သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်း တိုက်ပွဲကြောင့် ကချင်စစ်ဘေးရှောင်တွေ ဒုက္ခပိုရောက်


မှတ်တမ်းဓာတ်ပုံ - ဂျာမိုင်ကောင်း စစ်ရှောင်စခန်းမှာ၂၀၁၅ ခုနှစ်က ရိုက်ယူထားတဲ့ ကချင်စစ်ရှောင် ဒုက္ခသည်တွေ။
မှတ်တမ်းဓာတ်ပုံ - ဂျာမိုင်ကောင်း စစ်ရှောင်စခန်းမှာ၂၀၁၅ ခုနှစ်က ရိုက်ယူထားတဲ့ ကချင်စစ်ရှောင် ဒုက္ခသည်တွေ။

မြန်မာ့ တပ်မတော်ကနေ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ် တနိုင်းက မှော်တွင်းတွေကနေ ထွက်ခွာ ကြဖို့ ညွှန်ကြားချက် ပေးပြီးတဲ့နောက်မှာ ဒေသခံတွေ အပါအဝင် မှော်လုပ်သားတွေ နေရပ်ကနေ ထွက်ခွာနေကြတာ အခုဆိုရင် တနိုင်းမြို့အတွင်းမှာ စစ်ဘေးရှောင်(၇၀၀)ကျော်ရောက်ရှိနေပြီးလို့ ခရစ်ယာန် အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

တနိုင်းမြို့နယ် အတွင်း တိုက်ပွဲ စတင်ဖြစ်ပွားနေသလို စစ်ဘေးရှောင်တွေ အနေနဲ့ ရေရှည်မှာ စားသောက် နေထိုင်ရေး ခက်ခဲမယ့် အခြေအနေ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ ထားပါတယ်။

မှော်တွင်းကနေ ထွက်ခွာဖို့ တပ်မတော်ကနေ ညွှန်ကြားလာပြီး နောက်ပိုင်း လက်ရှိ တနိုင်းမြို့ထဲက ခရစ်ယာန် ဘာသာရေး ကျောင်းထဲမှာ စစ်ဘေးရှောင် ဒုက္ခသည် (၇၀၀) ကျော် ရောက်ရှိနေတယ်လို့ခရစ်ယာန်အသင်းတော် တာဝန်ရှိသူ ဦးနော်တောင်က ပြောပါတယ်။

“ သူတို့နေနေရတဲ့ နေရာတွေက အင်မတန် စိုးရိမ်ရတဲ့နေရာတွေ ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ ဘုရားကျောင်း ၃ ကျောင်းမှာ ကျနော်တို့ နေရာချထားတယ်။ KBC မှာကြတော့ ခုလောလောဆယ်မှာက ၄၂၉ ဦး၊ RC မှာကြတော့ ၁၅၃ ဦးရှိတယ်။ AC မှာက ၁၃၉ ဦး အဲဒီလို အနေအထား ရှိပါတယ်ခင်ဗျ။ ”

အခုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ လူမှု အဖွဲ့အစည်းတွေ ကနေ ကူညီထောက်ပံ့ ပေးနေပေမယ့် ကချင်ပြည်နယ် အစိုးရကနေ ကူညီမှု မရှိသေးတာကြောင့် ရေရှည်မှာ အခက်တွေ့နေတယ်လို့ ဦးနော်တောင်က ပြောပါတယ်။

“ အခု လောလောဆယ် တောင်မှ အသင်းတော်က သူတို့ ရန်ပုံငွေနဲ့ တခြားအလှုရှင်တွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့ နိုင်ငံရေးပါတီတွေ၊ အလှုရှင်တွေ ကနေ နည်းနည်ကျဉ်းကျဉ်း ထောက်ပံ့ ပေးတဲ့ ဆန်ဆီဆားနဲ့ပဲ သူတို့ကို အကူညီပေးနေတဲ့ အခြေနေမျိုး ဖြစ်နေတယ်။ ရေရှည်ဆိုလိုရှိရင်တော့ သူတို့ရဲ့စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ ဖြစ်လာနိုင်ပါတယ် ခင်ဗျ။ ”

ဒေသခံ အာဏာပိုင်တွေ အနေနဲ့ကတော့ စစ်ဘေးရှောင်တွေကို တနိုင်းမြို့နယ် ထဲက ကောင်ရာရွာမှာ နေထိုင်ဖို့ တွန်းအားပေး နေပေမယ့် လုံခြုံမှုအားနည်းတဲ့ အခြေအနေကြောင့် အခြေချဖို့ မဖြစ်နိုင်ဘူးလို့ ဦးနော်တောင်က ဆိုပါတယ်။

လက်ရှိမှာ တနိုင်းဒေသ အတွင်း မြန်မာ့တပ်မတော်နဲ့ KIO ကချင်လွတ်လပ်ရေး အဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွား နေသလို ဆန်သယ်ယူမှု ပိတ်ပင်လာတာကြောင့် ဆန်ဈေးတွေ အဆမတန် တက်နေတယ်လို့ ဦးနော်တောင်က ဆိုပါတယ်။

“ တနိုင်းနဲ့ မြစ်ကြီးနား သွားလာတဲ့လမ်းတွေ ကျနော်တို့ဒီ သွားလာတဲ့ လူတွေ ကားတွေကို စစ်ဆေးနေတယ်။ နောက်ပြီးတော့ တနိုင်းဖက်ကို တက်လာတဲ့ ဆန်တွေကို ပိတ်ထားတာတို့ အဲဒီသတင်းတော့ ကြားတယ်ခင်ဗျ။ အခု တနိုင်းမှာ ဆန်ဈေး ၅ သောင်း၊ ၅ သောင်းကျော် တက်လာတာ အဲလိုမျိုးတွေ ဖြစ်နေတယ် ခင်ဗျ။ ”

လက်ရှိမှာ မြန်မာ့ တပ်မတော်ကနေ KIO ကချင် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့ မှော်တွင်း (၁၀) ခု မှာနေထိုင်တဲ့ သူတွေကို ဇွန်လ (၁၅) ရက်နေ့ အတွင်း ထွက်ခွာဖို့ ဇွန်လ (၅) ရက်နေ့မှာ စာထုတ်ပြန်အပြီး ဒေသခံတွေ တဖွဲဖွဲ ထွက်ခွာ လာနေတာပါ။

တနိုင်းမြို့နယ် အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ KIO ကချင် လွတ်လပ်ရေး အဖွဲ့တို့ကြား ဒီလဆန်းပိုင်းက စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

တနိင်းမှော် ဒေသအတွင်း ဒေသခံတွေနဲ့ မှော်လုပ်သားတွေကို တပ်မတော်ကနေ ထွက်ခွာခိုင်းတဲ့ အကြောင်းပြချက်ဟာ မှော်တွင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ အချက်တခုလည်း ပါဝင်နေပါတယ်။

ကချင်လူမှုရေးကွန်ယက် အထွေထွေ အတွင်းရေးမှူး ကိုစာဂျီး အနေနဲ့ကတော့ ဒီအကြောင်းပြချက် အပေါ် ငြင်းဆိုခဲ့ပါတယ်။

“ တရားမဝင် လုပ်တဲ့အချိန်မှာပဲ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးသလား။ လူမှုရေးဆိုးကျိုးဖြစ်သလား၊ ဆိုတဲ့ မေးခွန်းပေါ့နော်။ အခု လုပ်တဲ့ ဖါးကန့်ကတော့ ဘယ်သူကို အရေးယူဆောင်ရွက်သလဲ။ အဲဒီမှာ နယ်မြေရှင်းလင်းရေးက တပ်မတော်နဲ့ အစိုးရတပ်နဲ့ လုပ်ကွက်ချထားတဲ့ နေရာမှာပေါ့နော် အများကြီး။ လူမှုဆိုးကျိုး သဘာဝတွေ ပျက်စီးတယ်။ ဒီဟာတွေက ဘယ်သူက အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့ မေးခွန်း မေးစရာရှိတာပေါနော်။ ”

တပ်မတော် အနေနဲ့ တနိုင်းမြို့နယ်ထဲက မှော်တွင်းတွေကို ထိန်းချုပ်လိုတာကြောင့် အခုလို မှော်တွင်းရှိရာ ဒေသထဲ စစ် ဆင်ရေး လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ထားပါတယ်။

လက်ရှိမှာ တနိုင်း ဖါးကန့် ဒေသတွင်း သွားလာရေးမှာ KIO ဘက်က ညဘက်မှာ ယာဉ်မသွားရ အမိန့် ထုတ်ပြန်ထားသလို တပ်မတော် ဘက်ကလည်း သွားလာရေးမှာ စိစစ်မှုတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

NCA အပစ်ရပ် လက်မှတ် မရေးထိုးနိုင်သေးတဲ့ KIO ကချင် လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား တကျော့ပြန် စစ်ရေးတင်းမာလာခဲ့တာ (၆) နှစ် ပြည့်တော့မှာ ဖြစ်သလို တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် တသိန်းကျော် ကချင်ပြည်နယ်နဲ့ တရုတ်နိုင်င နယ်စပ်တွေမှာ စစ်ဘေး တိမ်းရှောင် နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG