သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC ညီလာခံမှာ နုတ်ထွက်မည့် အဖွဲ့ဝင်အရေး၊ ဆွေးနွေးမည်


ဧပြီလတုန်းကကျင်းပတဲ့ UNFC အစည်းအဝေး (NMG)
ဧပြီလတုန်းကကျင်းပတဲ့ UNFC အစည်းအဝေး (NMG)

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို မနက်ဖန်မှာစတင်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါးကို ဖိတ်ကြားထားပါတယ်။ဒီညီလာခံမှာ အဖွဲ့ဝင်တွေက သီးခြား ပထမပိုင်းအနေနဲ့ ဆွေးနွေးပြီး ဒုတိယပိုင်းမှာတော့ အဖွဲ့ဝင် မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီလ ၂၀ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ဒီညီလာခံမှာ UNFCအဖွဲ့ဝင်တွေရဲ့ ညီလာခံ ပထမပိုင်းကို ၂၆ရက်နေ့ထိ ၇ရက်ကြာကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ကတော့ ၂၇ရက်နေ့က ၂၉ရက်နေ့ထိ ၃ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

လောလောဆည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁အဖွဲ့အနက် နာဂအဖွဲ့ကလွဲရင် ကျန်အဖွဲ့အားလုံးကို ဖိတ်ကြားထားတယ်လို့ UNFC တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောပါတယ်။

“အားလုံးကို ဖိတ်ကြားထားပါတယ်ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ နာဂတဖွဲ့တော့မပါဘူးခင်ဗျ။ နာဂကိုမဖိတ်ဖြစ်ဘူး အရင်တုန်းကတော့ ပုံမှန်ဖိတ်ဖြစ်ပါတယ်ခင်ဗျ။ သူ့ဘက်က လာနိုင်ဖို့ အခက်အခဲရှိတယ်ပေါ့လေ အဲဒါကြောင့် ဒီတကြိမ်ကတော့ မဖိတ်ဖြစ်လိုက်တော့ဘူး ကျန်တဲ့အဖွဲ့တွေကိုတော့ ဖိတ်ပါတယ်။”

အစည်းအဝေးပထမပိုင်းမှာတော့ UNFC နဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။

“အဓိက UNFC ရဲ့ ဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေ နောက်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ အဲဒါတွေပါမယ် ၊ နောက်ပြီး ကျနော်တို့ မူဝါဒတွေ ပြန်လည်သုံးသပ်တာတွေ အဲဒါတွေ အဓိကရှိပါမယ်။ နောက်ပြီးတော့မှ နောက်သက်တမ်းအတွက် ဗဟိုအလုပ်မှုဆောင်အသစ် ရွေးတာတွေ အဲဒါတွေကို လုပ်သွားဖို့ ရှိပါတယ်။”

အစည်းအဝေး ပထမပိုင်းမှာပဲ UNFC အဖွဲ့ဝင်အဖြစ်က နုတ်ထွက်မယ့် အဖွဲ့တွေ အရေးကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

အစည်းအဝေး ဒုတိယပိုင်း ၃ရက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ သက်ဆိုင်မယ့် ငြိမ်းချမ်းရေးဆိုင်ရာ ဘုံလုပ်ငန်းစဉ်တွေကို ၂၀၁၆ခုနှစ် မိုင်ဂျာယန်မှာ ကျင်းပတဲ့ ညီလာခံက ဆုံးဖြတ်ချက်တွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။

ညီလာခံကို ဖိတ်ကြားထားတဲ့အဖွဲ့တွေထဲက ဘယ်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လက်ရှိ UNFC အဖွဲ့ဝင်စာရင်းမှာ ထည့်သွင်းသတ်မှတ်ထားတဲ့ PSLF ပလောင်တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ တက်ရောက်ဖို့ အခက်အခဲရှိနေကြောင်း PSLF ရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က ပြောပါတယ်။

“ဒီမြောက်ပိုင်းအဖွဲ့တွေ ကျနော်တို့မှာလည်း တခြားအစည်းအဝေးတွေနဲ့ တိုက်နေတာတွေရှိတယ်။ ခရီးသွားလာဖို့ နည်းနည်းခက်မယ့်ဟာတွေရှိတယ်။ ကျနော်တို့အဖွဲ့နဲ့ ကိုးကန့်အဖွဲ့ကတော့ အထူးသဖြင့် ကျနော်တို့ ၂ ဖွဲ့ကတော့ တိုက်ပွဲပြင်းထန်နေတယ် ၊ မြေပြင်ထဲမှာ ရန်သူက ကိုယ့်ကိုဝိုင်းနေတယ် ၊ နောက်ပြီးတခြားအစီအစဉ်တွေကလည်း ရှိတော့ ကျနော်ထင်တယ် ခေါင်းဆောင်တွေလည်း အဲဒီမှာ ကိုယ်စားလှယ်လွှတ်ဖို့ကတော့ နည်းနည်း ခက်နေတဲ့အနေအထားမှာရှိတယ် နဲ့ တူပါတယ်။”

ဒီလ ၁၄ရက်နေ့ကတော့ ပလောင်၊ ကိုးကန့်အပါအဝင် တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖို့အတွက် မြန်မာအစိုးရဖက်က တရုတ်ကိုယ်စားလှယ်ကနေ တဆင့် ကမ်းလှမ်းထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ပြည်ထောင်စု Institute ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းကတော့ UNFC ရဲ့ ရပ်တည်မှုဟာ FPNCC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ KIO ကချင်တပ်ဖွဲ့နဲ့ SSPP/SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့တွေအပေါ် မူတည်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒီ UNFC ကိစ္စကတော့ အဓိကက KIO နဲ့ SSPPနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာက အများကြီးမူတည်နေပါတယ်။ KIO ကတော့ ထွက်ခွင့်တောင်းထားပြီးပြီ၊ SSPPကတော့ ထွက်ခွင့်မတောင်းထားသေးဘူး သို့သော် ၂ ဖွဲ့စလုံးမှာ မြောက်ပိုင်းမှာဖွဲ့ထားတဲ့ FPNCC ထဲမှာပါတယ်၊ ဒီ UNFC ထဲမှာလည်း အခုအထိပါဝင်နေတယ်။ အဲဒီတော့ သူတို့ တကယ်ထွက်မှာလား မထွက်ဘူးလားဆိုတာ အဖြေကထွက်လာမှာက ဒီ UNFC ရဲ့ အစည်းအဝေးမှာပဲဖြစ်တယ်။ တကယ်လို့ မထွက်ဘူးဆိုရင်တော့ UNFC က အရင်ကလိုပဲ ဆက်ပြီးတော့ အားကောင်းမယ် ၊ အစိုးရနဲ့ ဆွေးနွေးတာလည်း အားကောင်းကောင်းနဲ့ ဆွေးနွေးနိုင်လိမ့်မယ်။”

UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကို ၂၀၁၁ခုနှစ်က အဖွဲ့ဝင် ၁၂ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ နုတ်ထွက်စာတင်ထားတဲ့ အဖွဲ့ ၄ဖွဲ့အပါအဝင် အဖွဲ့ဝင် ၉ဖွဲ့ ကျန်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG