သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား တိုက်ပွဲ ပြန်လည်ပြင်းထန်


ကချင်လက်နက်ကိုင်တပ်ဖွဲ့
ကချင်လက်နက်ကိုင်တပ်ဖွဲ့

အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးအဖွဲ့တွေအကြား ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်နေချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေပါတယ်။ လတ်တလော တိုက်ပွဲပြင်းထန်နေတာက ကချင်ပြည်နယ်အတွင်းမှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကျင်းပအပြီး တလအတွင်းမှာ တိုက်ပွဲတွေ ဟာ ပြန်လည် ဖြစ်ပွားလာနေပြီး အထူးသဖြင် ကချင်ပြည်နယ် တနိုင်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန် နေတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေဟာ ဒီလ အစောပိုင်းကတည်းက စတင်လာခဲ့ရာက ရွှေနဲ့ ပယင်းမှော်တွေက ရွှေ့ပြောင်းလုပ်သားတွေ ၁၅ရက်နေ့မှာ နောက်ဆုံးထား ထွက်ခွာဖို့ သတိပေးခဲ့တဲ့နောက် ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ဖားကန့်ဒေသ အခြေစိုက်ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

“တနိုင်းမှာတော့ ဒီမနက်တကြိမ် လဝနားမှာ တိုက်ပွဲ ဖြစ်တယ် မနက် ၇ နာရီလောက်မှာဖြစ်တယ်လို့ ကြားတယ်။ မနေ့၁ ရက်ထဲတောင်မှ ၅ ကြိမ်ဖြစ်တယ် တနိုင်းလမ်းမှာပေါ့နော်။”

အင်္ဂါနေ့က မိုးကောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း နဲ့ ဇွန်လဆန်းပိုင်းက စတင်ပြီး KIA တပ်မဟာ၂နယ်မြေ ဖားကန့်နဲ့ တနိုင်းဒေသဖက်မှာ တိုက်ပွဲအကြိမ် ၃၀ကျော်လောက် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ နည်းနည်းကြာလာပြီ ကျနော်တို့ ဒီလဆန်းပိုင်းကနေ စပြီးတော့ ဖြစ်တာ။ ကျနော်တို့ ဒီဘက်မှာတော့ ကျနေ်ာ့ဧရိယာဘက်မှာတော့ ၇ ကြိမ်လောက်ဖြစ်တယ်ခင်ဗျ ။ ဒီ တနိုင်းလမ်းဘက်မှာတော့ များတယ်၊ အဲဒီဘက်မှာ တိုက်ပွဲက စိပ်တယ်ခင်ဗျ။ သူ့တို့ဘက်ကတော့ ကျနော်ထင်တယ် အကြိမ် ၃၀ အထက်တော့ ရှိလောက်ပြီထင်တယ်။”

ဒီတိုက်ပွဲတွေကြောင့် ရွှေနဲ့ ပယင်းမှော်တွေက ထောင်နဲ့ ချီတဲ့လုပ်သားတွေအပြင် အင်ဂါးဂါးရွာ၊ နန်ခမ်းရွာနှင့် ကောင်ရာရွာ သားတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း အင်္ဂါနေ့က TNLA ခေါ် တအာန်း (ပလောင်)တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြားတိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအခြေအနေကို TNLA တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးတားအိုက်ကျော်က အခုလို ပြောပါတယ်။

“မနေ့ကတော့ ကွတ်ခိုင်မြို့နယ် လွမ်မော်ရွာအနီးမှာ နေ့လည်၁ နာရီခွဲကနေ ၂ နာရီ၄၀ အထိကတော့ တိုက်ပွဲတခါဖြစ်တယ်။ မြန်မာ့တပ်မတော်က ထိုးစစ်တက်လာတော့ တောထဲမှာ ကျနော်တို့အဖွဲ့နဲ့ တိုးတော့ တိုက်ပွဲတွေဖြစ်တယ်။ မနေ့ကတော့ ဖြစ်တယ် တိုက်ပွဲတွေမဖြစ်တာကတော့ ၃-၄ ရက်လောက်တော့ရှိပြီ ။ ဒီနေ့တိုက်ပွဲတွေ ဖြစ်တာကတော့ မရှိသေးဘူး။”

လောလောဆည်မှာ TNLA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တပ်ဖွဲ့တွေဟာ အနီးကပ်တည်ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ကြောင်းလည်း ပြောပါတယ်။

ဒီလ ၁၇ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော် နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -JMC-S ကို တင်ပြထားသလို လာမယ့် လပတ်အစည်းအဝေးမှာလည်း တင်ပြသွားမှာဖြစ်ကြောင်း RCSSရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားတာတော့ မရှိသေးသလို ထိခိုက်ကျဆုံးတဲ့သတင်းကိုလည်း အတိအကျ မသိရသေးပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဟာ KIA ကချင်နဲ့ TNLA ပလောင်တပ်ဖွဲ့တွေပါဝင်တဲ့ တရုတ်မြန်မာအခြေစိုက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်အစိုးရ ကိုယ်စားလှယ်ကနေတဆင့် ညှိနှိုင်းနေပါတယ်။ ထိုင်းမြန်မာနယ်စပ်အခြေစိုက် UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ကတော့ လာမယ် ဇူလိုင်လမှာ ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG