သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသတွင်း ထိပ်တန်းမီဒီယာဆုပေးပွဲမှာ Frontier Myanmar အသိအမှတ်ပြုခံရ


 ဟောင်ကောင်မှာ ကျင်းပတဲ့ SOPA ဆုချီးမြှင့်ပွဲကို တက်ရောက်လာတဲ့ Frontier Myanmar အဖွဲ့ (ဓါတ်ပုံ- Sonny Swe Facebook)
ဟောင်ကောင်မှာ ကျင်းပတဲ့ SOPA ဆုချီးမြှင့်ပွဲကို တက်ရောက်လာတဲ့ Frontier Myanmar အဖွဲ့ (ဓါတ်ပုံ- Sonny Swe Facebook)

ဟောင်ကောင်အခြေစိုက် SOPA ခေါ် အာရှပုံနှိပ်ထုတ်ဝေသူများအစည်းအရုံးက ၂၀၁၇ခုနှစ်အတွက် ဒေသတွင်း အကောင်းဆုံး မီဒီယာဆုများ ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက Frontier Myanmar အပတ်စဉ်မဂ္ဂဇင်း ပထမဆုံးအကြိမ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကြောင့် မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အန္တရာယ်ခြိမ်းခြောက်မှုတွေရှိနေချိန် အခုလို ဒေသတွင်း ထိပ်တန်းမီဒီယာ ဆုပေးပွဲမှာ မြန်မာသတင်းမီဒီယာ အသိအမှတ်ပြုခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိကြောင်း Frontier Myanmar သတင်းထုတ်ဝေသူ ဦးဆန်နီဆွေက ပြောပါတယ်။

ဇွန်လ (၁၅)ရက်နေ့က ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ SOPA ဆုပေးပွဲအကြောင်း မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ ဦးဆန်နီဆွေက အခုလိုပြောပါတယ်။

“ဒီဆုက အာရှမှာတော့ အမြင့်ဆုံးပဲလို့ ပြောလို့ရပါတယ်။ ကျနော်ရဲ့ team အနေနဲ့ရော၊ publication အနေနဲ့ရော ဒီထဲမှာ ဆုတခုများရခဲ့မယ်ဆိုရင် ဂုဏ်ယူစရာလဲဖြစ်မယ်။ ပြီးတော့ မြန်မာနိုင်ငံအတွက်ဆိုရင် အရင်တုန်းက Myanmar Times လဲ ရဖူးပါတယ်။ သုံးနှစ်ဆက်တိုက် သူတို့ ရဖူးတယ်။ ဆိုတော့ ကျနော့်အနေနဲ့ အားလဲ အားကျတယ်။ ကိုယ်လဲ ဖြစ်ချင်တယ်။ ကျနော်တို့ သတင်းအဖွဲ့ကိုလည်း confidence (ကိုယ့်ကိုကိုယ် ယုံကြည်မှု) ရှိစေချင်တယ် ဆိုပြီးတော့ ဝင်ပြိုင်ဖြစ်တာပါ။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့။ ဒီလို သတင်းမီဒီယာတခုအနေနဲ့ လွတ်လွတ်လပ်လပ်ရပ်တည်ခွင့်ရအောင် ငွေကြေးဆိုင်ရာအရ လွတ်လပ်မှုရှိအောင် ကြိုးစားရတဲ့ အခြေအနေကို ရှင်းပြလို့ရမလားရှင့်။

ဦးဆန်နီဆွေ။ ။ ကျနော်တို့က လက်ရှိမှာတော့ ကိုယ့်အိတ်ထဲက ပိုက်ဆံနဲ့ပဲ ကိုယ့်ဘာသာကိုယ်ကြိုးစားနေပါတယ်။ ကျနော်နဲ့ ကျနော်ရဲ့ partner Sylvia Saw McKaige က စင်္ကာပူ အခြေစိုက်ပါ။ သူက စင်္ကာပူမှာ ကုမ္ပဏီရှိပါတယ်။ သူရဲ့ အဓိက background ကတော့ သူက အရင်က CNBC မှာလုပ်ခဲ့တော့ broadcast လိုင်းကို တော်တော်လေး ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ ကျနော်ကတော့ print ပိုင်းဆိုင်ရာ background ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ နှစ်ယောက် ပူးပေါင်းပြီးတော့ Frontier Myanmar ကို ထူထောင်ဖြစ်တာပါ။ ၂၀၁၅ ခုနှစ်က စခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ မြန်မာနိုင်ငံမှာ အခု အပြောင်းအလဲတွေလည်းဖြစ်လာပြီ။ NLD အရပ်သားအစိုးရလက်ထက်လည်း ရောက်လာပြီဆိုတော့ ကိုယ်ပိုင်သတင်းမီဒီယာတွေအနေနဲ့ ပိုပြီးတိုးတက်လာမယ့် အနေအထားရှိပါသလားရှင့်။

ဦးဆန်နီဆွေ။ ။ ကျနော်တို့အားလုံးကတော့ ဘယ်လိုပဲပြောပြော expect (မျှော်လင့်ချက်တွေ) ထားပါတယ်။ အများကြီး ဒီထက်တိုးတက်လာဖို့။ ဒါပေမဲ့ အခုလောလောဆယ်မှာ သိပ်ပြီးတိုးတက်ဖို့ မမြင်ရသေးပါဘူး။ အထူးသဖြင့် မီဒီယာကဏ္ဍနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ တာဝန်သည် ဘယ်လိုပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ဘက်လိုက်မှုကင်းကင်းနဲ့ ဖေါ်ပြနိုင်ဖို့ဆိုတာ ကျနော်တို့ မီဒီယာတွေလုပ်ရမယ့် အလုပ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး၊ တာဝန်အကျေဆုံးဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် ပုဒ်မ ၆၆ (ဃ)နဲ့ သတင်းမီဒီယာတွေကို တရားစွဲဆိုမှုတွေရှိနေတာဆိုတော့ Frontier Myanmar အနေနဲ့ရော သတင်းတွေကို လွတ်လွတ်လပ်လပ်ဖေါ်ပြဖို့ အခက်အခဲတွေ ဘယ်လိုရှိလဲရှင့်။

ဦးဆန်နီဆွေ။ ။ စိန်ခေါ်မှု အခက်အခဲကတော့လေ ကျနော်တို့ တယောက်တည်းတင်မဟုတ်ပါဘူး။ ၆၆ (ဃ) ဆိုတာ အားလုံးနဲ့ သက်ဆိုင်ပြီး အားလုံးနဲ့ အကြုံးဝင်နေတော့ အားလုံးက ဒီ risk (အန္တရာယ်) ကြီးကိုယူပြီးတော့ ထုတ်နေကြတာပါ။ ကျနော်တို့ရဲ့ editorial policy (အယ်ဒီတာ ဘုတ်အဖွဲ့ချမှတ်ထားတဲ့ မူဝါဒ)က ကျနော်တို့သည် criticize (ဝေဖန်မှု) လုပ်တယ်။ ဒါပေမဲ့ တဦးတယောက် ပြီးတော့ အသင်းအဖွဲ့ တခုခု ကို အရမ်းကာရော တိုက်ခိုက်တာမျိုး မလုပ်ပဲနဲ့ ထောက်ပြဝေဖန်မှုနဲ့ အပြုသဘောဆောင်တဲ့ ထောက်ပြဝေဖန်မှုမျိုး အနေနဲ့ ပဲ ကျနော်တို့ သွားပါတယ်။ သတင်းမီဒီယာဆိုတဲ့ လွတ်လပ်မှုအပိုင်းမှာတော့ ဘယ်လိုပဲပြောပြော ၆၆ (ဃ)လို risk (အန္တရာယ်) ကတော့ နေ့စဉ်နဲ့အမျှရှိနေပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်နေတော့ သတင်းမီဒီယာတွေ အနေနဲ့ လွတ်လွတ်လပ်လပ် တင်ပြခွင့်ရသလားရှင့်။

ဦးဆန်နီဆွေ။ ။ အခုဟာက သူ့အသင်းအဖွဲ့တွေနဲ့ သူ့အုပ်စုတွေနဲ့ သူတို့ပေါ့နော်။ ပြီးတော့ Facebook မှာက အကောင့်အတုတွေနဲ့ တယောက်နဲ့ တယောက် တိုက်ခိုက်နေကြတာပေါ့။ ကျနော်တို့အနေနဲ့တော့ ကိုယ်ရေးတာကို မကြိုက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးတွေ အထိကို ကျနော်တို့လည်း ခံရပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ ရပ်တည်ချက် မှန်ဖို့ပဲ အရေးကြီးပါတယ်။ ဘာသာရေး၊ လူမျိုးရေးက ဘယ်နေရာမှမဆို၊ ဘယ်နိုင်ငံမှာ မဆို ထိလွယ်ရှလွယ်ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဖြစ်ရပ်မှန်အတိုင်းပဲ တင်ပြဖို့ အမြဲကြိုးစားနေပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီအတွက်ရော ခြိမ်းခြောက်ခံရတာမျိုး ရှိပါလားရှင့်။

ဦးဆန်နီဆွေ။ ။ ကျနော်တို့ အသင်းအဖွဲ့အနေနဲ့ ခြိမ်းခြောက်ခံရတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ reporters (သတင်းထောက်တွေ) ကတော့ ခြိမ်းခြောက်ခံရပါတယ်ခင်ဗျ။ မုန်းတီးရေးစာသားတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုးတွေ အဲတာတွေတော့ လာပါတယ်။ မောင်တောမှာ ဖြစ်တဲ့ ကိစ္စဆိုရင် ကျနော်တို့ဆီက ကိုမြတ်ကျော်သူဆိုရင် အဲဒီကိုရောက်ပြီး report လုပ်နေတုန်းအချိန်မှာ ခြိမ်းခြောက်ခံရတာတွေရှိပါတယ်။

Frontier သတင်းတွေမှာ ဖေါ်ဖြပြခဲ့တဲ့ မွန်ပြည်နယ်ရှိ ကြက်တိုက်ပွဲများအကြောင်း ရေးသားပုံဖော်ထားတဲ့ When Feathers Fly (အမွေးအတောင်များ လေထဲ ပျံ့လွင့်နေသော အခါဝယ်) ဆောင်းပါးဟာ SOPA ဆုရဲ့ Excellence in Photography ကဏ္ဍမှာ Honourable Mention အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများအကြောင်း ရေးသားထားတဲ့ ဆောင်းပါး ၄ ပုဒ်ကိုလည်း Explanatory Reporting ကဏ္ဍတွင် ဆုအတွက် နောက်ဆုံးအဆင့်အထိ ရွေးချယ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG