သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခမ်း ရွာသား ၁၇ ဦးကို TNLA ခေါ်ယူထိန်းသိမ်းထား


TNLA တပ်သားများ
TNLA တပ်သားများ

မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တို့အကြားစစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်း မန်ပူးကျေးရွာ သား(၁၇)ဦးကို TNLA ဘက်က ဖမ်းဆီးထားတယ်ဆိုပြီး တပ်မတော်ဘက်ကသတင်းထုတ်ပြန်ထားတာပါ။ အဖမ်းဆီးခံရွာသားတွေဟာ ကျောင်းသားတွေရဲ့ မိဘတွေဖြစ်ပြီး စစ်သားစုဆောင်းရေးအတွက် အလဲအလှယ်လုပ်ဖို့ ဖမ်းဆီးထားတာလို့လဲ ဒေသခံပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကပြောဆိုနေသလို TNLA ဘက်ကတော့ ဖမ်းဆီးတာမဟုတ်ဘဲ ခေတ္တခေါ်ယူဆွေးနွေးတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ မန်ပူးကျေးရွာမှာရှိတဲ့ ရွာသူ၊ ရွာသား ၁၆ ဦးနဲ့ ကျောင်းဆရာမ ၁ ဦး တို့ကို TNLA တအာင်းပလောင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ကာကွယ် ရေးဦး စီးချုပ်ရုံးကနေ ဇူူလိုင်(၁၀)ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး နမ့်ခမ်းဒေသခံ တအာင်းပလောင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင် ကနေအခုလိုအတည်ပြုပြောဆိုခဲ့ပါတယ်။

“သူတို့ခေါ်သွားတဲ့ဟာTNLA အဖွဲ့က စစ်သားစုဆောင်းရေးဖွဲ့ဖို့ရာနော် သူတို့လိုချင်တာ သူတို့သားသမီးတွေပေါ့နော်။ သားသမီး တွေမရတော့ မိဘတွေဆရာမေတွေခေါ်သွားတာပေါ့။ ၁၀တန်းကျောင်းသားလေးတွေ အဖေအမေခေါ်သွားတဲ့ ပုံစံ။ လာပြီးမှအလဲ လှယ်လုပ်တဲ့ ပုံစံလိုသဘော သက်ရောက်သွားတာပေါ့။ အဲဒီလာမှသာ ကိုယ့်အဖေကိုယ့်အမေကို ပြန်လွှတ်မယ့်သဘော သက်ရောက် သွားတာပေါ့။”

မိဘတွေအဖမ်းဆီးခံရတဲ့ကျောင်းသားတွေဟာ နမ့်ခမ်းမြို့မှာ ကျောင်းတက်နေတဲ့ကလေးတွေလို့ ဦးအေးမောင်ကဆိုပါတယ်။

နမ့်ခမ်းမြို့နယ်က အဖမ်းဆီးခံရတဲ့သူတွေ လွတ်မြောက်ရေးအတွက် ကာယကံရှင်တွေကနေ တအာင်းပလောင်အမျိုးသားပါတီကို အကူညီတောင်းခံနေပေမယ့် လက်တွေ့ဖေါ်ဆောင်ဖို့အတွက် အခက်ခဲတွေရှိနေတယ်လို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် ကနေ အခုလိုပြောပါတယ်။

“အကူညီတောင်းတယ်ဆိုတာ ကျွန်တော်တို့သိတဲ့အတိုင်းဘဲနော်။ ကျွန်တော်တို့ကြားထဲမှာလဲ သူတို့(TNLA)နဲ့တိုက်ရိုက် ဆက်သွယ်လို့ မရဘူး။ ပုဒ်မေ တွဘာတွေရှိသေးတာကိုး အဲဒီအခက်ခဲက ကျွန်တော်သူတို့နဲ့ ဆက်သွယ်လို့မရပါဘူး။”

မန်ပူးကျေးရွာသူ၊ ရွာသား ၁၆ ဦးနှင့် ကျောင်းဆရာမ ၁ ဦး တို့ကို ဇူလိုင် ၈ ရက် ည ၁၂ နာရီခန့်က လက်နက်ကိုင်အဖွဲ့ကနေဖမ်း ခေါ်သွားတာဖြစ်ပြီး ဒီကနေ့အထိပြန်လည် လွှတ်မြောက်လာတာ မရှိသေးပါဘူး။

မန်ပူးဒေသခံရွာသားတွေဟာ လက်ရှိ TNLA အဖွဲ့မှာရှိနေတယ်လို့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးတာပန်းလက အတည်ပြု ပြောဆိုခဲ့သလို ၎င်းတို့အနေနဲ့ဖမ်းဆီးတာမဟုတ်ဘဲ ခေါ်ယူတွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“လူထုနဲ့တွေ့ဆုံနိုင်ဖို့ညွှန်ကြားထားတာဖြစ်ပါတယ်။ ညွှန်ကြားထားတော့ သူတို့ဘက်ကနေပြီးတော့ ရွာမှာတာဝန်ရှိတဲ့သူတွေ ခေါ်ပြီးတော့ တွေ့ဆုံတာမျိုးတွေရှိပါတယ်။ ရွာမှာသွားပြီး တွေ့ဆုံဖို့က အခြေအနေကမပေးဘူး။ အဲဒီမှာပြည်သူ့စစ်တွေရော တပ်မတော်ကရောရှိတဲ့အခါကျတော့ တိုက်ပွဲတွေဖြစ်ပွါးလာ နိုင်တယ်။ တကယ်လုံခြုံတဲ့နေရာမှာ ခဏခေါ်သွားပြီးတော့ဆွေးနွေးတာပါ။ ပြောဆိုဆွေးနွေးလို့မပြီးသေးလို့ ပြန်မရောက်ကြသေးဘူးလို့သိရပါတယ်။”

ဇူလိုင်လ(၁၀)ရက်နေ့မှာ နမ့်ခမ်းမြို့အတွင်း ဈေးဆိုင်တွေမှာဆက်ကြေးကောက်ခံနေ TNLA အဖွဲ့ဝင်နှစ်ဦးကို တပ်မတော်ကနေ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ တဦးကထိခိုက်ဒဏ်ရာနဲ့သေဆုံးသွားသလို တဦးကိုတော့လက်ရဖမ်းဆီးရရှိခဲ့ပါတယ်။ ၎င်းတို့နဲ့ အတူ ငွေသား ၁၀၂၂၀၀၀ ကျပ်၊ ငွေကြေးကောက်ခံရမယ့် ဆိုင်အမည်နှင့် ငွေပမာဏပါ စာရွက် ၁ ရွက်၊ ဖုန်း ၂ လုံး၊ ဓားမြှောင် ၁ ချောင်းနဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကရက်စွဲနဲ့သတင်း ထုတ်ပြန် ထားပါတယ်။

နမ့်ခမ်းမြို့အတွင်း ငွေကြေးကောက်ခံသူနှစ်ယောက်ဟာ TNLAအဖွဲ့ဝင်ဟုတ်မဟုတ်ဆိုတာ စီစစ်နေဆဲလို့ ဗိုလ်မှူးတာပန်းလှကဆို ပါတယ်။

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မိုးမိတ်၊ မန်တုံမြို့နယ်အတွင်းမှာ မနေ့ကနဲ့ဒီကနေ့အထိ TNLA တအာင်းပလောင် အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။

ဒါ့အပြင် လားရှိုးမြို့နဲ့သိန္နီမြို့အတွင်းမှာ TNLAနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့ကနေ ဗုံးဖေါက်ခွဲဖို့စီစဉ်နေကြောင်း တပ်မတော်ဘက်ကနေ စာစောင်ဖြန့်ဝေမှုတွေလဲ ရှိနေပါတယ်။

ဒီအခြေအနေနဲ့ပက်သက်လို့ သီန္နီမြို့ခံ နန်းခင်ထားရီကအခုလိုပြောပါတယ်။

“သူတို့ကတော့ဝေထားတာဘဲ။ ဒါပေမဲ့ဒီမှာတော့ဘာမှမဖြစ်ဘူး။ သူတို့ကတော့ တပ်ပိုင်းကတော့ ကင်းလဲလှည့်တယ်ရှင့်။ လုံခြုံရေး ကားတွေနဲ့လှည့်တယ်ရှင့်။ တနေ့ကို တခေါက် နှစ်ခေါက်လောက်တော့ လှည့်နေတာဘဲ။ ဘာမှတော့ မထူးခြားဘူး။”

တိုက်ပွဲတွေဖြစ်ပွါးနေပြီး လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်စဉ်တွေဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီနဲ့ အဖွဲ့ကနေ သွားရောက်ဖို့အစီစဉ်လဲ ရှိနေပါတယ်။

မစ္စယန်ဟီလီနှဲ့အဖွဲ့လားရှိုးမြို့ကိုလာမယ့် အချိန်နဲ့ လားရှိုးမြို့ အတွင်းတပ်မတော်ကနေ လုံခြုံရေးအခြေအနေအရ လက်ကမ်းစာ စောင်ဖြန့်နေမှုအပေါ် မေးခွန်းထုတ်စရာတွေဖြစ်နေတယ်လို့ ရှမ်းနိုင်ငံရေး ပါတီခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်။

ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ဖြစ်ပွါးနေတဲ့ စစ်ရေး ပဋိပက္ခအတွင်းမှာ ရွာသားတွေအနေနဲ့ ဖမ်းဆီးညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခံရမှု၊ တပ်သားသစ်အဖြစ်စုဆောင်းခံရမှု၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရမှု တိုက်ပွဲအတွင်း ထိခိုက်သေကြေဒဏ်ရာရရှိမှု စတဲ့ လူ့အခွင့်အရေးတွေချိုးဖေါက်ခံနေရဆဲ အခြေအနေ တွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG