သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံ အပေါ် ပြည်ပရောက် မြန်မာတွေအမြင်


၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မှာ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းဓာတ်ပုံရိုက်။ ဓာတ်ပုံ - ရိုက်တာ။
၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မှာ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းဓာတ်ပုံရိုက်။ ဓာတ်ပုံ - ရိုက်တာ။

ဒီ ညီလာခံ ဒုတိယအကြိမ်ကတော့ အလုပ်သဘောအရဆိုရင်တော့ အောင်မြင်တယ်လို့ ခေါ်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖိတ်ထားတဲ့ အဖွဲ့တွေလည်း လာကြတယ်။ အထူးသဖြင့်က မြောက်ပိုင်းက (၇) ဖွဲ့လည်း ပါလာတယ် ဆိုတော့ ဒါကတော့ အလုပ်သဘောအရကတော့ အောင်မြင်တယ် ခေါ်ရမယ်။

နေပြည်တော်မှာ မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် စည်းဝေးပွဲမှာ ဆွေးနွေးတဲ့ ၄၁ ချက်ထဲက ၃၇ ချက်ကို သဘောတူနိုင်ခဲ့တယ် ဆိုပေမယ့် အရေးပါတဲ့ လုံခြုံရေးနဲ့ ဖက်ဒရယ် အယူဝါဒဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် အတိုင်းအတာတခုထိပဲ အောင်မြင်တယ်လို့ ယူဆကြောင်း ပြည်ပရောက် တိုင်းရင်းသားတချို့နဲ့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆီကို ဦးတည်တဲ့ နောက်ခြေတစ်လှမ်းရဲ့ အစကို သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ကြောင်း ညီလာခံ အပိတ်မိန့်ခွန်းအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် စည်းဝေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြတာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် စတဲ့ ကိစ္စရပ်တွေ ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ အဖြစ်နဲ့ ကဏ္ဍ ၄ ခုက အချက်ပေါင်း ၃၇ ခုကို သဘောတူခဲ့ကြပေမဲ့ လုံခြုံရေးနဲ့ ပါတ်သက်လို့တော့ သဘော တူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်း ဒီညီလာခံဟာ တစိတ်တပိုင်းပဲ အောင်မြင်တဲ့ ညီလာခံအဖြစ် ရှုမြင်ရမှာဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ Los Angeles မြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“ကျနော့်အမြင်တော့ ဒီ ညီလာခံ ဒုတိယအကြိမ်ကတော့ အလုပ်သဘောအရဆိုရင်တော့ အောင်မြင်တယ်လို့ ခေါ်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖိတ်ထားတဲ့ အဖွဲ့တွေလည်း လာကြတယ်။ အထူးသဖြင့်က မြောက်ပိုင်းက (၇) ဖွဲ့လည်း ပါလာတယ် ဆိုတော့ ဒါကတော့ အလုပ်သဘောအရကတော့ အောင်မြင်တယ် ခေါ်ရမယ်။ ဒါပေမယ့် တကယ်တန်းတော့ အဲဒီ သိပ်အရေးကြီးတဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥစ္စာကို သူတို့အနေနဲ့ ဆွေးနွေးတဲ့အခါမှာ အရမ်း ပြဿနာ ဖြစ်တယ်။

အရမ်းကို Sensitive ဖြစ်တယ်။ သိပ်အရေးကြီးတဲ့အချက် ပါလာတယ်။ ဆိုတော့ ကြည့်လိုက်တဲ့အခါမှာ တပ်မတော်ကိုလည်း တကယ့် ပြည်သူလူထု ရွေးကောက်တဲ့ အစိုးရအောက်မှာ ထားဖို့၊ အဲဒါလည်း သူတို့အနေနဲ့ လက်မခံဘူး။ အဲဒါနဲ့ ပျောက်သွားတယ်။ နောက်ပြီးတော့ကာ ကျနော်တို့ ဒီ (၂၁) ရာစု ပင်လုံအောက်မှာ သူတို့ ဘာထားချင်လည်းဆိုရင် ခုနကပြောတဲ့ ခွဲထွက်ရေး၊ တိုင်းရင်းသားတွေ၊ ပြည်နယ်တွေ၊ တိုင်းဒေသတွေ အားလုံး နယ်မြေနဲ့ ပတ်သက်တဲ့ ဒေသတွေ အားလုံး၊ ဘယ်သူမှ ပြည်ထောင်စုကနေ မခွဲထွက်ရ ဆိုတဲ့ဥစ္စာကြီးကို သူတို့က ထည့်ထားချင်တာကို ကျနော်တို့ တိုင်းရင်းသားတွေရော၊ တခြား အဖွဲ့တွေလည်း ပါဝင်ပြီးတော့ အဲဒါ မထည့်ကောင်းဘူး ဆိုပြီး ကန့်ကွက်ကြတဲ့ အခါကျတော့ ဒီကိစ္စလည်း မပြီးပြတ်နိုင်ဘူး။

ဆိုတော့ကာ တကယ့် အရေးကြီးတဲ့ကိစ္စတွေ လုံး၀ မပြီးပြတ်နိုင်တဲ့အတွက်၊ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ပြောရမယ် ဆိုလို့ရှိရင်တော့၊ သိပ်အရေးမကြီးတာတော့ အောင်မြင်တယ်ပေါ့။ တကယ် အရေးကြီးတဲ့ဟာတော့ မအောင်မြင်ဘူးလို့ ကျနော် ထင်တယ်ဗျ။”

ဒေါက်တာ Ro Dinga ဟာ Indiana ပြည်နယ်၊ Indianapolis မြို့က Chin Forum အဖွဲ့ရဲ့ လက်ထောက် ညှိနှိုင်းရေးမှူးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အားလုံးအတွက် တန်းတူအခွင့်အရေး ဖော်ဆောင်ပေးနိုင်မှသာ တိုင်းပြည်ရဲ့ အဓိကပြဿနာဖြစ်တဲ့ နိုင်ငံရေး အခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အဓိကပြဿနာ၊ ပြည်တွင်းစစ်ရဲ့ အဓိက ပြဿနာက နိုင်ငံရေး ပြဿနာဖြစ်တယ်။ အဲဒီ နိုင်ငံရေးပြဿနာ ရှင်းဖို့က ဒီ တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်မှပဲ ဖြစ်မယ်။ နောက် စစ်တပ်ကိုလည်း အရပ်သား အစိုးရရဲ့ အောက်မှာ ထားနိုင်မှ ဖြစ်မယ်။ အဲဒီဟာတွေကို မရသေးတာကတော့ ဒါ ကျနော်တို့ နိုင်ငံပြင်ပနေ ကြည့်တဲ့အခါမှာ ကျနော်ကတော့ စိတ်ဆန္ဒရှိတာကတော့ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပတဲ့အခါမှာ ပထမအကြိမ်၊ ဒုတိယအကြိမ်လောက်မှာ ၁၀၀% လောက်ရနိုင်ရင်တော့ လိုချင်တာပေါ့လေ။

ဒါပေမယ့် အခု ၅၀% ၊ ၆၀% ရရင်လည်း ဒါက အကောင်းဖြစ်တယ်လို့ ကျနော် အကောင်မြင်ပါတယ်၊ တဘက်ကတော့။ နောက် တခြား တဘက်မှာကတော့ တပ်မတော်ကလည်း လျော့ပြီးတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူပြည်သားတွေ၊ နိုင်ငံသားတွေကနေ ဆင်းသက်တယ်ဆိုတဲ့ အခြေခံဥပဒေရဲ့ အခြေခံကို လိုက်နာပြီးတော့ ဆွေးနွေးသွားမယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ်ကို လိုလိုလားလားနဲ့ စစ်တပ်ကနေ လိုက်လျောမယ်၊ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာပြီးတော့ အကောင်းဆုံး ဆွေးနွေးမယ် ဆိုလို့ရှိရင်တော့ မကြာခင်မှာ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။

ဆက်ပြီးတော့လည်း ဆွေးနွေးစေချင်ပါတယ်။ ဒီ ညီလာခံတွေ ဆက်ပြီးတော့၊ ဆက်ပြီးတော့ ခေါ်ယူဖို့လည်း ကျနော် လိုလားပါတယ်။ တောင်းဆိုချင်ပါတယ်။”

Indianapolis မြို့မှာ နေထိုင်တဲ့ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေကတော့ ဒီညီလာခံဟာ အောင်မြင်တဲ့ ညီလာခံတခု ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ဒုတိယ ပင်လုံညီလာခံ ပြီးဆုံးသွားတာဟာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ နောက်တခါ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြီးမားတဲ့ ခြေလှမ်းကြီးဆိုတာကတော့ ငြင်းဖို့ မလိုပါဘူး။ ကျနော် အဲဒီလိုပဲ မြင်ပါတယ် ခင်ဗျ။

ပြည်ကနေပြီးတော့ အကဲခတ်နေတဲ့ သာမှန် ပြည်သူတွေတောင်မှ ဒီ ပင်လုံ ညီလာခံအပေါ်မှာ စိတ်ဝင်စားမှုအတိုင်းအတာ တစုံတရာတော့ ရှိကြပါတယ်။ ဒါပေမယ့် အများကြီးကတော့ မျှော်လင့်မထားကြတာကတော့၊ မျှော်လင့်မထားတဲ့အတွက် အခုရလာတဲ့ အဖြေအပေါ်မှာတော့ သူတို့က ထင်တာထက်တောင် ရှေ့ပိုရောက်သလားလို့ အားရမှုတွေ ရှိကြပါတယ် ခင်ဗျ။

အများစုကလည်း အခြေအနေတွေကို သိကြတဲ့သဘော ရှိပါတယ်ခင်ဗျ။ အပြင်မှာလည်း တိုင်းရင်းသားပေါင်းစုံ နေကြတယ်။ တိုင်းရင်းသားတွေကြားထဲမှာလည်း အမြင်ကတော့ မတူကြတာလေးတွေ ရှိတာပေါ့။ NLD အစိုးရအပေါ်မှာလည်း သူတို့ ဘာပဲပြောပြော အတတ်နိုင်ဆုံး ကြိုးစားတဲ့ အစိုးရတရပ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ခြေလှမ်းအသစ်တွေကို သမ္မတ ဦးသိန်းစိန် လက်ထက်က လုပ်ထားတဲ့ လမ်းကြောင်းကနေပြီးတော့ ဆက်ပြီးတော့ ကြိုးစားတယ်လို့တော့ နားလည်ကြတယ်။

တချိန်ထဲမှာ အားလုံးသိကြတဲ့အတိုင်း တပ်မတော်ကိုတော့ ဘာလဲ မသိဘူးဆိုတဲ့ မေးခွန်းနဲ့ပဲ သုံးသပ်ကြတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျ။”

အခုစည်းဝေးပွဲပြီးသွားခဲ့ပေမဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်သွားရဦးမှာဖြစ်ပြီး အဆင့်ဆင့်ရရှိတဲ့ သဘောတူညီချက်အားလုံးကို စုစည်းပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို ချုပ်နိုင်ကြမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ သဘောထားကွဲလွဲမှုတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးကွဲပြားခဲ့ပေမဲ့ ဘုံတူညီတဲ့ သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေငြင်းခုန် ညှိနှိုင်း နိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်စရာ ကောင်းတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ ပိတ်ပွဲ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

ညီလာခံတွေကို တနှစ် ၂ ခါကျင်းပ ရမယ်ဆိုတဲ့ NCA စာချုပ်ပါ သဘောတူညီချက် အရ တတိယအကြိမ် ညီလာခံကို နောက်ထပ် ၆လ အကြာမှာ ကျင်းပဖို့ ယာယီ သဘောတူညီ လက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG