သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တနိုင်း ဒုက္ခသည်တွေအခက်ကြုံ


ကချင်ဒုက္ခသည်များ
ကချင်ဒုက္ခသည်များ

အခုလာမယ့် ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ် တနိုင်းက မှော်တွင်းတွေကနေ ထွက်ခွာကြဖို့ စစ်တပ်က သတိပေးပြီးတဲ့နောက် တနိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ထောင်ချီရှိလာနေပြီး နေထိုင် စားသောက်ရေး အတော်လေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။ အခုလိုတကျော့ပြန် စစ်ရေးတင်းမာမှုတွေ ရှိလာနေတဲ့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား အရပ်သားအချို့ ထိခိုက်မှုတွေရှိလာနေတဲ့အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဇွန်လပိုင်းကစလို့မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တင်းမာလာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ပယင်း မှော်တွင်း(၁၀)ခုမှာ နေထိုင်နေသူတွေကို ဆက်ပြီး နေထိုင်ခွင့်မပြုတော့ဘဲ ဇွန်၁၅ ရက် နောက်ဆုံးထားပြီးထွက်ခွာသွားကြဖို့ ဇွန်လ ၅ရက်နေ့ကစလို့ စစ်တပ်က စာတွေဖြန့်ဝေညွှန်ကြားထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ကစပြီး မော်တော်ယာဉ်တွေအနေနဲ့ ဖါးကန့်မြို့နဲ့ တနိုင်းမြို့ ဆက်စပ်ဝန်းကျင်လမ်းတွေအပေါ် ည ၇ နာရီကနေ မနက်(၆)နာရီအတွင်း သွားလာခြင်းမပြုဖို့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကနေ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်ရတာကလည်း တိုက်ပွဲဖြစ်လာမယ့် အခြေအနေဖြစ်လာရင် ခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိအောင် ထုတ်ပြန်တာပါလို့လည်း KIA ဘက်က ဗွီအိုအေမြန်မာပိုင်းကိုပြောထားပါတယ်။ တကယ်လို့ သတ်မှတ်ချိန်ကိုကျော်လွန်ပြီး ခရီးသွားလို့ ဖြစ်ပေါ်လာမယ့် ဘယ်လိုကိစ္စရပ်တွေကိုမဆို ကချင်လွတ်လပ်ရေးတပ်အနေနဲ့ တာဝန်ခံမှာ မဟုတ်ကြောင်းကိုလဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုမျိုး စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ တနိုင်းမြို့ထဲကို မှော်တွင်းလုပ်ငန်းခွင်တွေကနေ စစ်ပြေးဒုက္ခသည်ထောင်ချီ ထွက်ပြေးလာနေပြီး ဒီထွက်ပြေးလာတဲ့ ဒုက္ခသည်အများစုဟာ ဒေသခံတွေမဟုတ်ပဲ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် သူတို့အတွက် ခိုလှုံနေထိုင်ရေးနဲ့ စားဝတ်နေရေး အတော်လေးအခက်အခဲဖြစ်နေတယ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက်လူမှုအဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng က အခုလိုပြောပါတယ်။

“အခုအနေအထားတော့ တနိုင်းဘက်မှာ စစ်ပြေးရှောင်ပြည်သူတွေ တဖွဲဖွဲရောက်လာတာပေါ့နော်။ လုံခြုံရေးကတော့ လွန်ခဲ့တဲ့အပတ်က စပြီးမှ တချို့နေရာတွေမှာလည်း တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အနေအထားရှိတယ်။ ရွာတချို့မှာ အမြောက်ဆံကျလို့ အရပ်သားတချို့လည်းထိခိုက်ဒဏ်ရာ ရခဲ့တဲ့အနေအထားရှိတယ်။ နောက်ပြီးလွန်ခဲ့တဲ့အပတ်တုန်းက အထူးသဖြင့် အဲဒီမှာရှိတဲ့ ပယင်းတို့ ရွှေမှော်တို့က အဲဒီမှာရှိတဲ့ အရပ်သားတွေကို ဇွန်လ ၁၅ ရက်မတိုင်မီ ထွက်ဖို့ဆိုတဲ့ ဝေစာတွေလည်းရတယ်။ နောက်တဖက်မှာကျတော့ KIO ဘက်ကနေလည်း အဲဒီဘက်မှာ ထုတ်ပြန်ထားတဲ့စာတွေလည်း ရှိတော့ လုံခြုံရေးအနေနဲ့ ပြောမယ်ဆိုရင် အရပ်သားတွေအတွက်လောလောဆယ် အကာအကွယ်မဲ့နေတဲ့ အနေအထားမျိုးမှာရှိနေပါတယ်။”

ဒီစစ်ဘေးရှောင်တွေကို လောလောဆယ် တနိုင်းမြို့ ခရစ်ယာန်ဘာသာရေးကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တထားရှိသွားမှာဖြစ်ပြီး ရေရှည်နေထိုင်ရေးအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့လည်း U Gum Sha Awng ကပြောပါတယ်။

“လောလောဆည်အနေအထားမှာတော့ ကျနော်တို့အနေနဲ့လည်း အဲဒီဘက်ကို အရေးပေါ်အကူအညီ ပေးနိုင်ဖို့တော့ ကြိုးစားနေတယ်။ ကျနော်တို့မှာလည်း ပိုလျှံဘားဂျက်တွေမရှိတော့ သူတို့ကိုအကူအညီပေးနိုင်ဖို့ ဘဏ္ဍာရေးမှာပေါ့နော် ငွေကြေးအားဖြင့်လည်း တော်တော်လေးခက်ခဲနေတဲ့အနေအထားမှာရှိတယ်။ ဒါပေမယ့် လောလောဆည်အနေအထားမှာတော့ အသင်းတော်တို့ ဟိုမှာရှိတဲ့ ရပ်မိရပ်ဖတွေက သူတို့ ကြုံရာ ရရာနဲ့ အဲဒီလို ဖြေရှင်းနေတဲ့အနေအထားမှာရှိပါတယ်။”

အခုလက်ရှိ ကချင်တနိုင်းဘက်ကို တိမ်းရှောင်လာနေရတဲ့စစ်ပြေးဒုက္ခသည်တွေ အထူးသဖြင့် နယ်ခံမဟုတ်တဲ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ကိုပက်ထရစ် Kum Jaa Lee ကလည်း အခုလိုပြောပြပါတယ်။

“အခုလောလောဆည်ကတော့ ပြေးတဲ့လူတွေကတော့ အများကြီးပေါ့နော်၊ ပြေးတာကတော့ တကယ်အများကြီးပြေးပါတယ်။ တပ်ရင်းတွေလည်း သူတို့ဘက်က ထပ်ပြီးတိုးချဲ့တာတွေလည်း အများကြီးရှိတယ်။ များသောအားဖြင့် အဲဒီလိုထွက်ပြေးလာကြတဲ့ လူတွေတော်တော်များများက ဒေသခံတွေက အရမ်းနည်းပါတယ်။ များသောအားဖြင့် ဒီပြည်မကနေပြီးတော့ လာတူးကြတဲ့လူတွေပါခင်ဗျ။ သူတို့တော်တော်ဒုက္ခရောက်ပါတယ်၊ မြို့ထဲကို ရွာထဲကို ပေးမဝင်တဲ့ကိစ္စတွေက အခက်အခဲဖြစ်စေနိုင်ပါတယ်ခင်ဗျ။”

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်မထိုးထားတဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့အပေါ် NCA ထိုးနိုင်ရေး စစ်ရေးအရ ဖိအားပေးနေတဲ့သဘောဖြစ်တယ်လို့လည်း ကို Kum Jaa Lee က သုံးသပ်ပါတယ်။

“NCA ကိုထိုးဖို့အတွက် အကျပ်ကိုင်တယ်လို့ ကျနော်တို့က ထင်တယ်ပေါ့နော်။ အခုလို Pressure နည်းနဲ့ မအောင်မြင်ဘူးလို့ပြောချင်ပါတယ်။ လူတိုင်းက စားပွဲမှာပဲ ဖြေရှင်းတာအကောင်းဆုံး ၊ စားပွဲမှာဖြေရှင်းတယ်ဆိုရင် ဘယ်သူမှ အထိအခိုက်မရှိကြဘူး။ အဆုံးအရှုံးလည်းမရှိဘူး ဆွေးနွေးတိုင်ပင်ရင်ကောင်းလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အဲလို Pressure သိပ်ပေးတဲ့အခါကျရင် NCA Process ကနေ KIA ထွက်သွားတယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေက ကျနော်တို့တိုင်းသူပြည်သားတွေအတွက် အင်မတန်ထိတ်လန့်စရာကောင်းပါတယ်။ လက်ရှိနိုင်ငံရဲ့ ငြိမ်းချမ်းရေး Process ဟာဆိုရင် ကျနော်တို့တိုင်းသူပြည်သားတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်လို့ ကျနော်ပြောချင်တယ်ခင်ဗျ။”

လွန်ခဲ့တဲ့ခြောက်နှစ်ကစလို့ ကချင်ပြည်နယ်တွင်း မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ပွဲတွေနဲ့ ထိုးစစ်ဆင်ခဲ့ကြတဲ့အတွက် ကလေးသူငယ် လူမမည်လေးတွေအပါအဝင် ဒေသခံရွာသားတွေ အသက်ဆုံးရှုံးရတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့ကြရသလို သိန်းချီတဲ့ ကချင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ ခြောက်နှစ်ပြည့်ခဲ့ပေမဲ့လို့ အခုအချိန်အထိကို စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီ နေထိုင်ခိုလှုံနေကြရဆဲ အနေအထားဖြစ်နေသလို အခုထိလည်း တနိုင်းဘက်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရဆဲ ထောင်ချီတဲ့ဒုက္ခသည်တွေအရေး သက်ဆိုင်ရာတွေအနေနဲ့ အထူးစဉ်းစားဆောင်ရွက်ပေးကြဖို့ တောင်းဆိုလိုပါတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်အရေးကူညီပေးနေသူတွေက တောင်းဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG