သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရငြိမ်းကော်မရှင် တွေ့ဖို့ ညှိနှိုင်းနေ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၅၊ ၂၀၂၀)

မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် ဝတပ်ဖွဲ့က ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် မြန်မာအစိုးရဘက်က ကမ်းလှမ်းထားပြီး နှစ်ဖက်တွေ့ဆုံဖို့အတွက် ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ဒီညှိနှိုင်းနေတဲ့ အချက်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်-က ကော်မတီအနေနဲ့ တွေ့ဆုံဖို့တောင်းဆိုထားတဲ့အချက်နဲ့ အစိုးရဘက်က NCA မူဘောင်အတွင်းက တွေ့ဆုံဖို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပြင်ပကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အတွက် တင်ပြထားတဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့ ဆွေးနွေးဖို့အတွက် မြန်မာအစိုးရဘက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် ကတဆင့် ညှိနှိုင်းနေတာဖြစ်ပါတယ်။

ဒီလိုညှိနှိုင်းနေကြောင်းကို ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။

" မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ NRPC ကတော့ တရုတ်ဘက်ကနေပြီးတော့ ဆင့် ကျနော်တို့နဲ့တွေ့ချင်တယ်ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ အခုကျနော်တို့ကို အကြောင်းကြား ထားတဲ့ပုံစံက တဖွဲ့ချင်းပုံစံလိုဖြစ်နေတော့ ကျနော်တို့ပြောတာက လက်တွေ့ကျကျ အလုပ်ဖြစ်ဖို့ဆိုတာက ကော်မတီအနေနဲ့ တွေ့မယ်ဆိုရင်တော့ အဆင်သင့်ဖြစ်တယ်လို့ ကျနော်က အကြောင်းပြန်ထားတယ် ဒါပေမဲ့ အခုထက်ထိတော့ ဘာမှတော့ မပြောသေးပါဘူး။ ကျနော်တို့က ကေ်ာမတီအနေနဲ့ တွေ့နိုင်တယ် တွေ့ပါမယ်လို့ ပြောထားတယ်။ တရုတ်ကို မနေ့က အကြောင်းကြားထားပါတယ်။"

တရုတ်မြန်မာနယ်စပ်အခြေစိုက် UWSA ဝတပ်ဖွဲ့၊ KIO ကချင်တပ်ဖွဲ့၊ SSPP/SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့၊ NDAA ခေါ် မိုင်းလားတပ်ဖွဲ့၊ PSLF ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ရခိုင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီလက အစိုးရနဲ့ ဆွေးနွေးဖို့အတွက် FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရာမှာ တဖွဲ့ချင်းအနေနဲ့ မဆွေးနွေးဘဲ ကော်မတီအနေနဲ့ သာဆွေးနွေးမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက နှစ်ဖက်တွေ့ဆုံဖို့အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အခုလို ပြောပါတယ်။

" ကျနော်သိရသလောက်ကတော့ လူကြီးတွေ ညှိနှိုင်းနေတယ်ခင်ဗျ။ အင်း ခုနှစ်ဖွဲ့စလုံးတော့ တပြိုင်နက်တည်း တွေ့မှာမဟုတ်ဘူးထင်တယ်။ အဲ့တာကိုလည်း ကျနော်တို့ ညှိနှိုင်းနေတာပါ။ ဘယ်လိုတွေ့ဆုံမလဲဆိုတာကိုပဲ ညှိနှိုင်းနေတာပါ။ ကျနော်တို့က NCA လမ်းကြောင်းအတိုင်းပဲသွားမယ်ပြောထားတော့ ဒါကလည်း ညှိရမှာပေါ့။ ရက်ကတော့ ခန့်မှန်းလို့မရသေးဘူးဗျ။ ကျနော်တို့ ဘက်ပေါင်းစုံ ညှိနေရပါတယ် အစိုးရရော တပ်မတော်ကိုရော တဘက်ကိုရောပေါ့။ "

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတုန်း ကတော့ FPNCC က ကော်မတီအနေနဲ့ ဖိတ်ကြားရင် တက်ရောက်မှာဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်တွေဖြစ်တဲ့ ဝ၊ မိုင်းလား၊ ကချင် နဲ့ ရှမ်းစတဲ့ အဖွဲ့တွေကို ဖိတ်ကြားခဲ့ပေမဲ့ တခြား အဖွဲ့တွေ မပါဝင်တာကြောင့် ညီလာခံကိုမတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ညီလာခံ မကျင်းပမီ တရက်အလိုမှာမှ တရုတ်ကိုယ်စားလှယ် ဆွန်ကော့ရှန် ရဲ့ ကြားဝင်ညှိနှိုင်းပေးချက်အရ အစိုးရဖက်က အဖွဲ့၇ဖွဲ့လုံးကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။

အထူးဖိတ်ကြားခံရသူဟာ ညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်မရှိတာကြောင့် ညီလာခံဖွင့်ပွဲ ကျင်းပပြီး နောက်တရက်မှာ FPNCC အဖွဲ့ဝင်တွေက ညီလာခံကို ဆက်လက် မတက်ရောက်ခဲ့ပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခဲ့ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဝ၊ ကချင်၊ ရှမ်း၊မိုင်းလားတွေနဲ့ ပလောင်၊ ကိုးကန့်၊ ရခိုင်အဖွဲ့တွေကို အစုအဖွဲ့ ၂ခုအဖြစ် သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG