သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်း ရွှေနဲ့ ပယင်းမှော်တွင်း (၁၀) ခုမှာ နေထိုင်သူတွေ ဇွန်လ ၁၅ ရက်နောက်ဆုံးထား ထွက်ခွာရန် ညွှန်ကြား


ဧရာဝတီမြစ်အတွင်း ရွှေရှာသူများ
ဧရာဝတီမြစ်အတွင်း ရွှေရှာသူများ

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ပယင်း မှော်တွင်း(၁၀)ခုမှာ နေထိုင်နေသူတွေကို ဆက်ပြီး နေထိုင်ခွင့်မပြုတော့ဘဲ ဇွန်၁၅ ရက် နောက်ဆုံးထားပြီးထွက်ဖို့ စစ်တပ်က စာတွေဖြန့်ဝေညွှန်ကြားထားပါတယ်။ မထွက်ဘူးဆိုရင်တော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ပူးပေါင်းသူများအဖြစ် သတ်မှတ်သွားမယ်လို့ လဲ စစ်တပ်ရဲ့စာတွေထဲမှာ ဖေါ်ပြထားပါတယ်။ လက်ရှိမှာက အဲဒီ ဒေသဘက်မှာ KIA နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေရှိနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ရှိနေသလို မှော်တွင်းတွေကနေ ထွက်သွားရမယ်ဆိုရင် မှော်လုပ်သားတွေအတွက် ထိခိုင်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် တနိုင်းဒေသမှာရှိတဲ့ ရွှေပယင်းမှော်တွေမှာ နေထိုင်သူတွေနဲ့ အလုပ်လုပ်နေတဲ့သူတွေမှော်တွင်း တွေထဲကနေထွက်ခွါပေးဖို့ တပ်မတော်ကနေ ညွှန်ကြားချက်စာဖြန့်ဝေနေတဲ့အကြောင်း တနိုင်းဒေသခံဦးတန်ဂွန်း ကပြောပါတယ်။

“မနေ့က ဟိုက်စကီး (ရဟတ်ယာဉ်) စာလိုက်ဖြန့်တယ်။ အဲဒီ စာလည်း အွန်လိုင်းပေါ်မှာရောက်နေပြီပေါ့နော်။ မနေ့ကဆိုရင် ဟိုက်စကီး (ရဟတ်ယာဉ်) က တနိုင်းမှာနားတယ်လို့ ။ အခုက ထိုးစစ်တွေလည်းပြန်ပြီးတော့ စလာပြီတဲ့အခြေအနေရှိတယ်။ အဲဒါကြောင့် ဒီစာမှာ ရေးထားတာက ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီးမှ အားလုံးထွက်ဖို့ပေါ့လေ ပြည်သူလူထုအားလုံး။ မထွက်ဘူးဆိုရင် KIA နဲ့ပူးပေါင်းတယ် လို့ယူဆမယ် နောက်ပြီးတော့ ဖြစ်လာတဲ့ ပြဿနာကို တာဝန်မယူဘူးလို့ ရေးထားတဲ့အနေအထားရှိတယ်။”

တနိုင်းမြို့နယ်အတွင်းက ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်းကုန်းမှော်နဲ့ နမ့်ကွမ်းမှော်မှာနေထိုင်တဲ့ဒေသခံရွာသားတွေနဲ့ မှော်လုပ်သားတွေအနေနဲ့ တကယ်လို့ ဒီလ ၁၅ ရက် နောက်ဆုံးထားပြီး မထွက်ဘူးဆိုရင် ကေအိုင်အေခေါ် ကချင်လွတ် လပ် ရေးအဖွဲ့နဲ့ပူးပေါင်းသူများအဖြစ်သတ်မှတ်သွားမယ်လို့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

တနိုင်းဒေသက ရွှေ ပယင်းမှော်(၁၀)ခုဟာ နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုထားတဲ့ မှော်တွင်းမဟုတ်ဘဲ ဒေသခံတွေ ကနေ တပိုင်တနိုင်တူးဖေါ်နေကြတဲ့မှော်တွင်းတွေလဲဖြစ်ပါတယ်။

အစိုးရတပ်မတော်ကနေ ဒီတပိုင်တနိုင်တူးဖေါ်ခွင့်ပိတ်သိမ်းပြီး မှော်ကနေနှင်ထုတ်မယ်ဆိုရင် မှော်လုပ်သားတွေ အတွက် ထိခိုက်မှုရှိနိုင်တယ်လို့ တနိုင်းဒေသခံဦးတန်ဂွန်းကပြောပါတယ်။

“ဒီဒေသမှာဆိုရင် ဒီနေရာတွေမှာက ကျနော်တို့ဒေသခံတွေ နောက်ပြီးမှ ကချင်ပြည်နယ်က ပြည်သူတွေ ရွှေတွေ ပယင်းတွေတူးတဲ့နေရာတွေ ပြောမယ်ဆိုရင် စီးပွားရေး ရှာတဲ့ မှော်ဒေသလို့ ပြောရမှာပေါ့နော်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖဝါရီလတုန်းက မှော်စခဲ့တဲ့နေရာတွေလည်း အများကြီးရှိတယ်။ ဆိုတော့ တချို့က ပိုက်ဆံတွေစုပြီးမှ ကျင်းတွေထောင်တယ်၊ ကျင်းတူးတယ် အဲဒီလိုမျိုး။ အခုက ချက်ချင်းထွက်ရမယ်လို့ ပြောတဲ့အချိန်မှာ ဒီရင်းနှီး မြှုပ်နှံထားတာတွေက အလဟသဖြစ်မယ်။ ဘာမှ အရင်းမရ၊ အမြတ်မရပေါ့လေ အဲဒီလိုမျိုးဆုံးရှုံးမှုတွေက အများကြီးပြည်သူလူထုထဲမှာ ဖြစ်လာနိုင်တယ်။”

တကယ်လို့ ဒီမှော်တွေကိုပိတ်သိမ်းလိုက်မယ်ဆိုရင် ဒေသခံတသောင်းကျော် နေရပ်ကနေထွက်ခွါရမှာဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်းဆုံးရှုံးသွားမယ်လို့လဲ ဦးတန်ဂွန်းကဆိုပါတယ်။

လက်ရှိတနိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေ ပါတယ်။

ဇွန်လ(၃)ရက်နေ့မှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအတွင်း တနိုင်းမြို့နယ် အင်ဂါးဂါးကျေးရွာနဲ့ နန်ဗြူရွာသား(၆၀၀)နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရပြီး ကက်သလစ်အသင်းတော်ကနေ ဒီစစ်ဘေးရှောင်တွေကို သွားရောက်ခေါ်ယူမဲ့အကြောင်း ကက်သလစ်အသင်းတော် မူးယစ်တိုက်ဖျက်ရေး တနိုင်းဒေသ ဥက္ကဌ ဦးနော်တောင်ကအခုလိုပြောပါတယ်။

“အဲဒီနေရာမှာက ကျနော်တို့ တိုက်ပွဲတွေဖြစ်နေလို့လေ။ တိုက်ပွဲဖြစ်တော့ လူတွေက စစ်ရှောင်တဲ့သဘောပေါ့ ၃ ရက်ကနေ စပြီးတော့ အခုအထိ ဆက်တိုက်ဖြစ်နေတာ အခုက ကျနော်တို့သွားကြိုမှာက လူ ၆၀၀-၅၀၀လောက်ကို သွားကြိုဖို့ အခုမှလွှတ်လိုက်မှ ၊ နမ့်ခမ်း၊ အင်ဂါးတားတို့ ရွှေမှော်၊ ပယင်းမှော်မှာရှိတဲ့လူတွေကိုပေါ့နော်။”

‘တနိုင်းမြို့နယ်က ဂိုဏ်းပေါင်းစုံ ခရစ်ယာန်ဘာသာရေးဆရာတွေကနေ အစိုးရဆီခွင့်ပြုချက်တောင်းခံပြီး ဒီကနေ့မှာ စစ်ဘေးရှောင်တွေကို သွားရောက်ခေါ်ယူမှာဖြစ်ပါတယ်။

၂၁ရာစုပင်လုံညီလာခံအပြီးမှာ တနိုင်ဒေသအတွင်းမြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြားတိုက်ပွဲ တွေ ဆက်တိုက်ဖြစ်ပွါးနေခဲ့တာပါ။

တနိုင်းမြို့နယ်အတွင်း မှော်တွင်းတွေမှာ မြန်မာ့တပ်မတော်ကနေ နေရာယူနယ်မြေရှင်းလင်းရေး လုပ်လာတာဟာ KIO အဖွဲ့ကိုထိုးစစ်ဆင်နိုင်ဖို့ယူဆကြောင်း တနိုင်းဒေသခံဦးတန်ဂွန်းကပြောပါတယ်။

“KIA တပ်ရင်း ၆ ဖားကန့် ဥရုချောင်းဘက်မှာလည်း စစ်တပ်က နေရာယူထားလိုက်တဲ့အနေအထားရှိပြီ။ KIA တပ်ရင်း ၁၄ ကနေ ထိုးစစ်ဆင်ပြီဆိုရင် KIA တပ်စွဲထားတဲ့နေရာတွေကို ရှင်းလင်းနိုင်မယ်လို့ ယူဆတဲ့အနေနဲ့ လုပ်လာတဲ့ သဘောတွေ ရှိတယ်ပေါ့လေ။”

KIOနဲ့မြန်မာ့တပ်မတော်တို့ဟာ ၂၀၁၁ခုနှစ်ဇွန်လမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါး ခဲ့တာ(၆)နှစ်ပြည့်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ တသိန်းနီးပါးခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG