သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေတက်ရောက်နိုင်ဖို့ မျှော်လင့်


မေလ(၂၄)ရက်နေ့မှာ၂၁ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပတော့မှာဖြစ်ပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ခေါ်သွားမယ်လို့ အစိုးရဘက်ကပြောဆိုနေပေမဲ့ တအာင်းပလောင် တပ်ဖွဲ့TNLA အဖွဲ့အနေနဲ့ ဖိတ်ကြားခြင်းမခံရသေးသလို NCAလက်မှတ်ထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်တော်အနေနဲ့လဲ အဖွဲ့အနေနဲ့သာတက်ရောက်ပြီး ညီလာခံရဲ့ရလဒ်ကို လက်မှတ်ရေး ထိုးမှာမဟုတ်ဘူးလို့ အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ UNFCအနေနဲ့ ညီလာခံတက်ရေးမတက်ရေးကိစ္စတွေ ဆွေးနွေးနေဆဲ အခြေ အနေမှာရှိနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်း ပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံညီလာခံတက် ရောက်ဖို့ အစိုးရကနေ ဖိတ်ကြားထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ လက်ရှိမြန်မာ့တပ်မတော်နဲ့ စစ်ရေး တင်းမာနေတဲ့ TNLAအဖွဲ့အနေနဲ့ညီလာခံတက်ရောက်ဖို့ဖိတ်ကြားခြင်းမခံရသလို ကန့်သတ်မှုတွေကြောင့် ငြိမ်းချမ်း ရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာ့အိုက် ကျော်ကပြောပါတယ်။

“ဖိတ်စာလည်းမရသေးဘူး၊ လာပြီးကမ်းလှမ်းတာလည်းမရှိဘူး ဟိုဘက်၊ ဒီဘက် ဒီဟာတွေပါရမယ် အဲဒီလိုကန့်သတ်ချက်တွေများမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး အဲလိုမျိုးတော့မြင်တာပေါ့နော်။”

NCAအပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAအနေနဲ့ကတော့ ၂၁ ရာစုပင်လုံ ညီလာခံကိုတက်ရောက်မှာဖြစ်ပေမဲ့ ညီလာခံရဲ့ရလာဒ်ကိုလက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

“ညီလာခံတခုကျင်းပပြီးတိုင်း ရရှိလာမယ့်သဘောထားတွေ သေချာအောင်ညှိ၊ သဘောတူညီချက်တွေ တွေက ချုပ်ဆိုရမှာကို။ အခုဒုတိယအကြိမ်မှာအဲလိုစာချုပ်ချုပ်မယ်ဆိုရင် ကျနော်တို့အတွက်ကတော့ ချုပ်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းချုပ်ဆိုထားတာဖြစ်ပါတယ်။”

အထူးသဖြင့်ရှမ်းပြည်နယ်အတွင်းမှာ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်းမရှိသေး တာကြောင့် RCSSအဖွဲ့အနေနဲ့သာတက်ရောက်မှာဖြစ်ပြီး ရှမ်းအမျိုးသားကိုယ်စားပြုအနေနဲ့တက်မှာမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

“ကျနော်တို့ရှမ်းလူမျိုးအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးဘူး မလုပ်ရသေးတော့ ရှမ်းပြည်သူလူထုရဲ့ဆန္ဒတွေ လိုလားချက်တွေကို ကျနော်တို့ မရသေးဘူးပေါ့ခင်ဗျာ ပြောရမယ်ဆိုရင်။ အခုကျတော်တို့အဖွဲ့အစည်းအနေနဲ့ပဲ သွားတက်မှာဖြစ်ပါတယ်။ လူထုတရပ်လုံးကိုယ်စား သွားတာမဟုတ်ဘူးဆိုတဲ့အကြောင်း မနေ့က ကျနော်တို့ထုတ်ပြန်ချက်မှာ ပါပါတယ်။”

တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ (၅၉)နှစ်ပြည့် ရှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအပြီး RCSS/SSA အစည်း အဝေးကနေ ဒီလိုဆုံးဖြတ်ချက်တွေချခဲ့တာပါ။.

UNFCခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့အနေနဲ့ ၂၁ရာစု ဒုတိယပင်လုံညီလာခံ တက်ရေးမတက်ရေးနဲ့ပက်သက်ပြီး ဒီကနေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အစည်းအဝေးစတင်ကျင်းပနေဆဲဖြစ်ပြီး ညီလာ ခံတက်မတက်ဆိုတာကိုတော့ အဆုံးအဖြတ်မပေးရသေးပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC)အနေနဲ့ UNFCအဖွဲ့တွေဖြစ်တဲ့ KIO ကချင်လွတ်လပ် ရေးအဖွဲ့ SSPP/SSAမြောက်ပိုင်းရှမ်းပြည်တပ်မတော် မွန်ပြည်သစ်ပါတီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ စတဲ့ (၇)ဖွဲ့ကို အထူးဖိတ်ကြား သူအနေနဲ့ ဖိတ်ကြားထားပါတယ်။

ဒါပေမဲ့ အထူးဖိတ်ကြားခံရတဲ့အဖွဲ့တွေအနေနဲ့NCA လက်မှတ်မထိုးရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေအဖြစ် ညီလာခံ မှာ ဆွေးနွေးဆုံးဖြတ်နိုင်ခွင့်ရရှိမှာမဟုတ်ပါဘူး။

UNFCအနေနဲ့ အထူးဖိတ်ကြားခံရသူအနေနဲ့သာ ညီလာခံမှာဆွေးနွေးဆုံးဖြတ်နိုင်ခွင့်မရှိရင် တက်ရောက်မှာမဟုတ် ဘူးလို့ ဒုတိယဥက္ကဌနိုင်ဟံသာကနေ VOAကိုပြောဆိုခဲ့ပါတယ်။

ညီလာခံကျင်းပဖို့ရက်ပိုင်းလောက်သာလိုတော့ပေမဲ့ ကချင်ပြည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ် မတော်နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAတို့နဲ့တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေတဲ့ကာလမှာ တိုက်ပွဲတွေရပ်တန့်ဖို့လိုတယ်လို့UNFC ဒုတိယ ဥက္ကဌနိုင်ဟံသာ က ပြောပါတယ်။

“အမှန်ကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် တိုက်ပွဲတွေကို ရပ်ဖို့လိုပါတယ်။ တပ်အပါအဝင် ညှိနှိုင်းဖို့ပေါ့လေ။ နောက်ဆုံးညှိနှိုင်းလို့မရတော့ဘူး၊ ညှိလို့မရဘူးဆိုရင်လည်း တိုက်ရင်လည်းတိုက်ပေါ့။ အခုက တဖက်က ငြိမ်းချမ်းရေးညှိနှိုင်းရေးခေါ်ပြီးတော့၊ တဖက်က တိုက်နေတယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ သဘာဝမကျဘူးလို့မြင်တယ်။”

KIO ၊SSPP ၊UWSA၊ NDAA၊ TNLA၊ MNDAA၊AA စတဲ့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့နဲ့ ဖွဲ့စည်း ထားတဲ့ ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ အနေနဲ့ကတော့ကြိုတင်သတ်မှတ်ချက်မထားပဲ တန်းတူဆွေး နွေးခွင့်ရှိပြီး မဟာမိတ်အဖွဲ့ လိုက်တက်ရောက်ခွင့်ပေးမှသာ ၂၁ပင်လုံကို တက်ရောက်မယ်လို့ ကြေငြာချက်ထုတ်ပြန်ထား ပါ တယ်။

မြန်မာအစိုးရအနေနဲ့ ညီလာခံတက်ရောက်ဖို့မြောက်ပိုင်းလက်နက်ကိုင်၇ဖွဲ့လုံးကို ဖိတ်ကြားရေး အတွက် တရုတ်အစိုးရ ကနေ ကြားဝင်ဆောင် ရွက်ပေးနေဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG