သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် မံစီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ကချင်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြပြီး မံစီမြို့ထဲမှာပါ တိုက်ပွဲတွေ ဖြစ်လာမယ့်အရေး စိုးရိမ်နေကြပါတယ်။ အသေးစိတ် ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ်တွင်းက ကချင်ကျေးရွာတွေမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA ရဲ့ တပ်ရင်း ၁၂ တို့ကြား တိုက်ပွဲတွေ ၃ ရက်ဆက်တိုက် ဖြစ်နေပါတယ်။ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ လိုင်ဇာအခြေစိုက် ဒုက္ခသည်ရေးရာကော်မတီက ဦးဒွဲပီဆားက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။

“မံစီမြို့နယ်ပါ။ မံစီမြို့နယ်ရဲ့ တောင်ဘက်ပေါ့ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်စပ်ကြားပေါ့။ အဲဒီမှာ တပ်ရင်း ၁၂ အခု တခြားဒေသမှာတော့ အခုတလောတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ ကျနော်တို့ ဗဟို ပတ်ဝန်းကျင်မှာလည်း မရှိဘူး။ ရှမ်းပြည်ဘက်မှာတော့ ရှိတယ်ထင်တယ်။ အတိအကျတော့ မသိရဘူး။ ဒုက္ခသည်တော့ တိုးလာပါတယ်။ တိုးလာတယ်ဆိုတာ ဇိုင်းအောင်တို့၊ မဂါးရန်တို့ အဲဒီကနေ ပြောင်းခဲ့တဲ့ လူတွေ တိုးလာတာ။”

ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA အခြေစိုက်ရာ လိုင်ဇာပတ်ဝန်းကျင် တ၀ိုက်မှာတော့ ဒီရက်ပိုင်း တိုက်ပွဲတွေ မရှိဘူးလို့လည်း ဦးဒွဲပီဆားက ပြောပါတယ်။ မန်စီမြို့မှာတော့ အခြေအနေ တည်တည်ငြိမ် ငြိမ် ရှိနေပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေမြို့ပေါ်ကို ကူးစက်လာမယ့်အရေး စိုးရိမ်မှုတွေတော့ ရှိနေတာပါ။ မံစီမြို့ခံတဦးကလည်း တိုက်ပွဲတွေ အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့ မံစီနဲ့ ရှမ်းပြည်နယ်နဲ့ အစပ်ဘက်မှာပေါ့နော်။ စီအူကျေးရွာအထက်ပိုင်းပေါ့။ ကချင်ရွာတွေဘက်မှာပေါ့နော်။ ဒေသခံတွေကတော့ တိုက်ပွဲနဲ့ပတ်သက်တဲ့ဟာတော့ အားလုံး ဒေသခံလူထုကတော့ စိုးရိမ်နေတာပေါ့။ နောက်ဆုံးအဆင့် မံစီမြို့ပေါ်တောင်မှ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိတာပေါ့။ ကျနော်တို့ မံစီကနေ မြင်ရတာတော့ လေယာဉ်တွေသွားတာ၊ ရဟတ်ယာဉ်တွေသွားတာတော့ မြင်နေရတာပေါ့။ ဟိုမှာကတော့ သတင်းရတာကတော့ လေယာဉ်နဲ့ တိုက်နေတယ်လို့ သတင်းရတာပေါ့။ မျက်မြင်ကိုယ်တွေ့တော့ မဟုတ်ဘူးပေါ့နော်။”

မံစီမြို့နဲ့ မိုင် ၆၀ ကျော်အကွာက စီအူကျေးရွာဆီကိုတော့ ထွက်ပြေး တိမ်းရှောင်လာသူတွေ ရှိနေပြီး ဒီလူတွေကိုတော့ ဒေသခံတွေက ၀ိုင်းဝန်းကူညီပေးနေကြပါတယ်လို့လည်း မံစီမြို့ခံက ပြောပါတယ်။

“တောင်ပေါ်မှာနေတဲ့ ကချင်ရွာတွေ အကုန်လုံးကတော့ စီအူကျေးရွာဘက်ကို လူ ၃၀ ခန့် တိမ်းရှောင် လာတာပေါ့နော်။ တိုက်ပွဲတိမ်းရှောင်လာတဲ့ ဟာတွေတော့ ရှိတယ်။ စီအူကျေးရွာဆိုတာက ကျနော်တို့ မံစီနဲ့ ၆၄ မိုင် ဝေးတယ်ပေါ့နော်။ အဲဒီရွာမှာတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသူရွာသားတွေတော့ ရှိတယ်။”

တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ မံစီမြို့နယ်တွင်းမှာတော့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေးစခန်းတခုနဲ့ မန်စီနဲ့ ၁၃ မိုင်လောက်အကွာက မိုင်းခေါင်ကျေးရွာမှာ လည်း စစ်ဘေးရှောင် ခိုလှုံရေးစခန်း ၂ ခု ရှိနေတာပါ။ လောလောဆယ်မှာတော့ မိုင်းခေါင် ခိုလှုံရေး စခန်းတွေမှာ ခိုလှုံသူတွေ များနေပြီး စခန်းအပြင်မှာ နေထိုင်နေကြရသူတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG