သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေတိုး


ကချင်ပြည်နယ်တွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေး ခိုလှုံနေရသူတွေရဲ့ စခန်း။
ကချင်ပြည်နယ်တွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေး ခိုလှုံနေရသူတွေရဲ့ စခန်း။

ကချင်ပြည်နယ် တနိုင်းမြို့ပြင်တဝိုက် ကျေးရွာတွေမှာ အစိုးရတပ်ရဲ့ထိုးစစ်တွေ ပြင်းထန် လာတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် ကလေးငယ်နဲ့ သက်ကြီး ရွယ်အိုတွေ ရာနဲ့ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ သူတို့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ KIO/KIA အဖွဲ့က လက်မှတ်ထိုးလာအောင် ဖိအားပေးတဲ့ သဘောနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပအပြီးမှာ အစိုးရတပ်နဲ့ ကချင်KIA တပ်တွေကြား ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်မှာ တိုက်ပွဲ ပြန်ဖြစ်နေတာပါ။ ဒီအတောတွင်း တနိုင်းမြို့မှာရှိတဲ့ ရွှေနဲ့ ပယင်းတူးဖေါ်တဲ့ မှော်တွင်းတွေကနေ ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာ ပေးကြဖို့ အစိုးရစစ်တပ်က အဲဒီဒေသမှာ ဒီရက်ပိုင်း အတွင်း စာကျဲချ သတိပေးထားပါတယ်။

တနိုင်းမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ အစိုးရတပ်ရဲ့ထိုးစစ်ကြောင့် နမ်ဗြူနဲ့ အင်ဂါးဂါးရွာတွေက ဒေသခံ လေးရာကျော်ဟာ စစ်ဘေးရှောင်ပြီး ဇွန်လ ၆ ရက်နေ့ညနေမှာ တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးနဲ့ သက်ကြီးရွယ်အို စစ်ရှောင် ဒုက္ခသည်တွေကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ KBC က ရေလမ်း၊ ကုန်းလမ်းကတဆင့် သွားရောက်ခေါ်ယူခဲ့ရကြောင်း ကချင် လူ့အခွင့်အရေးရှေ့နေ ဒေါ်ဒွဲဘူက VOA ကို ပြောပါတယ်။

“ တိုက်ပွဲဖြစ်လို့ ပြေးလာကြတဲ့လူတွေ တော်တော်များများ ရောက်တယ်။ နောက်တချို့ အဲဒီမှော်ထဲမှာ ရှိနေတဲ့ လူတွေ တော်တော်များများလည်း ရောက်တယ်ပေါ့နော်။ ဒီညရောက်တာ လေးရာနဲ့မှ ငါးယောက် လို့ပြောတယ်။ သူတို့ရောက်လာတာက နမ်ဗြူ ရွာနဲ့ အင်ဂါးဂါးရွာပေါ့နော်။ အဲတော့ အင်ဂါးဂါးရွာမှာ တိုက်ပွဲတွေဖြစ်တယ်တဲ့။ နောက်တခြား နေရာတွေမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ အဲတော့ ရွာနားအထိ တိုက်လာတယ်ပေါ့။ အဲတော့ ကျမတို့ ထင်တာကတော့ လေယာဉ်က စာတွေကြဲလို့ပေါ့နော် သူတို့ ထွက်ပြေး လာတယ်လို့ထင်တာ။ မဟုတ်ဘူး .. သူတို့ရွာသားတွေ ဒီညပြောပြတဲ့ အခါကျတော့ ဘာပစ္စည်းမှလည်း မသယ်နိုင်ဘူးတဲ့။

ရွာထဲအထိ ဒီ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် ဘုရားကျောင်းတွေကော စာသင်ကျောင်းတွေကော ထိလာတဲ့အတွက် သူတို့ကြောက်လို့ ထွက်ပြေးလာ တာပေါ့နော်။ များသောအားဖြင့် ဒီညရောက်လာတာက ကလေးတွေရယ် အသက်ကြီးတွေရယ်၊ အမျိုးသမီးတွေရယ် ဗိုက်ကြီးသည်တွေရယ်၊ နောက်ပြီးတော့ မနေ့ညကမှ ကလေးမွေးတဲ့ အမျိုးသမီးလည်းပါတယ်။ ကားစီးတော့ သွေးတွေသွန်လို့ အခုဟိုမှာ ပို့ထားတာပေါ့နော်။ နောက် တပတ်သား အသက်ရှိတဲ့ ကလေးတွေလည်း ပါတာပေါ့နော်။ ကလေးမီးဖွားထားတာ။ မီးဖွားကာနီး ဗိုက်ကြီးကြီး နဲ့လည်းပါတယ်။ အဲလိုမျိုး ဦးစားပေးပြီး ဒီညအိမ်ခေါ်လာတာပါ ။ ”

အခုလို ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အရေးပေါ် ကူညီဖို့ ဒေါ်ဒွဲဘူက အစိုးရကကို တိုက်တွန်းလိုက်ပါတယ်

“ ၂၁ ပင်လုံပြီးတိုင်းပြီးတိုင်း ကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတာတော့ရှိတာပေါ့နော်။ အဲဒီတော့ ကျမတို့ကတော့ အစိုးရကိုပြောချင်တာကတော့ ဒီလိုတိုက်ပွဲတွေ ဖြစ်လာတိုင်း ဖြစ်လာတိုင်းမှာ အဓိကထိခိုက်နစ်နာတာ ကျမတို့ အမျိုးသမီးတွေနဲ့ကလေးတွေ အင်မတန်စိတ်မကောင်းစရာဖြစ်ပါတယ် နောက်ပီးမှ ဒီကိုယ်ဝန်ဆောင်သည်တွေပေါ့နော်။

ကလေးတွေလည်း အရမ်းငယ်တယ်။ အရမ်းဒုက္ခရောက်တယ်။ ဒီကနေ့ဆိုလို့ရှိရင် သူတို့ ကုန်းတတန် ရေတတန်နဲ့၊ အဲဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စ ကိုတော့ အဓိကထားပြီး လူသားခြင်းစာနာမှု အကူအညီတွေ ပေးဖို့လိုတဲ့ အပြင်ကို၊ ဒီလို ဖြစ်တာဘာအကြောင်းအရင်းဆိုတာလည်း အစိုးရ စုံစမ်းစစ်ဆေးဖို့လိုတယ် ပြီးရင်ကူညီစောင့်ရှောက်ဖို့ လိုတယ်။ ကျမတော့ ဒီလိုပဲပြောချင်ပါတယ်ရှင်။ ”

အခုလို ကချင်ဒေသမှာ ထိုးစစ်တွေ ပြန်စလာတာဟာ KIO အဖွဲ့ကို NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးလာအောင် ဖိအားပေးတဲ့ သဘော ဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မခေါ်ခွန်ဆာက သုံးသပ်ပါတယ်။

“ ဒါကလည်း ဘာလည်းဆိုရင်တော့ ဒီ NCA လက်မှတ်ထိုးဖို့ပေါ့လေ ဖိအားပေးတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပုံစံမျိုးလည်း ကျနော်မြင်တယ်လေ။ ဒီမှာ မင်းတို့ လက်မှတ်မထိုးရကောင်းလားဆိုပြီးတော့မှ ထိုးစစ်တွေဆင် တကယ်တမ်းကြလို့ရှိရင်တော့ အစိုးရအဆက်ဆက်ဟာဆိုရင်ပေ့လေ သူတို့ဖြစ်ချင်တာတွေ ဖြစ်ဖို့အတွက် အမိန့်တွေကို အလွယ်တကူ ထုတ်လေ့ထုတ်ထရှိတယ်။ ဒါပေမယ့် ဒီအမိန့်ထုတ်လိုက်တဲ့ အတွက်ကြောင့် မို့လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတော့ ဘယ်လိုဖြေရှင်းမလည်း ဆိုတဲ့ဟာကို ဘယ်တော့မှ စဉ်းစားခဲ့တာ မရှိဘူးပေါ့။ စစ်အစိုးရအုပ်ချုပ်နေတဲ့ကာလတုံးကလိုပဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ NLD အစိုးရလက်ထက်ရောက်သိတိုင်အောင် ဒီအပြုအမူ အကျင့်အကြံတွေက အခုထိမပျောက်သေးတာ ကျနော့အမြင်တော့ ဝမ်းနည်းတယ်ပေါ့။ ”

တနိုင်းမြို့မှာ အစိုးရတပ်က လေယာဉ်နဲ့ကျဲချတဲ့ သတိပေးစာမှာတော့ ဇွန်လ ၁၅ ရက်မှာ တနိုင်းမှော်တွင်းတွေကနေ မထွက်ခွာဘူးဆိုရင် KIA သူပုန်တပ်နဲ့ ပူးပေါင်းတဲ့သဘောလို့ ယူဆမှာဖြစ်ပြီး၊ နောက်ပိုင်းကိစ္စတွေအတွက် တာဝန်ယူမှာ မဟုတ်ဘူးလို့ တပ်မတော်က သတိပေး ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG