သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC မှ ကေအိုင်အို နုတ်ထွက်မည့်သတင်းထွက်ပေါ်


UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ
UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

ဒီရက်ပိုင်းတွေအတွင်းမှာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးအတွက် အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင်တချို့ နုတ်ထွက်မယ့် သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ကို ပါဝင်လက်မှတ်ရေးထိုးရေး၊ ၂၁ရာစုပင်လုံမှာ တက်ရောက်ရေးစတာတွေအတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးနေတာပါ။ UNFC ဖက်က အချက်၉ချက်ကို အဆိုပြုထားပြီး ဒီအချက်တွေ သဘောတူရင် NCA ကိုလက်မှတ်ထိုးဖို့ရှိနေသလို အစိုးရဖက်ကလဲ မူအရ သဘောတူညီထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီအချိန်မှာပဲ UNFC အဖွဲ့ရဲ့ ဥက္ကဌတာဝန်ယူထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ဝအမျိုးသားအဖွဲ့ချုပ် WNO တို့က နုတ်ထွက်စာတင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။

KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူကတော့ UNFC ကနေ KIOနုတ်ထွက်တယ်ဆိုတဲ့သတင်း အပေါ်မှာ အခုလို ပြောဆိုပါတယ်။

“KIO ဗဟိုကော်မတီအနေနဲ့ နုတ်ထွက်ဖို့စာတင်တယ်ဆိုတာကတော့ ကျနော်တိတိကျကျ အတည်ပြုလို့တော့မရဘူး ကြားတာကတော့ UNFC အစည်းအဝေးမှာ ဆွေးနွေးဖို့အတွက် စာပို့ထားတယ်ဆိုတဲ့ သတင်းလောက်ပဲကျနော်ကြားပါတယ်။ ဒါပေမယ့် အဲဒီစာက ဘာတွေပတ်သက်တယ်၊ ဘာတွေရေးထားတယ်ဆိုတာကတော့ ကျနေ်ာလည်းမသိဘူး။ အဲလောက်ပဲ ကျနေ်ာကြားသိပါတယ်။ အဓိက တရားဝင်ထုတ်ပြန်တာကတော့ မရှိသေးဘူး။”

KIOအဖွဲ့ဟာ NCA ပြင်ပကနေ အစိုးရနဲ့ ဆွေးနွေးမယ်ဆိုတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့အတူ တရုတ်မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ဖွဲ့မှာ ပါဝင်နေသလို အစိုးရနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နုတ်ထွက်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ WNO ခေါ် ဝအမျိုးသားအဖွဲ့ချုပ်ကတော့ အပြီးအပြတ်မဆုံးဖြတ်ရသေးကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှုး ၁ ဗိုလ်မှုးတာညီလူက ပြောပါတယ်။

“လက်ရှိဒီနေ့ကျတော့ အတည်တော့မဟုတ်သေးပါဘူး။ ၁ ရက် ၂ ရက်ကတော့ ကျနေ်ာတို့ စောင့်ကြည့်ရမယ်ခင်ဗျ။ မနက်က ဟိုမှာ စီစဉ်တုန်း သတင်းတွေက ပေါက်သွားတဲ့အခါကျတော့ အဲလိုဖြစ်သွားတာပါ။”

KIOနဲ့ WNO နုတ်ထွက်မယ်ဆိုတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုအင်စတီကျု့ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ကျနေ်ာသိသလောက်ဆိုရင်တော့ KIO ကတော့ Confirm ဖြစ်တယ်လို့ ကျနော်သိရပါတယ်။ WNO ကတော့ စာမူကြမ်းကတော့ ရှိတယ် သို့သော် ဥက္ကဋ္ဌကြီးက အခုအထိလက်မှတ်မထိုးသေးဘူး။ မထိုးသေးတော့ ဒီဟာပြောလို့မရသေးဘူး။ ဥက္ကဋ္ဌကြီးကတော့ အချိန်တွေကိုစောင့်ကြည့်ချင်တဲ့သဘောရှိတယ်လို့ ကျနေ်ာထင်ပါတယ်။”

UNFC မှာ ပါဝင်တဲ့ အခြား အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီကတော့ နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဗဟိုကော်မတီကသာ ဆုံးဖြတ်နိုင်ကြောင်းနဲ့ ဗဟိုကော်မတီအစည်းအဝေးကလည်း ဇူလိုင်လလောက်မှ ကျင်းပဖို့ရှိကြောင်း ဦးခွန်ဆိုင်းက ပြောပါတယ်။

KIO နုတ်ထွက်တယ်ဆိုရင် UNFC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့က ဆက်လက် ဦးဆောင်ဖွယ်ရှိကြောင်း ဦးခွန်ဆိုင်းက ပြောပါတယ်။

“တကယ်လို့ KIO ကလည်း ပြန်မလာဘူးဆိုပါစို့ အဲလိုမျိုးဖြစ်တယ်ဆိုရင် UNFC ကတော့ NMSP နဲ့ KNPPတို့က ဦးဆောင်ရမယ့်သဘောဖြစ်တာပေါ့နော်။ သူတို့ အပေါ်မှာအဓိက မူတည်မယ်လို့ကျနေ်ာထင်ပါတယ်။ အခုနောက်ဆုံးအထိကတော့ ကျနော်သိရတာကတော့ KNPP ဒုဥက္ကဋ္ဌကြီး ခူးဦးရယ်ကတော့ ဘယ်သူပဲရှိရှိ ကျနေ်ာတို့ကတော့ ဆက်ပြီးလုပ်သွားမှာပဲလို့အဲလိုပြောတယ်။ ဒီနောက်ဆုံး ကျနေ်ာတို့တွေ့တုန်းကပေါ့နော်။”

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ နိုင်ငံရေးပြဿနာတွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာဖို့အတွက် ၂၁ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်စေရေး၊ NCA မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးရေးအတွက် ဆက်လက်ကြိုးပမ်းမှာဖြစ်ကြောင်းနဲ့ ဒီလိုဆွေးနွေးဆောင်ရွက်ရာမှာ NCA လမ်းကြောင်းအတိုင်း ညှိနှိုင်းသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG