သုံးရလွယ်ကူစေသည့် Link များ

၂၁ ရာစု ပင်လုံညီလာခံ ရလဒ်ကောင်း ထွက်ပေါ်နိုင်မှု အလားအလာ သုံးသပ်ချက်


ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဗွီအိုအေ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းခန်း။

နိုင်ငံရေးဆွေးနွေးခွင့် ရတဲ့ သမိုင်းအကွေ့မှာ သက်ဆိုင်သူအားလုံး ပါဝင်ပြီး ဆွေးနွေးဖို့ရာ အခွင့်အလမ်းကောင်း တခု ဖြစ်တဲ့အတွက် တိုင်းပြည်ပေါ် စေတနာ တကယ်ထားတဲ့ အဖွဲ့အစည်းတွေ ဆိုရင် လာဖို့ကြိုးစားမှာပဲလို့ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်ညီလာခံ တက်ရေးမတက်ရေးနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဗွီအိုအေကို ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပဖို့ တစ်ရက်အလိုမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြတာ ဟာလဲ အရေးပါတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ငြိမ်းချမ်းရေးညီလာခံ တက်ဖို့ နေပြည်တော်မှာ ရောက်နေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဦးခွန်ဥက္ကာ တွေ့ဆုံမေးမြန်းခွင့်ရတာ အများကြီး ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ဆိုရင် မေလ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ်ပေါ့လေ စတော့မယ်။

ဒီမတိုင်ခင် တရက် နှစ်ရက်လေး အတွင်းမှာဘဲ ညီလာခံကို တက်ဖို့ မတက်ဖို့၊ အဖွဲ့တွေ ပါဖို့ မပါဖို့ ဆိုတဲ့ကိစ္စတွေ တော်တော်လေးကို လွန်းထိုး ယှက်တင် ဆွေးနွေးပြောဆိုနေကြတယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ကြားထားရပါတယ်။

ဥပမာ ကျနော်တို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၇ ဖွဲ့၊ UNFC တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ ဆိုတော့ ဒီအဖွဲ့တွေ အားလုံး ပါဖို့က ဘယ်လောက်ထိ ဒီညီလာခံ အောင်မြင်ဖို့က အရေးကြီးသလဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ ရာခိုင်နှုန်းပြည့် အရေးပါတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ အစိတ်အပိုင်းလိုက်တော့ အရေးပါတယ်။

သူတို့ ပါလာခြင်း အားဖြင့် ပိုမို အောင်မြင်နိုင်တယ်ပေါ့။ သူတို့ မပါလာသေးဘူးဆိုရင်လည်း အောင်မြင်မှု တချို့တ၀က်တော့ ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ဗမာပြည် သမိုင်းမှာ မရှိခဲ့ဘူးတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်တွေကို လုပ်လာတယ်ဆိုတာက သမိုင်းအပြောင်းအလဲ တခု ဖြစ်လာတာ။

ဒီလို နိုင်ငံရေး ဆွေးနွေးခွင့် ရတဲ့ သမိုင်းအကွေ့မှာ ကျနော်တို့ ဒီ အစိုးရရော၊ တပ်မတော်ရော၊ နိုင်ငံရေး ပါတီတွေရော၊ နောက် တိုင်းရင်းသား အများစုကလည်း ပါနေပြီဆိုတော့ ပြည်သူလူထုကလည်း တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒရှိတယ်ဆိုတော့ ဒါက အင်မတန် ကောင်းတဲ့ အခွင့်အလမ်းပေါ့ဗျာ။

ဒီအခွင့်အလမ်းမျိုးမှာ ဒီ တိုင်းပြည်ပေါ်မှာ စေတနာ တကယ်ထားတဲ့ အဖွဲ့အစည်းတွေ ဆိုရင်တော့ လာဖို့တော့ သူတို့ ကြိုးစားမှာဘဲ။

ကိုကျော်ကျော်သိန်း။ ။ ဆိုတော့ ဒီနေ့ မနက်ပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ပြီး ဆွေးနွေးကြတယ်လို့ ကျနော်တို့ သိထားပါတယ်။ ကြားလည်း ကြားမယ်လို့ ထင်ပါတယ်။

အဲလိုမျိုး မနက်ဖြန်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ လုပ်တော့မယ်။ ဒီနေ့လိုမျိုးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ကြတယ်၊ ဆွေးနွေးကြတယ် ဆိုတော့ ဒါက ဘယ်လောက်ထိ အရေးပါတဲ့ ကိစ္စလို့ ပြောနိုင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ အင်မတန် အရေးပါတယ် ခင်ဗျ။ သူတို့ နှစ်ယောက် တိုင်ပင်ရလောက်အောင် လိုအပ်တဲ့ ပွိုင့်ကတော့ ခုနက ပြောသလို မြောက်ပိုင်း အဖွဲ့တွေ လာရေးပါ။

မြောက်ပိုင်း အဖွဲ့တွေကို ဘယ်လို အခင်းအကျင်းမျိုး ၊ ဘယ်လို ပုံစံမျိုးနဲ့ လက်ခံမလဲ ဆိုတဲ့ ကိစ္စက ကျနော် သိသလောက်တော့ မနှစ်က ကျင်းပတဲ့ ဒီ ၂၁ ရာစု ပင်လုံ ပထမ အကြိမ်မှာတော့ အားလုံးကို တပ်ကို အပ်လိုက်တယ် ကြားတယ်။ တပ်က ခေါ်နိုင်တဲ့ လူတွေ ခေါ်ပါလို့ အပ်လိုက်တော့ တပ်က ခေါ်လိုက်တဲ့ အဖွဲ့တွေ ရှိတယ်။

ကချင်တို့၊ မိုင်းလားတို့ ပေါ့ဗျာ။ ၀ တို့ ပေါ့ဗျာ။ လက်မှတ်မထိုးပေမယ်လို့ လာကြတယ်။ ဒီနှစ်မှာ ကျတော့ ဒီ နိုင်ငံရေး ဆွေးနွေးပွဲ၊ နိုင်ငံရေး ရလဒ်လည်း ထွက်အောင် လုပ်မယ်ဆိုတော့ အခင်းအကျင်းက နည်းနည်း ပြောင်းသွားတဲ့အခါကျတော့ တပ်နဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ တိုင်ပင်ဖို့လိုလာတဲ့သဘောမျိုး ရှိတယ်။

ကိုကျော်ကျော်သိန်း။ ။ မြောက်ပိုင်း ၇ ဖွဲ့ တက်ဖို့ကိစ္စမှာ တရုတ် နိုင်ငံက အဓိက ပေါ့နော် ကြားဝင်ပြီးတော့ စေစပ်ခဲ့တယ်၊ အစိုးရ ဘက်ကိုရော မဟာမိတ် အဖွဲ့ဘက်ကိုရော စေ့စပ်ခဲ့တယ်လို့ ကျနော်တို့ သိထားတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်ဖို့အတွက် တရုတ်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်တောင်မှ ကြီးကြီးမားမား ရှိနေပါလဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ ကြီးကြီးမားမား ရှိကောင်း ရှိပါတယ်။ မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းဖို့ဆိုတာ တရုတ်ရဲ့ နိုင်ငံခြားရေး ပေါ်လစီ မှာ ပါပါတယ်။ တည်ငြိမ် အေးချမ်းမှု ဆိုတဲ့ နေရာမှာ ဒီ နိုင်ငံရေး အရ သင့်မြတ်မှု ရှိလား၊ မရှိလား။ သို့တည်းမဟုတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မလား၊ မတည်ဆောက်ဘူးလား ဆိုတာတွေက သူနဲ့ မဆိုင်ဘူး။ သူလည်း စိတ်မ၀င်စားဘူး။

သူ စိတ်ဝင်စားတာက အဆင်ပြေသွားတယ်။ ပဋိပက္ခ မရှိဘူး။ တည်ငြိမ် အေးချမ်းတယ်။ ဒါဘဲ လိုချင်တယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ်၊ မည်သည့် နည်းနဲ့ ဖြစ်ဖြစ် တရုတ်က မြောက်ပိုင်း ပဋိပက္ခတွေက သူ့ လက်ရာ၊ ခြေရာ မဟုတ်ဘူးဆိုတာ ပြဖို့ အနေနဲ့ သူက တိုက်ရိုက် သူက ဆွဲထုတ်ပေးနေတာပေါ့။

ဆွဲထုတ်လို့ ညှိနှိုင်းလို့ အဖြေရတဲ့ အထိတော့ မဟုတ်ဘူး။ လောလောဆယ်ဆယ် တွေ့ဆုံပြီးတော့ ကပျက်ယပျက် မလုပ်ဖို့ အတွက် သူ ဆွဲထုတ်ပေးနေတဲ့ ပုံပေါ့။ အဲသလိုတော့ တွေ့ရတယ်ဗျ။

ကိုကျော်ကျော်သိန်း။ ။ အခု ၂၁ ရာစု ပင်လုံ ညီလာခံ အခု အစိုးရ လက်ထက်မှာ ဆိုရင်တော့ နှစ်ကြိမ်ပေါ့။ သမ္မတ ဦးသိန်းစိန် လက်ထက် ကတည်းက ဆိုရင် သုံးကြိမ်မြောက်ပေါ့။ အခု ဒီ မနက်ဖြန် ကျင်းပမယ့် ၅ ရက်ကြာ ညီလာခံကနေ ပြီးတော့ အနိမ့်ဆုံး အနေနဲ့ ဘယ်လို ရလဒ်မျိုးကို မျှော်လင့်နိုင်ပါ မလဲ။ အမြင့်ဆုံး ဆိုရင်ရော ဘယ်လိုရလဒ်မျိုး အထိ မျှော်လင့်နိုင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ အနိမ့်ဆုံး အဆင့် အနေနဲ့ကတော့ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့အချက် ၅ ချက် ၆ ချက်တော့ ရနိုင်တယ်။ ကျနော် အဲသလို တွေ့တယ်။

နောက်ပြီးတော့ ပြည်ထောင်စုမှာ စီးပွားရေး စနစ်ပုံစံ ဘယ်လို သွားမလဲ။ ပြည်ထောင်စုမှာ လူမှုရေး ပုံစံ ဘယ်လိုသွားမလဲ။ ပြည်ထောင်စုမှာ ကျနော်တို့ ဒီ မြေယာနဲ့ သယံဇာတတွေကို စီမံခန့်ခွဲတဲ့ ကိစ္စ ဘယ်လိုသွားမလဲ ဆိုတာတော့ ကဏ္ဍ တခုမှာ ဆိုရင်တော့ ၄ - ၅ - ၆ ချက် ၁၀ ချက် ၁၅ ချက် ရှိကြမှာ။

အဲဒါတွေကလည်း အထပ်ထပ် စိစစ်ပြီးသား ဖြစ်တော့ ဒီညီလာခံကြီးမှာ တင်ပြီးတော့ တရားဝင်မှု ရယူဖို့ ဖြစ်ပါတယ်။ ဆိုတော့ ညီလာခံကြီးရဲ့ Ratification ပေါ့ အတည်ပြုချက် Ratify လုပ်ဖို့ တင်မှာဖြစ်တော့ ဒါက ကျနော်တို့ ရသင့် ရထိုက်တဲ့ ရလဒ်တွေတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ တချက်ပေါ့။

သို့သော် နည်းနည်းလေး ရလဒ် အခက်အခဲ ဖြစ်နိုင်တာက လုံခြုံရေး ကဏ္ဍ ဖြစ်တယ်။ အဲဒီ လုံခြုံရေး ကဏ္ဍမှာတော့ အခြေခံ အချက် ရမှ ရပါ့မလားလို့ ဒီတခုဘဲ ကျနော် သံသယ ရှိတယ်။ ကျန်တဲ့ ကဏ္ဍ ၄ ခုကတော့ ရကို ရမယ်။ ဒါတော့ ကျနော် ပြောရဲပါတယ်။

XS
SM
MD
LG