သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွား


မှတ်တမ်းဓာတ်ပုံ - တိုက်ပွဲတွေကနေ ထွက်ပြေးကြတဲ့ အရပ်သားတွေ (TNLA news and information commitee)
မှတ်တမ်းဓာတ်ပုံ - တိုက်ပွဲတွေကနေ ထွက်ပြေးကြတဲ့ အရပ်သားတွေ (TNLA news and information commitee)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ဒေသအတွင်း လှုပ်ရှားနေတဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒေသခံတွေ ပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ TNLA ဘက်ကပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း မတည်ငြိမ်သေးတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင် အဖွဲ့တို့အကြား နမ့်ခမ်းမြို့နယ်၊ တာပုံကျေးရွာအနီးမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် ရွာသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့TNLA ပြော ခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ မနေ့က နမ့်ခမ်းမြို့နယ် တာပုံကျေးရွာ အနီးမှာ ဖြစ်တယ်။ တိုက်ပွဲက ညနေ (၆) နာရီကျော်ကျော် လောက်ကနေ စပြီးမှ (၇) နာရီ လောက်မှ ပြီးသွားတယ်။ တိုက်ပွဲပြီးပေမဲ့ မြန်မာ့တပ်မတော်ဘက်က တာပုံကျေးရွာဘက်မှာ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်တယ်။ ကျေးရွာအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနားက ယောဂီတရားရိပ်သာနေရာမှာ ထိသွားတယ်။ နောက်ပြည်သူ တဦး ဒဏ်ရာရတာရှိတယ်။ ”

ဒီတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ TNLA ဘက်က ပြောဆိုနေပေမယ့် အခုလို တိုက်ပွဲဖြစ်ပွါး နေမှုနဲ့ ပက်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် (၂၁) ရက်နေ့မှာလည်းကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာနှင့် ကျရမ်းကျေးရွာအကြားမှာ TNLA နဲ့မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့သလို သီပေါမြို့နယ်၊ ခွန်လန်ကျေးရွာ အနီးနားမှာ တိုက်ပွဲဖြစ်ပွါးတာမျိုး မရှိဘဲ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ဗုံးကျဲခဲ့တယ်လို့TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ရင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွါးနေတာပါ။ နမ့်ခမ်းဘက်မှာ အခုလို အခြေနေမတည်မငြိမ် ဖြစ်နေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်မှာတော့ အခြေနေတွေဟာ ပြန်လည် တည်ငြိမ်လာနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ (၁၉) ရက်နေ့တုန်းက သိန္နီမြို့အတွင်းကို ထွက်ပြေး တိမ်းရှောင်လာတဲ့ခမ်တင်း ကျေးရွာ အုပ်စုကရွာသား (၇၀၀) ကျော်ကတော့သူတို့ဒေသမှာ တိုက်ပွဲတွေ ဆက်မဖြစ်ပွါးတဲ့ အတွက် နေရပ်ကို ပြန်နေကြတယ်လို့သိန္နီမြို့ လူမှုကူညီရေးအဖွဲ့ တာဝန်ခံ စိုင်းသန်းလှိုင်က ပြောပါတယ်။

“ အကုန်လုံး အေးချမ်းသွားပါပြီ။ ကျွန်တော်တို့ ရွာသားတွေလည်း အကုန်လုံး ပြန်ပို့ပြီးသွား ပါပြီ။ ဘာမှမရှိတော့ပါဘူး။ အစိုးရ စစ်ကြောင်းလည်း အားလုံး လုံခြုံရေး အတွက်သွားပြီး ဆောင်ရွက်ပေးသွားပြီဘဲ။ ဘာမှမဖြစ်ဘူး ြငိမ်းငြိမ်းချမ်းချမ်းဘဲ ခင်ဗျ။ ”

ခမ်တင်း ကျေးရွာအုပ်စုက နောင်ကား၊ ဟိုနား၊ ကောင်းလမ်း စတဲ့ရွာတွေက ရွာသားတွေဟာ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခြိမ်းခြောက် ငွေတောင်းခံမှုကို ခံခဲ့ရသလို စိုးရိမ် ကြောက်လန့်စိတ်ကြောင့် သူတို့ရွာကနေ တိမ်းရှောင် လာခဲ့ကြတာပါ။

ဒီဖြစ်စဉ်တွေမှာ ဒေသအတွင်း လှုပ်ရှားနေတဲ့ TNLA လက်ချက်လို့စွပ်စွဲချက်တွေ ရှိနေပါတယ်။ TNLA ဘက်ကတော့ သူတို့အဖွဲ့လုပ်ဆောင်ချက် မဟုတ်ဘူးလို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ ကျွန်တော်တို့ ကြားရတဲ့သတင်း။ ရွာသားတွေက အကုန်လုံး ကြောက်လန့်ပြီး ထွက်ပြေးတယ်လို့ သိရတယ်။ မြန်မာ့တပ် မတော်က TNLA လာမယ်လို့ သူတို့ဆီမှာ သွားပြောလို့ထွက်ပြေးလာတာ ဖြစ်တယ်။ ”

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ စတဲ့ မြို့နယ်တွေမှာ တအာင်းပလောင် အဖွဲ့နဲ့KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့ လှုပ်ရှားနေသလို မြန်မာ့တပ်မတော်နဲ့လည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွါးနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံ ကာလကနေ ဒီကနေ့အထိ တအာင်းပလောင်အဖွဲ့နဲ့မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲအကြိမ ်(၅၀) ကျော် ဖြစ်ပွါးခဲ့တယ်လို့TNLA ဘက်က ပြောပါတယ်။

တအာင်းပလောင်အဖွဲ့ဟာ NCA လက်မှတ်ရေးထိုးဖို့ တပ်မတော်ဘက်က လက်မခံတဲ့ အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ကနေ ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG