိုဖက်ဒရယ်ပုံစံနဲ့ လုပ်ထားတဲ့နိုင်ငံတွေ ဥပမာ အိန္ဒိယနိုင်ငံကို ကြည့်ရင် အရင်တုန်းက သဘောတူညီပြီးသားတွေ အဲဒီလိုသဘောတူညီပြီးသားတောင်မှ တိုင်းပြည်တခုလုံးနဲ့ ပတ်သက်တဲ့ လုံခြုံရေးစီးပွားရေး စတဲ့အရာတွေမှာ အခါအားလျော်စွာကျနော်တို့ပြောင်းကြရတယ်။ တိုင်းပြည်အနာဂတ်နဲ့ ပြည်ထောင်စုအနာဂတ်ကြည့်လို့ရှိရင်တော့ သိပ်ပြီးတော့ တင်းကျပ်တဲ့ စဉ်းစားမှုတွေ ၊ သချာင်္ဆန်တဲ့ Fomular ပုံစံမျိုးနဲ့ ကျနော်တို့ မလုပ်ပဲနဲ့ နိုင်ငံရေးနည်းနဲ့ ဆက်ပြီးတော့ ဆွေးနွေးကြရဦးမယ်လို့ မြင်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ရက်ပိုင်း ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ဝင် (၅)ဖွဲ့ မတက်ရောက်ပါဘူး။ UWSA ၀အဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်(၇)ဖွဲ့ ကိုယ်စားလှယ်တွေကတော့ အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ခဲ့ပေမယ့် NCA အပစ်ရပ်လမ်းကြောင်းအတိုင်း မဟုတ်တဲ့ ချည်းကပ်မှုမျိုးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လိုကြောင်း စာတမ်းတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပြီး၊ ရှေ့ဆက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ် အဆင်ပြေနိုင်ပါ့မလားလို့ တချို့က စိုးရိမ်နေကြကြောင်းပါ။

XS
SM
MD
LG