သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အယ်ဒီတာ အာမခံလျှောက်ထားမှု ဒုတိယအကြိမ်ပယ်ခံရ


The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနဲ့ စာရေးဆရာဗြိတိသ ျှ ကိုကိုမောင်တို့ကို ရုံးထုတ်လာစဉ်။ ( ဇွန် ၁၆-၂၀၁၇)
The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနဲ့ စာရေးဆရာဗြိတိသ ျှ ကိုကိုမောင်တို့ကို ရုံးထုတ်လာစဉ်။ ( ဇွန် ၁၆-၂၀၁၇)

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအတွက် ဒုတိယအကြိမ် အာမခံလေ ျှာက်ထားချက်ကို ဒီကနေ့ရုံးထုတ်မှာ ဒုတိယအကြိမ် ထပ်ပြီးပယ်ချလိုက်ပါတယ်။ ဦးကျော်မင်းဆွေနဲ့အတူ အမှုရင်ဆိုင်နေရတဲ့ စာရေးဆရာ ဗြိတိသ ျှကိုကိုမောင်ကိုတော့ ဒီကနေ့မှာပဲ တရားသေ လွှတ်ပေးလိုက်ပါတယ်။ သတင်းမီဒီယာသမားတွေကတော့ The Voice ကိုထောက်ခံ ကြောင်းနဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင် ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ လက်ပတ်ဖြူတွေကို ဝတ်ဆင်ပြီး ဒီကနေ့ တရားရုံးထုတ်ကို သွားခဲ့ကြပါတယ်။ အပြည့်အစုံ ကို ဒီကနေ့ တရားရုံးထုတ်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ပတ်သက်လို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးသူ ဗြိတိသျှကိုကိုမောင်တို့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့တာဖြစ်ပြီး ဦးကျော်မင်းဆွေ အတွက် ဒုတိယအကြိမ် အာမခံလျှေက်ထားမှုကို တရားသူကြီးက ထပ်ပြီး ပယ်ချခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဥပဒေအကျိုးဆောင်ဖြစ်သူ ဦးခင်မောင်မြင့်က -

" ပေးချင်ရင်လည်းပဲ ဆင်ခြင်တုံတရားအရပဲ ပေးမှာပါ။ မပေးချင်ရင်လည်း ဆင်ခြင်တုံတရားအရ မပေးဘူးဆိုတော့ ဥပဒေရဲ့စိုးမိုးမှုက ပျောက်သွားပြီ။ ဥပဒေသည် တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ အခြေခံနေတဲ့အတွက် ဒါကတော့ လွဲမှားတာပေါ့နော်။ သို့သော်လည်းပဲ မည်သို့ပင်လွဲမှားနေပါစေ ဒါ အပေါ်ရုံးကပဲ တည့်မတ်ပေးနိုင်တယ် ကျနော်တို့ ကာယကံရှင်ဦးကျော်မင်းဆွေအနေနဲ့ကတော့ သူ့ဆင်ခြင်တုံတရားကြောင့်ပဲ ဆောင်းပါးလေးတပုဒ်အပေါ် အခြေခံပြီး ဆက်လက် ချုပ်နှောင်ခံရတော့ ဒါကတော့ သဘာဝတရားအရ တရားမျှတမှု လုံးဝ မရှိပါဘူး။"

အတူဖမ်းဆီးခံထားရတဲ့ သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်ကိုတော့ စွဲဆိုထားတဲ့ပုဒ်မနဲ့ မသက်ဆိုင်ဘူးဆိုပြီး တရားသူကြီးက အမှုကနေ ပလပ် ပယ်ဖျက်လိုက်တာကြောင့် ပြန်လွတ်လာပါတယ်။

အခုလို တရားသေလွှတ်လိုက်တဲ့အပေါ် ဥပဒေအကျိုးဆောင် ပြောပြတာကတော့ -

"စာရေးဆရာကတော့ မီဒီယာသမားတွေကို အစောကြီးကပြောသလိုပဲ ၆၆ ဃနဲ့ သူနဲ့မငြိစွန်းတဲ့အတွက် စွဲချက်မတင်ပဲ လုံးဝ လွှတ်လိုက်တယ်။ ဆရာဦးကျော်မင်းဆွေ ကတော့ အယ်ဒီတာချုပ်ဖြစ်တဲ့အတွက် ဆက်လက်ပြီး ဖြေရှင်းရန်ရှိတယ် အမှုကတော့ တင်ထားတယ် ဒီအမှုအတွက် ကျနော်တို့ကတော့ အာမခံလျှောက်တယ် အာမခံကို ငြင်းပယ်ခြင်း ခံထားရတယ်။ အဲ့တော့ ရုံးချိန်းကတော့ ၂၃ရက်နေ့။ ရုံးချိန်းထပ်ချိန်းထားပါတယ်။"

ဗြိတိသျှကိုကိုမောင်
ဗြိတိသျှကိုကိုမောင်

ပြန်လွတ်လာတဲ့ ဗြိတိသျှကိုကိုမောင်ကတော့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ကာကွယ်ပေးမယ် ဆိုတဲ့ ဒီမိုကရေစီအစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အပေါ် အစိုးရဘက်က ရေငုံနှုတ်ပိတ်နေတာ မဖြစ်သင့်ဘူးလို့ အခုလိုဝေဖန်ပြောဆို ပါတယ်။

" ၆၆ ဃ ကို ဒီမိုကရက်တစ်အစိုးရကိုယ်တိုင်ကကို မြိန်ရည်ရှက်ရည် တရားစွဲဆိုနေတာကို ကျနော်တို့မြင်နေရတယ် ကြားနေရတယ်။ ကျနော်တို့ဆို ၆၆ မှုမြောက် အခုဆို ၆၈မှုမြောက်ဖြစ်နေပြီ။ အဲ့တော့ ကျနော်ပြောချင်တာကတော့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေကို ဒီမိုကရေစီအစိုးရ မြိန်ရည်ရှက်ရည်သုံးစွဲနေတာကတော့ ကျနော်မျက်စိထဲမှာ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။"

ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းတရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်တဲ့ ဒီကနေ့မှာ မြန်မာသတင်း သမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး The Voice ကိုထောက်ခံကြောင်းနဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင် ပယ်ဖျက်ပေး ဖို့ တောင်းဆိုတဲ့ လက်ပတ်ဖြူတွေကိုဝတ်ဆင်ပြီး သတင်းမီဒီယာသမားတွေ သွားရောက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို အပြီးပယ် ဖျက်သင့်ကြောင်း လက်ကမ်းစာစောင်တွေ ဝေကြပါတယ်။

ဆက်သွယ်ရေးဥပဒေထဲက ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ပေးဖို့နဲ့ သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှုတွေကို သတင်းမီဒီယာ ဥပဒေနဲ့သာ အရေးယူဖို့ နေပြည်တော်အခြေစိုက် သတင်းသမားတွေကလည်း ကြာသပတေးနေ့ကပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးသား ပေးပို့ထားကြပါသေးတယ်။

လက်ရှိမှာ ဒီဥပဒေနဲ့တရားစွဲခံထားရတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပါတယ်။ ဒီဥပဒေဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ပြဌာန်းခဲ့တာဖြစ်ပေမယ့် အခုအစိုးရ လက်ထက်မှာ ဒီပုဒ်မသုံးပြီး တရားစွဲတာက ပိုများပါတယ်။ ဦးကျော်မင်းဆွေ အပေါ် စွဲဆိုထား တာကိုတော့ လာမယ့် ၂၃ ရက်နေ့မှာ ထပ်ပြီး ရုံးထုတ်စစ်ဆေးဦးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG