သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အလွတ်သဘောဆွေးနွေးပွဲအပေါ် တိုင်းရင်းသားတွေကြိုဆို


ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အလွတ်သဘောအစည်းအဝေးကို NRPC ဗဟိုဌာန(ရန်ကုန်)တွင် ကျင်းပစဉ် (၂၉ ဇူလိုင်လ ၂၀၁၇)
ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အလွတ်သဘောအစည်းအဝေးကို NRPC ဗဟိုဌာန(ရန်ကုန်)တွင် ကျင်းပစဉ် (၂၉ ဇူလိုင်လ ၂၀၁၇)

နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ကမကထလုပ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ အလွတ်သဘော အစည်းအဝေးတရပ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့အပေါ် ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က ကြိုဆိုလိုက်ကြပြီး၊ ဒီလို ဆွေးနွေးမှု တွေကနေ လက်တွေ့ အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ တပ်မတော်ဖက်က ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ရှိဖို့လိုကြောင်း သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် အကြောင်းရာတွေသိရှိနိုင်ဖို့ နိုင်ငံတော်အတိုင်ပင် ခံရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတွေက တိုင်းရင်းသား နိုင်ငံရေးပါတီကပုဂ္ဂိုလ်တွေ၊ အရပ်ဖက် လူပုဂ္ဂိုလ်တချို့ကို ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှာ ဖိတ်ခေါ်ပြီး ဇူလိုင်လ ၂၉ စနေနေ့က အလွတ်သဘော ဆွေးနွေး ခဲ့ကြတာပါ။ ဒီလို အလွတ်သဘောဆွေးနွေးမှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေ ပါဝင်တာ မတွေ့ရပါဘူး။

ဒီလို အလွတ်သဘောဆွေးနွေးပွဲတွေကိုကြိုဆိုကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးလာရတဲ့အထိ မျှော်လင့်သူ ကတော့ အမေရိကန်ပြည်ထောင်စုမှာ လတ်တလောနေထိုင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဌ(၁) ဦးထန်နန်လျန်းထန် ဖြစ်ပါတယ်။

“အဲဒီလိုမျိုး ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တဲ့ အခြေအနေ ဖန်တီးပေးတာကို ကျနော် အများကြီးကြိုဆိုတယ်။ အဲဒီတော့ အလွတ်သဘော ဆွေးနွေးမှုတွေ ကနေပြီးတော့ လွှတ်တော် ကော်မတီရေးရာတွေမှာ ဆွေးနွေးနိုင်တဲ့ အဆင့်ထိကို သွားလို့ရှိရင် အကျိုးတခုခုတော့ ရမယ်လို့ မျှော်လင့်ပါတယ်။”

ဒီလိုဆွေးနွေးပွဲတွေကနေ လက်တွေ့အကောင်ထည်ဖေါ်ရမယ့် အပိုင်းမှာ တပ်မတော်ဘက်က ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ရှိဖို့လိုကြောင်း သုံးသပ်သူကတော့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆန်ဖြစ်ပါတယ်။

“ဒီလို ဆွေးနွေးပြီး အကြံပေးပြီးတော့မှ တကယ့်ဖေါ်ဆောင်တဲ့ လူတွေက မဖေါ်ဆောင်ဘူးဆိုရင်၊ တကယ့်ကို အားနည်းတဲ့ဟာ ဖြစ်လာနေ တာပါ။ မြန်မာပြည်မှာက ပြည်သူလူထုကနေ ဆွေးနွေးမယ်၊ အစိုးရကနေပြီးတော့ မှတ်ချက်ချတဲ့ အရာပေါ်မှာ အကောင်ထည်ဖေါ်တဲ့ တပ်မတော်က လိုက်ပါဖို့ လိုပါတယ်။ နောက်ပြီး လိုက်နာဖို့ရော လိုပါတယ်။ အရေးကြီးဆုံး အရာကအဲဒါပဲ။ နောက်တခုက ပါဝင်သက်ရောက် မှုမှာဆိုရင်ရော Stakeholder ဆိုတဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ပါဝင်ဖို့က အရေးကြီးပါတယ်။”

၂၁ ရာစုပင်လုံညီလာခံမှာ အများစုရဲ့ဆန္ဒနဲ့ သဘောတူ ဆုံးဖြတ်ချက် ချသွားမယ်ဆိုတဲ့ကိစ္စရပ်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဖုအထစ် ဖြစ်စေတယ်လို့ ဦးထန်နန်လျန်းထန်က သုံးသပ်ပါတယ်။

“ ဥပမာ ကျနော်တို့ ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ ဆုံးဖြတ်ရမယ့်အနေအထားကို ဘယ်လိုပုံစံလဲဆိုတာ တိတိကျကျမရှိလို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ညီလာခံတက်ရောက်တဲ့သူ အများစုရဲ့ ဆန္ဒနဲ့ဆုံးဖြတ်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ ပိုပြီး မနီးကပ်နိုင်ဘူး၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တချို့က ဆန္ဒမတူလို့ အများကသဘောတာကို လက်ခံရမယ်ဆိုရင် သူ့ရဲ့သမိုင်း အင်္ဂါရပ်ဆိုတာ အသီးသီးရှိတယ်ဆိုတာကို သတိထားဖို့တော့ လိုတာပေါ့ ”

နိုင်ငံရေးဖြေလျော့မှုတွေ ရှိမှသာ ငြိမ်းချမ်းရေးရဖို့ ပိုနီးစပ်လာလိမ့်မယ်လို့ ကိုဂွမ်ဆန်က ထောက်ပြပါတယ်။

“နိုင်ငံရေးဖြေလျော့မှု ရှိတယ်ဆိုရင်ကတော့ ဒီငြိမ်းချမ်းရေးရဖို့ကလည်း အကောင်းဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ စစ်တပ်ကနေ တောင်းဆိုတဲ့ ငြိမ်းချမ်းရေးမူ(၆)ချက်က ဖက်ဒရယ်နိုင်ငံနဲ့ လုံးဝကြီး ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒီဟာတွေ ဖြေလျှော့မယ်ဆိုရင်တော့ အပြုသဘော ဆောင်ပါတယ်”

NRPC မှာကျင်းပတဲ့ ဆွေးနွေးပွဲကို အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးတို့ တက်ရောက်ကြောင်း သိရပါတယ်။

အဲဒီမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ဘက်က တင်ပြထားတဲ့ အချက် ၉ ချက်ကို အမြန်ဆုံး ပြေလည်အောင် ညှိနှိုင်းဖို့ ဆွေးနွေးပွဲ တက်ရောက်သူတွေက အကြံပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG