သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်မှာ သတင်းထောက်တွေ အဖမ်းခံရ


တအာင်းတပ် TNLAက ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနား (ဓာတ်ပုံ - PSLF -TNLA News & Information Department)
တအာင်းတပ် TNLAက ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနား (ဓာတ်ပုံ - PSLF -TNLA News & Information Department)

ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တဦးကို တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပြီး ဒီကနေ့ ဖမ်းဆီးလိုက်တဲ့အကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။ DVB သတင်းဌာနကတော့ တပ်မတော်က စွပ်စွဲသလို မဟုတ်ဘဲ၊ သတင်းသမားတွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ သတင်းသွားယူပြီး အပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။ နောက်ဆုံးအခြေအနေကို စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB အကြီးတန်းသတင်းထောက် နှစ်ဦးဖြစ်တဲ့ ဦးအေးနိုင်၊ ဦးဘုန်းပြည့်နိုင် နဲ့ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်တို့ကို တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ဆက်သွယ်မှုနဲ့ ဒီကနေ့ မွန်းလွဲပိုင်းကပဲ ဖမ်းဆီးထားပြီး တရားဥပဒေအရ အရေးယူသွားမယ့်မယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာပါ။

ရှမ်းပြည်နယ် အရှေ့မြောက်ဘက် နမ့်ဆန်-သီပေါ်ကားလမ်းပေါ်မှာ တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေချိန် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စင်းနဲ့ လိုက်ပါလာတဲ့ ဒီသတင်းထောက်သုံးဦး အပါအဝင် အမျိုးသား ၇ ဦးကို တွေ့ခဲ့ရပြီး သူတို့ဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာာကို စုံစမ်းတွေ့ရှိရတာကြောင့် တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် လားရှိုးရဲ စခန်းကို လွှဲပြောင်းပေးခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ DVB သတင်းဌာနကတော့ သူတို့ရဲ့ သတင်းထောက်တွေဟာ တပ်မတော်က စွပ်စွဲသလိုမဟုတ်ဘဲ၊ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ နဲ့ပတ်သက်ပြီး သတင်းယူရင်း ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

“မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စလေ နေရာတော်တော်များများမှာလုပ်တယ်။ အဲဒီကို သတင်းယူဖို့သွားကြတာပဲလေ DVBလည်း။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စက မြန်မာတပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စလေ။ TNLA သူတို့အကြမ်းဖက် သောင်းကျန်းသူအကြောင်း သတင်းလည်းမဟုတ်ဘူး၊ အင်တာဗျူးလည်းမဟုတ်ဘူး။ မူးယစ်ဆေးဝါးကိစ္စကတော့ မြန်မာတပြည်လုံး ပြဿနာဖြစ်နေတဲ့ ကိစ္စလေ၊ အဲဒီတော့ ကျနော်တို့ဆီက အဖွဲ့ကတော့ မူးယစ်ဆေးဝါးကိစ္စအတွက် သတင်းသွားယူတယ် ကျနော်တို့နားလည်တာကတော့ အဲဒါပါပဲ။”

DVB ရုပ်သံဌာန အယ်ဒီတာတဦးဖြစ်တဲ့ ဦးသန်းဝင်းထွဋ် ပြောသွားတာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ လားရှိုးရဲစခန်းကို လွှဲပြောင်းခဲ့တဲ့အကြောင်း ပြောပေမဲ့လို့၊ သတင်းထောက်တွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာာကို DVB အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး သေချာ မသိရသေးဘူးလို့လည်း ဦးသန်းဝင်းထွဋ်က ပြောပါတယ်။

“အခုအချိန်ထိတော့ စုံစမ်းနေတုန်းပဲခင်ဗျ ၊ ပြီးတော့ Myanmar Press Council နဲ့ တိုင်ပင်ရမှာ ရှိတယ်၊ ပြီးတော့ ကျနော်တို့ ရှေ့နေနဲ့ တိုင်ပင်ရမှာ ရှိတယ်၊အခုကတော့ သတင်းအချက်အလက် စုဆောင်းနေတုန်းပဲရှိသေးတယ်။ သိပ်မကြာသေးဘူး အခုသတင်းဝင်လာတာလေ။ စုံစမ်းနေတုန်းပဲဆိုတော့ သူတို့လားရှိုးရဲစခန်းကို လွဲပြောင်းမယ်လို့ရေးထားတာ ကျနော်တို့လည်း သေချာမသိသေးဘူး စုံစမ်းနေတုန်းပဲ။ လားရှိုးရဲစခန်း ဘယ်စခန်းလဲ ၊ ဘယ်ကိုရောက်ပြီလဲဆိုတာ ကျနော်တို့ သေချာမသိသေးဘူး စုံစမ်းနေတုန်းပဲ။”

အခု သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ ရှမ်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ ဆန်းပိုင်းကစလို့ အပစ်ရပ်လက်မှတ် မထိုးထားသေးတဲ့ ပလောင် လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ လက်အောက်ခံ TNLA တအာင်းတပ်နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။ ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်သူတွေကို တရားမဝင်တဲ့ အကြမ်းဖက် သောင်းကျန်သူအဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ ဆိုပြီး အရင်တုန်းက ဖမ်းဆီးတာတွေ ရှိခဲ့ဖူးပေမဲ့ သတင်းသမားတွေကို ဒီလိုမျိုး ဖမ်းဆီးတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်မှာ သတင်းထောက်တွေ အဖမ်းခံရ
please wait

No media source currently available

0:00 0:02:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG