သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပျော့လာတဲ့ UNFC နဲ့ ငြိမ်းချမ်းရေးအလားအလာ


April လတုန်းက UNFCအစည်းအဝေး (NMG)
April လတုန်းက UNFCအစည်းအဝေး (NMG)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တချို့ နုတ်ထွက်သွား တာကြောင့် မြန်မာနိုင်ငံရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ UNFC ရဲ့ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ UNFC ခေါင်းဆောင်ဟောင်းတဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂၁ ရက်နေ့က စတင်ကျင်းပနေတဲ့ UNFC ဒုတိယအကြိမ် ညီလာခံမှာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ကြီး တခုဖြစ်တဲ့ KIO ကချင်တပ်ဖွဲ့ နုတ်ထွက်သွားသလို၊ WNO ဝအမျိုးသားအဖွဲ့ချုပ်လည်း နုတ်ထွက်သွားကြတာပါ။

ဒီမတိုင်ခင် လွန်ခဲ့တဲ့၂နှစ် ၂၀၁၅ခုနှစ်ထဲမှာ တအာင်းပလောင် TNLA တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ နုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ KNU ကရင်လက်နက်ကိုင်အဖွဲ့ဟာလည်း NCA မှာလက်မှတ် မထိုးခင်ကတည်းက သူတို့သဘောနဲ့သူတို့ နုတ်ထွက်ခဲ့ပါတယ်။ UNFC ထဲကနေ အခုလို လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ တစစ နုတ်ထွက်သွားတာကြောင့် မြန်မာနိုင်ငံမှာ အပစ်ရပ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ဆိုရင် UNFC ထဲမှာကျန်နေတဲ့ အဖွဲ့တွေရဲ့ ချင့်ချိန်ဆုံးဖြတ်မှုပေါ်မှာ မူတည်လိမ့်မယ်လို့ UNFC ခေါင်းဆောင်ဟောင်း- ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး တပ်ဦးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“အခုပူပူနွေးနွေးနောက်ဆုံး နုတ်ထွက်တာကတော့ KIO နဲ့ ဝပေါ့ဗျာ ၂ ဖွဲ့ပေါ့။ UNFC ရဲ့ ဖွဲ့စည်းပုံကတော့ အဖွဲ့ဝင်တွေက နုတ်ထွက်ချင်ရင် စာပို့တယ်ဆိုရင် နုတ်ထွက်ခွင့်ပြုတဲ့ သဘောရှိပါတယ်။ UNFC ထဲမှာ ဆုံးဖြတ်ပေးရမှာက ၂ ဖွဲ့ပဲ ကျန်မှာပေါ့နော် မွန်ပြည်သစ်ပါတီနဲ့ KNPP ပေါ့နော် ဒီ ၂ ဖွဲ့အပေါ်မူတည်တာပေါ့။ ဒီ၂ဖွဲ့မှာ တိုင်းသူပြည်သားတွေ လိုလားနေတဲ့ပုံစံအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲလည်း ရောက်နိုင်အောင် ဒါကိုတော့ သူတို့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်မယ်ထင်တယ်။”

UNFC တပ်ပေါင်းစုထဲကနေ လက်နက်ကိုင်အဖွဲ့တွေ အခုလို နုတ်ထွက်သွားရတဲ့ အကြောင်းကိုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ခုလို သုံးသပ် ပါတယ်။

“ဒီ ၂ နှစ်ပတ်ဝန်းကျင်မှာ UNFC အနေနဲ့ ရှေ့မတိုးနိုင် နောက်လည်းမဆုတ်နိုင် အခြေအနေပေါ့ဗျာ၊ ဆွေးနွေးပွဲတွေက ပြတ်ပြတ်သားသားမရှိတဲ့အခါကျတော့ ဒီမြောက်ပိုင်း အဖွဲ့ဘက်က ချဉ်းကပ်တာ ပိုပြီးတော့ မြန်သလိုဖြစ်နေတယ်။ ဒါကြောင့်မြောက်ပိုင်း အဖွဲ့တွေချဉ်းကပ်မှု၊ တရုတ်ရဲ့ပံ့ပိုးမှု ကိုကြည့်ပြီးတော့ နည်းနည်းလေး အလားအလာပိုကောင်းတဲ့ ဘက်ကို ကူးပြောင်းကြတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။

မေး။ ။ အဲဒီတော့ UNFC ထဲမှာ အခုထွက်သွားတဲ့အဖွဲ့တွေ ပြည်လည်ပေါင်းစည်းရေး အလားအလာကို ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ မရှိဘူးခင်ဗျ ထွက်သွားတဲ့အဖွဲ့ကတော့ ပြန်ပေါင်းဖို့တော့မလွယ်ဘူး ဒါပေမယ့် ပြန်ပေါင်းနိုင်တာ တခုပဲရှိတယ်၊ NCA လက်မှတ်ထိုးပြီးရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ အတူတကွပြန်လုပ်နိုင်တဲ့ အခြေအနေမျိုးတော့ရှိပါတယ်။”

လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ UNFC ထဲက အခုလိုနုတ်ထွက်သွားတာကြောင့် UNFC တပ်ပေါင်းစုကို အားနည်းသွားစေတယ်လို့ ဖက်ဒရယ်အရေး လေ့လာနေတဲ့ ဂျာမနီအခြေစိုက် စိုင်းဝမ်စိုင်းက ရှုမြင်ပါတယ်။

“ပြိုကွဲပြီလားဆိုရင်တော့ သူက Officially တော့မပြိုကွဲဘူး ၊ အားနည်းသွားသလား ဆိုရင်တော့ သူကတော့ အားနည်းသွားတယ်။ ဒီ SSPP ကျတော့ UNFC ထဲကတော့ မထွက်ဘူး ဒါပေမယ့် ပန်ဆိုင်း Alliance နဲ့လည်း သူက ဝေးနေတယ်။ တကယ်လို့ SSPP က ဆက်နေမယ်ဆိုရင် UNFC က အဲလောက်ကြီး အားမနည်းဘူးလို့ ပြောလို့ရတယ်။”

ဒါဆိုရင် ဘယ်အချိန်မှာ ဘယ်လိုအခြေ အနေတွေအောက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်လာမှာပါလဲ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ခုလိုမြင်ပါတယ်။

“ဒီအချိန်ကတော့ ပြောရခက်တယ်ခင်ဗျ၊ အခင်းအကျင်းကတော့ နားလည်လို့ရတယ် မြန်မာပြည် ငြိမ်းချမ်းရေးမှာတော့ အားလုံးကတော့ ပါလာကြမှာပဲ ဘယ်သူမှတော့ စစ်ဆက်တိုက်ဖို့တော့ အကြောင်းမရှိဘူး။ ပါလာမယ့်နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာပေါ့ဗျာ ၊ ကိုယ်လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်း၊ ကိုယ်လိုချင်တဲ့ ပြည်နယ်အဆင့်အတန်း ရချင်တဲ့ လိုင်းတွေက မတူတဲ့အခါကျတော့ ချဉ်းကပ်တဲ့နေရာမှာ နည်းနည်းကွာတာပေါ့ ။ သို့သော်လည်း မြောက်ပိုင်းက NCA လမ်းကြောင်းမဟုတ်ဘူးလို့ မပြောတော့ဘူး ၊ NCA ကိုလိုအပ်သလို ပြုပြင်ပြောင်းလဲပြီးတော့ ပါလာမယ်ဆိုပြီးတော့ NCA ဘောင်ထဲကပဲ ဆက်သွားမယ့် ပုံမျိုးတော့ လေသံပြောင်းသွားတာ တွေ့ရတယ်။ UNFC ရဲ့ အုပ်စုကလည်း ဒီလိုပဲခင်ဗျ NCA လမ်းကြောင်းသွားမယ်လို့ ပြောပေမယ့် All Inclusive ဆိုတာကတော့ ချန်လိုက်ပြီဗျ ၊ ဒါကြောင့် ဒါတွေကို ပြန်သုံးသပ်ပြီးရင်တော့ ၂၀၁၇ ထဲမှာတော့ အားလုံးပေါ့ အမျှော်အမြင်ရှိရှိနဲ့ ရှေ့တိုးနိုင်တဲ့နည်း ရလာမယ်လို့တော့ ကျနော်ယူဆတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (၂၁)ဖွဲ့ရှိပြီး NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးထားတာ ၈ ဖွဲ့သာရှိသေးတာပါ။ UNFC ဦးဆောင်တဲ့အဖွဲ့တွေနဲ့ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့မြောက်ပိုင်း အဖွဲ့တွေကတော့ အစိုးရ/ တပ်မတော်တို့နဲ့ ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG