သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းကော်မရှင်နဲ့ UNFC အပစ်ရပ်ကြေညာရေး အပါအဝင် ၄ ချက်သဘောတူ


အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ ၆ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ ၆ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ ၂ရက်ကြာဆွေးနွေးပြီး တဲ့နောက်မှာ အချက်၈ချက် အနက်မှာ ၄ချက် သဘောတူညီချက် ရခဲ့သလို အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း UNFC ကိုယ်စားလှယ် အဖွဲ့က ခေါင်းဆောင် တဦးကပြောဆိုပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာတော့ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုပိုမိုမြင့်တက်လာတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဟာ ၆ကြိမ်မြောက်တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ရက်ကြာဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ DPN ဖက်က တင်ပြထားတဲ့ အချက် ၈ချက်ကို ထပ်မံညှိနှိုင်းဆွေးနွေး ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲက ရရှိလာတဲ့ သဘောတူညီမှုအခြေအနေကို DPN ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက အခုလို ပြောပါတယ်။

“သဘောတူညီချက်က ကျနော်တို့ ဒီဆွေးနွေးပွဲမှာ သဘောတူညီချက် ၁ကနေ ၄အထိကတော့ သဘောတူ ညီချက်ရတယ်လို့ ပြောရမယ်။ ၅၊၆၊ရ၊၈ က ကျနော်တို့ အကြေအလည်ဆွေးနွေးတာလည်း ကောင်းတယ်။ ညှိနှိုင်းလို့ရတယ်။ ဒါပေမဲ့ ဒါက တကယ့် ပေါ်လစီတွေနဲ့ပတ်သက်တယ်ဆိုတော့ သက်ဆိုင်ရာထိပ်သီး ခေါင်း ဆောင်တွေကို အဖွဲ့အစည်းတွေကို ပြန်တင်ပြရမယ်။ အဖွဲ့အစည်းကနေ ဘာတွေ ချမှတ်လမ်းညွှန်လာမယ် ဆိုတာ မသိနိုင်သေးဘူး။ ဒါကို ကျနော်တို့ ရှေ့လ ပထမပတ်မှာပေါ့နော် ပြန်ပြီးတွေ့ဖို့ ချိန်းထားတယ် ခင်ဗျ။”

ဒီလ ၁၀ရက်နေ့ ဆဌမအကြိမ်ဆွေးနွေးပွဲ အဖွင့်မှာတော့ UNFC ဖက်က ကမ်းလှမ်းထားတဲ့ အချက် ကို ၁၄လကြာ ဆွေးနွေးနေရတဲ့အတွက် နှစ်ဖက်ယုံကြည်မှုဟာ သုညအဆင့်ထိကျဆင်းနေပြီလားလို့ DPN ခေါင်းဆောင် ခူးဦးရယ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဆဌမအကြိမ်ဆွေးနွေးပွဲပြီးဆုံးချိန်မှာတော့ နှစ်ဖက် ယုံကြည်မှုတွေ ပြန်လည်ကောင်းမွန် လာတယ်လို့ သုံးသပ်မိကြောင်း နိုင်အောင်မငေးက ပြောပါတယ်။

“ အများကြီးကောင်းလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၁ကနေ ၄အထိ အတည်ပြုချက် ရလောက် အောင် ဆွေးနွေးပွဲက ကောင်းလာတယ်လေ။ ၅၊၆၊၇၊၈ ကလည်း ကျနော်တို့ အကျေအလည်ညှိနှိုင်းတော့ ဒီ တူညီမှုပေါ့နော် တူညီမှု တခု ရလိုက်တယ်ဆိုတော့ ဒါ ဆိုတော့ ဆွေးနွေးပွဲတော့ အတော်လေး အောင်မြင်တဲ့ ဆွေးနွေးပွဲ တခုဖြစ်တယ်လို့ ထင်တယ်ပေါ့။ ”

နောက်လ ပထမပတ်အတွင်း နှစ်ဖက် တရားဝင်ဆွေးနွေးပွဲ မစတင်မီအချိန်မှာ အလွတ်ဆွေးနွေးပွဲတွေကျင်းပပြီ ညှိနှိုင်းသွားဖို့လည်း ရှိကြောင်း ပြောပါတယ်။

အစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဦးအောင်စိုး ကတော့ ဒီနေ့ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ဒီနေ့ ဆွေးနွေးပွဲအပြီးမှာတော့ ယုံကြည်မှုရပါတယ်ခင်ဗျ။ ဒီလိုပေါ့ဗျာ။ ဆွေးနွေးပွဲဆိုတော့ ပထမရက်မှာ ဆွေးနွေးရင်းနဲ့ မနက်ဖန်မှ ဆက်ဆွေးနွေးမယ် ဆိုပြီးတော့ ကျနော်တို့ မနေ့က နားလိုက်ကြပါတယ်။ ဒီနေ့ မနက် အစည်းအဝေး မစတင်ခင် ကြိုတင်ပြီးတော့ ကျနော်တို့ တွေ့လိုက်ကြပါတယ်။ အလွတ်သဘောပြောကြ၊ ပြုကြပြီးမှ အစည်းအဝေးစပါတယ်။ စလိုက်တဲ့အချိန်မှာ အစည်းအဝေးက အင်မတန်ကောင်းသွားပါတယ်။ ဒီနေ့ကတော့ ၅ကနေ ၈အထိကို ဆွေးနွေးလိုက်တဲ့ အချိန်မှာ နှစ်ဖက်ညှိနှိုင်းလိုက်တာ ကျနော်တို့ level လောက်မှာ ဆုံးဖြတ်လို့ မရတဲ့ကိစ္စတွေကို ကျနော်တို့ထက်မြင့်တဲ့ level ကို တင်ပြပေးဖို့အတွက် သဘောတူညီပြီးတော့ အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။”

ဆဋ္ဌမအကြိမ်တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထုတ်ပြန်ချက်မှာတော့ ဒီဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုခိုင်မာလာခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွပါဝင်လာနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းဖော်ပြထားပါတယ်။

UNFCက အဆိုပြုတင်ပြထားတဲ့ အချက် ၈ချက်မှာ သဘောတူညီချက်ရတယ်ဆိုတဲ့ ပထမ အချက် ၄ချက်က အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့။ ပင်လုံစိတ်ဓါတ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့။ အစိုးရ၊ လွှတ်တော်၊တပ်မတော် ကိုယ်စားလှယ်တွေတစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေတစ်စု၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေတစ်စု ပါဝင်တဲ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့၊ ၂၁ရာစုပင်လုံက ထွက်ပေါ်လာတဲ့ အချက်ပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေ ရေးဆွဲပြဌားဖို့ ဆိုတာတွေ ပါဝင်တာဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းဖို့ ကျန်တဲ့အချက်တွေမှာတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နဲ့ တပ်နေရာချထားရေး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး မပြေလည်တာတွေရှိလာရင် နိုင်ငံတကာက ဥပဒေ ပညာရှင်တွေပါဝင်တဲ့ ဖြန်ဖြေရေးကော်မရှင် အဆုံးအဖြတ်ကို ရယူရေး၊ အကြီးစား သံယံဇာတ ထုတ်လုပ်မှုစီမံကိန်းတွေကို ဒေသခံ ပြည်သူ၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စတာတွေနဲ့ ညှိနှိုင်းပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ဖို့ စတာတွေ ပါဝင်တာဖြစ်ပါတယ်။ ဒီတင်ပြချက် ၈ချက်ကို နှစ်ဘက်သဘောတူညီချက်ရရင် အချက်၉အနေနဲ့ NCA လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း ပါရှိတာဖြစ်ပါတယ်။

ဆဌမအကြိမ်ဆွေးနွေးပွဲစတင်ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က UNFC အနေနဲ့ NCA ကို လက်မှတ်ရေးထိုးပြီး ဒီနှစ်ကုန်လောက်မှာ ကျင်းပဖို့ ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးကို တက်ရောက်မယ်လို့ ယုံကြည်ကြောင်းကို ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက တဆင့် သတင်းစကား ပါးခဲ့ပါတယ်။

ဒီနှစ် မတ်လဆန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ DPN အဖွဲ့ နေပြည်တော်မှာ ဆွေးနွေးခဲသလို အဲဒီနောက်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN အဖွဲ့တို့ ရန်ကုန်မြို့မှာ ဆွေးနွေးပြီးချိန်ကတော့ UNFC ဖက်က တင်ပြတဲ့ အချက်၈ချက်ကို မူအားဖြင့် သဘောတူညီချက်ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ UNFC အဖွဲ့ဝင်တွေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ တက်ရောက်ခဲ့တာတော့ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG