သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အယ်ဒီတာချုပ်ကို စစ်တပ်က ၆၆ (ဃ)နဲ့ စွဲဆိုဖို့ အမှုဖွင့်တာမဟုတ် ဟုဆို


The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ရုံးထုတ်စစ်ဆေးစဉ်။ (ဇွန် ၁၆-၂၀၁၇)
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ရုံးထုတ်စစ်ဆေးစဉ်။ (ဇွန် ၁၆-၂၀၁၇)

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်ဘက်က တိုင်ကြားတာမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့အမှုဖွင့် တိုင်ကြားခဲ့တာ မဟုတ်ဘူးလို့ တပ်မတော်ဘက်ကဒီကနေ့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ သင့်လျှော်တဲ့ဥပဒေနဲ့သာ အရေးယူဖို့တိုင်တာဖြစ်ပြီးဒါကို ဗဟန်းမြို့မရဲစခန်းကဘဲ ပုဒ်မတပ်ခဲ့တာဖြစ်ကြောင်း တရားရုံးကစစ်ဆေးချက်မှာပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကနေ့ ၄ကြိမ်မြောက်ရုံးချိန်းမှာ ဦးကျော်မင်းဆွေအတွက်အာမခံကိုလည်းပယ်ချခံခဲ့ရသလို တရားရုံးပြောင်းစစ်ဆေးဖို့လည်းပယ်ချခံခဲ့ရပါတယ်။ တရားပြိုင်ရှေ့နေတွေကတော့ တရားရုံးစစ်ဆေးချက်တွေက တဖက်သတ်ဖိအားပေးပြီး ဥပဒေကိုမျက်ကွယ်ပြုမှုတွေရှိ တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းဌာနက မေခကပြောပြပေးမှာပါ။

ဒီကနေ့ ၄ကြိမ်မြောက် ရုံးချိန်းမှာ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့နဲ့ပတ်သတ်လို့ တရားပြိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အခုလိုထွက်ဆိုခဲ့တယ်လို့ ဦးကျော်မင်းဆွေရှေ့နေ ဦးခင်မောင်မြင့်ကပြောသွားတာပါ.

"ဦးကျော်မင်းဆွေနဲ့ စာရေးဆရာဗြိတိသျှကိုကိုမောင် တိုင်ကြားခဲ့ခြင်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃအရ အရေးယူပေးပါလို့ တိုင်ကြားခဲ့ခြင်းမဟုတ်ဘူး။ တည်ဆဲ ဥပဒေတခုနဲ့အညီ အရေးယူပေးပါလို့ တိုင်ကြားခဲ့တယ် ဒါတိုင်စာကိုလည်း အတည်ပြုနိုင်ခဲ့သလို သူ့ရဲ့နှုတ်နဲ့ အစစ်ခံချက်မှာလည်း သူက ၆၆ ဃနဲ့ပဲ ပုဒ်မတပ်ပြီး အရေးယူပေးပါလို့ တိုင်တဲ့အကြောင်း ပေါ်ပေါက်တယ်။ သင့်လျော်တဲ့ဥပဒေတခုခုနဲ့ပဲ တိုင်ဖို့ပဲ သူက။ အရေးယူဖို့ပဲ တိုင်ခဲ့တာ။ ဗဟန်းမြို့မရဲစခန်းဘက်က ပုဒ်မ တပ်လိုက်တယ်။ မဆီလျော်တဲ့ပုဒ်မပေါ့နော် ဒါကိုလည်းပဲ ဗဟန်းမြို့နယ် ဥပဒေအရာရှိက ဥပဒေနဲ့အညီ စိစစ်ပြီး ပြင်ဆင်မှု လုပ်မပေးပဲ တရားရုံးကို ၆၆ဃနဲ့ စွဲပြီးတော့ တင်ပေးလိုက်တယ်။ ခုနက ၆၆ဃလို့ တပ်ပစ်လိုက်ခြင်းသည် တိုင်ကြားသူများဘက်က တပ်လိုက်တာမဟုတ်ပဲနဲ့ တရားစွဲအဖွဲ့အစည်းတွေက တပ်လိုက်တယ်ဆိုတာမျိုး တရားခွင်မှာ ပေါ်ပေါက်ပါတယ်။"

ဒီကနေ့ ၄ကြိမ်မြောက်ရုံးချိန်းမှာ ဦးကျော်မင်းဆွေအတွက် အာမခံကိုလည်း ပယ်ချခံခဲ့ရသလို တရားရုံးပြောင်းစစ်ဆေးဖို့လည်းပယ်ချခံခဲ့ရပါတယ်။ ပယ်ချခံရတဲ့ အကြောင်းနဲ့ ပတ်သတ်လို့ တရားရုံးဘက်ကပြန်လည်ဖြေရှင်းခဲ့တာနဲ့ပတ်သတ်လို့ ဦးခင်မောင်မြင့် ပြောပြတာက-

" ကျနော်တို့ဘက်နေမှ ဘယ်လိုအကြောင်းကြောင့် အာမခံကို ကန့်ကွက်တာလည်း အထောက်အထားတွေနဲ့ ကျနော်တို့လျှောက်တာကို ဘာကြောင့် ကန့်ကွက်သလဲ လို့မေးတဲ့အခါမှာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ ပြောကြားနိုင်ခြင်းမရှိဘူး။ ထို့အတူပဲ ဒီဘက်ကို စွဲဆိုသူကလည်း ကိုယ့်ကိုစစ်ဆေးမယ့်တရားရုံးပေါ့။ ဒီတရားရုံး တရားသူကြီးက ဒီအမှုကို မှန်ကန်မျှတစွာ စစ်ဆေးမယ်လို့ယုံကြည်မှ စစ်ဆေးခံရမှာပေါ့ ဒါကိုလည်းပဲ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မယ်မယ်ရရ မရှိပဲနဲ့ ပယ်ချခဲ့တယ်ပေါ့။ ကျနော်တို့မှာက ဥပဒေရဲ့အနှစ်သာရ ပြဌာန်းဥပဒေတွေ ရှိနေရင် ပြဌာန်းဥပဒေအတိုင်း တိတိကျကျ စီရင်ဆုံးဖြတ်ရမယ်ဆိုတဲ့မူက ပျက်ယွင်းသွားပြီးတော့ တရုံးတထုံး။ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကိုပဲ အဓိက အားပြုပြီးတော့ စီရင်နေကြတဲ့အခါကျတော့ စစ်ဆေးခံရသူအနေနဲ့ပေါ့နော်။ ဦးကျော်မင်းဆွေအနေနဲ့ကျတော့ အင်မတန် နစ်နာပါတယ်။"

လက်ရှိဗဟန်းတရားရုံးဘက်က အမှုစစ်ဆေးမှုဟာ မျှတမှုမရှိဘူးလို့ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။ နောက်တပါတ်မှာတော့ အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားရုံးပြောင်းဖို့ဆောင်ရွက်မယ်လို့ သူကပြောပါတယ်။ လက်ရှိတရားရုံးမှာ အမှုစစ်ဆေးတာနဲ့ပတ်သက်လို့ သူက အခုလိုထောက်ပြဝေဖန်သွားပါတယ်။

"အခုလက်ရှိအနေအထားမှာတော့ ကျနော်တို့ဒီရုံးဟာ စတင်ပြီးတော့ ချုပ်ရမန်ယူကတည်းက ဥပဒေပြဌာန်းချက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ ရုံးမထိုင်ရဘူးဆိုတဲ့ပြဌာန်းချက်ကို ဆန့်ကျင်ပြီးတော့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီးတော့ ချုပ်ရမန်ပေးလိုက်တော့ အဲ့ဒီ့ကနေစပြီး ဒီကနေ့အထိ အထက်ရုံးဖြစ်တဲ့ အနောက်ပိုင်းခရိုင်ရုံးကို တင်ပြပြီးတော့ အရေးယူဖို့ တိုင်ကြားထားတဲ့အပေါ် မှာလည်းပဲ တစုံတရာသက်ရောက်မှုရှိသလားလို့ ကျနော်တို့ဒီဘက်က တရားခံရဲ့အခွင့်အရေးအရ တင်လိုက်တဲ့ဟာအားလုံးက ပယ်ချခြင်းခံနေရတဲ့အတွက် ဒါဟာ ဥပဒေအမြင်နဲ့ကြည့်ရင်တော့ မှန်ကန်မျှတမှုတော့ အင်မတန်ကင်းမဲ့နေတယ်။"

ဒီကနေ့ တရားရုံးရုံးချိန်းမှာ သတင်းမီဒီယာသမားတွေထဲက သတင်းသမား ၅ယောက်ကိုသာ သတင်းယူခွင့်ပေးဖို့ တရားရုံးမှာ ကန့်သတ်လိုက်တာတွေရှိခဲ့ပါတယ်။ လာမယ့်၅ကြိမ်မြောက်ရုံးချိန်းကို လာမယ့် ဇွန် ၃၀မှာဆက်လုပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG