သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ပင်လုံမှာ ပြည်နယ်တိုင်းဖွဲ့စည်းပုံပြဌာန်းခွင့်ရဖို့ မျှော်လင့်


 NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ ၁နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား
NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ ၁နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကနေ မူအားဖြင့် သဘောတူထားတဲ့ပြည်နယ်နဲ့တိုင်းတွေမှာ သီးခြား ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ခွင့် အကောင်အထည်ဖော်နိုင်အောင် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံမှာ ဆွေးနွေးတင်ပြသွားမယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ပအိုဝ်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လာမယ့်မေ၂၄မှာ ကျင်းပတော့မယ့် ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာနဲ့လုံခြုံရေးစတဲ့ အချက်တွေ ဆွေးနွေးတင်ပြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ မဆုမွန် အသေးစိတ် တင်ပြထားပါတယ်။

၂၀၁၇ခုနှစ် မေလ ၂၄ရက် စတင်ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘက်ကလည်း တက်ရောက်မယ့်ကိုယ်စားလှယ်တွေ ရွေးချယ်တာ၊ ညီလာခံမှာတင်ပြနိုင်ဖို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာနဲ့လုံခြုံရေးစတဲ့ အချက်တွေ ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

အဓိကကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ၁၀ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကနေ မူအားဖြင့် သဘောတူလက်ခံခဲ့တဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ သီးခြားကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ခွင့်ကို အခုကျင်းပတော့မယ့် ဒုတိယအကြိမ် အစည်းအဝေးမှာ အကောင်အထည်ဖော်နိုင်ဖို့ တင်ပြဆွေးနွေးသွားဖို့ပြင်ဆင်နေတယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“ငြိမ်းချမ်းရေးညီလာခံကနေပြီးတော့ နိုင်ငံရေးကဏ္ဍအတွက် သဘောတူဆုံးဖြတ်ခဲ့တဲ့နေရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံစေဖို့အတွက်က ကျနော်တို့ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကျင့်သုံးခွင့်အပါအဝင် ဖက်ဒရယ်စနစ်ရဲ့အခြေခံမူတွေကိုတော့ ကျနော်တို့ဒီမှာ သဘောတူနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ထားပါတယ် အဓိကအားဖြင့်တော့ အကြိတ်အနယ်ဆွေးနွေးမှာကတော့ ပြည်ထောင်စုက ခွဲမထွက်ဘူးဆိုတဲ့ အချက်လည်းပါဝင်မှာဖြစ်တယ်။ နောက်တချက်ကတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတာအပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့အချက်တွေလည်း ရေးဆွဲပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ကြဖို့ရှိပါတယ် အတည်ပြုကြဖို့ရှိပါတယ်။ ပြီးရင်တော့ အဲဒါကို ပြည်ထောင်စုသဘောတူညီစာချုပ်ရဲ့အစိတ်အပိုင်းအနေနဲ့ ကျနော်တို့ သဘောတူချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။”

PNLO ရဲ့ စနေနေ့ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးကနေလည်း ၂၁ရာစုပင်လုံညီလာခံမှာ တက်ရောက်မယ့်ကိုယ်စားလှယ်(၁၉)ဦးရွေးချယ်တာ၊ တင်ပြမယ့်အကြောင်းအရာတွေ သုံးသပ်ဆွေးနွေးတာတွေနဲ့ ပြင်ဆင်နေကြတယ်လို့လည်း သူကပြောပြပါတယ်။

“မနေ့က ပြီးခဲ့တဲ့ PNLO အစည်းအဝေးမှာ လာမည့်၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူညီချက်တွေအနေနဲ့ ချုပ်ဆိုနိုင်ဖို့အတွက်ကိုလည်း ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဗဟိုကော်မတီအစည်းအဝေးမှာ ကျနော်တို့ ပြန်ပြီးသုံးသပ်တာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီမှာ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး နေရာနဲ့ သဘာဝပတ်ဝန်းကျင် အဲဒီ ကဏ္ဍ၄ ရပ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ပြည်လည်စိစစ်သုံးသပ်မှုတွေလုပ်တာဖြစ်ပါတယ်။ ဒီဟာတွေကို ညီလာခံကို တင်မှာဖြစ်ပါတယ်။ တင်ပြီးတော့ အဲဒီမှာ ညီလာခံမှာ ဆွေးနွေးမေးမြန်းပြီးတဲ့အခါမှာ ညီလာခံမှာအတည်ပြုကြဖို့ဖြစ်ပါတယ်။”

အလားတူပဲ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း ဗဟိုအမြဲတမ်းကော်မတီဝင်တွေ တွေ့ဆုံခဲ့ကြတဲ့ သူတို့ရဲ့ ၁၆ကြိမ်မြောက်ကွန်ကရက်ကနေ ၂၁ရာစုပင်လုံညီလာခံ တက်ရောက်မယ့် ကိုယ်စားလှယ်ရွေးချယ်တာ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ တင်ပြမယ့်အချက်တွေကို သုံးသပ်တာတွေလုပ်ခဲ့ကြောင်းနဲ့ NCA မှာ အကြောင်းအမျိုးမျိုးနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ အဖွဲ့တွေအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကရင်လူထုနဲ့အတူ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီအင်အားစုတွေနဲ့ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်း KNU က ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ်၂၁ရာစုပင်လုံညီလာခံမှာ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ တင်ပြဆွေးနွေးဖို့ပြင်ဆင်နိုင်ရေးသတ်မှတ်ပေးထားတဲ့အချက်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာလည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၁ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသုဝေက အခုလိုပြောပြပါတယ်။

“ညီလာခံမှာ တင်ဖို့ဆိုပြီးတော့အချက် ၅ ချက်ကို အမျိုးသားအဆင့်ဆွေးနွေးပွဲတွေမှာလည်း ချပေးလိုက်တယ်နော်။ အဲဒီချက်တွေကလည်း UPDJC ကိုရောက်လာတဲ့အခါမှာ အဲဒီအထဲက ဘယ်အချက်တွေကို ညီလာခံတင်ပေးမယ်ဆိုပြီးတော့ ချပေးလိုက်တဲ့အချက် ၅ ချက်ပဲ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ လယ်ယာ၊ နောက်ပြီးတော့ လုံခြုံရေး အဲဒီအခြေခံမူတွေကိုဆွေးနွေးပြီးတော့ ဒီညီလာခံမှာ ဆုံးဖြတ်ချက်ချတယ်ဆိုရင်တော့ Union Accord အဖြစ်ထားမှာပေါ့နော်။ နောက်သောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဆွဲတဲ့အခါမှာ အသုံးချနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီညီလာခံက ဆုံးဖြတ်ပေးလိုက်မှာပေါ့ အဲဒါတွေကို လွှတ်တော်တင်ပေးရမှာပေါ့။”

အခုကျင်းပမယ့် ဒုတိယအကြိမ်၂၁ရာစုပင်လုံညီလာခံမှာ ရှေ့ဆက်ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ခိုင်မာတဲ့ မူဘောင်တွေ၊ အများသဘောတူ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ရေးနဲ့ အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်လာနိုင်ရေး တိုက်တွန်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ရက်နေ့က NLD အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ (၂၁) ရာစုပင်လုံညီလာခံမှာတော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ အစိုးရ၊ လွှတ်တော် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြတာပါ။ အခုမေလ ၂၄ရက်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကိုတော့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ ဖိတ်ကြားထားတယ်လို့ဆိုပေမဲ့လို့ဖိတ်ကြားခြင်းမခံရတဲ့အဖွဲ့တွေလည်း ရှိနေတဲ့အတွက် အပစ်ရပ်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ အားလုံးတက်ရောက်ဖို့ကတော့ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG