သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင်ဒေသတိုက်ပွဲကြား ဒေသခံတွေ ပိတ်မိ


ပလောင် ဒေသခံတွေ စစ်ဘေးရှောင်နေစဉ် (PSLF -TNLA News & Information Department)
ပလောင် ဒေသခံတွေ စစ်ဘေးရှောင်နေစဉ် (PSLF -TNLA News & Information Department)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာမြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့အကြားတိုက်ပွဲကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝရှင်သန်ရေး လုပ်ငန်းတွေ ရပ်ထားရပြီး စာသင်ကျောင်းလည်း ပိတ်ထားရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေကြောင့် စစ်တပ်ရဲ့ အမိန့်နဲ့ မန်လန်ရွာသား(၃၀၀)ကျော်ဟာ နေအိမ်တွေကနေ ဖယ်ပေးရပြီး ရွာဘုန်းတော် ကြီးကျောင်းမှာ သွားစုဝေးနေကြရတာပါ။ လက်ရှိနမ့်ဆမ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာစစ်ရေးတင်းမာနေ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်း ပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်နမ့်ဆန်မြို့နယ် မန်လန်ရွာဘက်မှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့အကြားဖြစ်ပွါး နေတဲ့ တိုက်ပွဲကြောင့် မန်လန်ဒေသခံရွာသား(၃၀၀)လောက်ရွာတွင်းမှာ ပိတ်မိနေတယ်လို့ ဒေသခံရွာသား မိုင်အိုက်လှ က ပြောပါတယ်။

“အခု မန်လန်ရွာအခြေအနေက အခုနည်းနည်းတော့ဆိုးတယ်ပေါ့ ။ သူတို့မထင်ထားတဲ့လူတွေ အစိုးရစစ်ကြောင်းကြောင့် တိုက်ပွဲဖြစ်နေတယ်ဆိုပြီး အစိုးရစစ်ကြောင်းကလည်း သူတို့ဖမ်းထားတယ် ၅ ယောက်တော့ရှိပြီပေါ့နော် အစကတော့ ၆ ယောက်ပေါ့နော် ၁ ယောက်ကိုတော့ လွှတ်ပြီးသွားပြီ ၊ နောက်ကျန်တဲ့ ၅ ယောက်ကိုတော့ သူတို့ ဒီအတိုင်းပဲ ဖမ်းထားတယ်ပေါ့နော်။ ရွာသူရွာသားတွေကတော့ ဘုန်းကြီးကျောင်းမှာပဲ အကုန်လုံးစုကြတယ်ပေါ့နော် ၃၀၀ ကျော်ကျော်လောက်ရှိမယ်။ အိမ်တိုင်းစုပြီး ဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ်။ ဘယ်သူမှ ကိုယ့်အိမ်ကိုပြန်လို့မရဘူးပေါ့နော် ။ ကလေးမိဘတွေရော ကျောင်းသူကျောင်းသားတွေရော ဘုန်းကြီးကျောင်းမှာပဲ။ ဆိုင်တွေလည်း သိမ်းပြီးတော့ သူတို့ပိတ်ခိုင်းတယ် ၊ အိမ်တိုင်းကို သော့မပါတဲ့အိမ်ကျတော့ ဖျက်ပြီးတော့ ပြတင်းပေါက်တွေ လှပ်ပြီးတော့ အကုန်လုံးစစ်ဆေးနေတယ် တအိမ်ပြီးတအိမ်ပေါ့။”

ပြီးခဲ့တဲ့ရက်ပိုင်းမှာ တအာင်းပလောင်တပ်ဖွဲ့ကနေ မန်လန်ရွာအတွင်း အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး သင်တန်းပို့ချ နေစဉ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်ကနေ မန်လန်ရွာကို ဝိုင်းပတ်ပိတ်ဆို့ထားခဲ့တာပါ။ ဒီအခြေအနေကို မန်လန်ရွာသား မိုင်အိုက်လှကအခုလိုဆက်ပြောပါတယ်။

“မန်လန်ရွာမှာ ၁၉ ယောက် ၂၁ ယောက်လောက်တော့ရှိပါတယ်။ နမ့်မလင်မှာဆိုရင် ၄၀ -၅၀ လောက်တော့ရှိမယ်။ လားရှိုးမှာတော့ သိပ်တော့မများဘူး၊ တချို့ကျတော့ စာရင်းပေးတဲ့မိသားစုတွေရော လားရှိုးမှာတော့။ ကျနော်ကတော့ နည်းနည်းစိုးရိမ်တာကတော့ အဓိက ကလေးတွေအတွက်ပေါ့နော် သူတို့ကျောင်းတွေလည်း ပိတ်ရတယ်၊ တိုက်ပွဲကြားမှာ နည်းနည်း ဒုက္ခရောက်တဲ့လူတွေများတော့ တော်တော်များများအဲလိုမျိုးရှိပါတယ်။ လက်ဖက်အလုပ်တွေ၊ အလုပ်တွေလည်းမသွားရ အဲဒီလိုဖြစ်နေတယ်ဆိုတော့။”

တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့မန်လန်ရွာသားတွေထဲက ဒီကနေ့မှာ မန်လွယ်ရွာဘက်ကို ၁၉ ဦးတိမ်းရှောင် ရောက်ရှိနေသလို နန်းမလင် ရွာဘက်မှာအယောက်(၅၀)ခန့် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မန်လန်ရွာသားတွေကို တပ်မတော်ကနေ သွားလာခွင့်ပိတ်ပင်ထားတဲ့အခြေအနေတွေကြောင့် လယ်ယာခြံမြေ ထဲ သွားခွင့် မရှိသလို ကျောင်းသားတွေရဲ့ပညာသင်ကြားရေးအတွက်လဲ စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါး နေဆဲလို TNLAနိုင်ငံခြားဆက်ဆံရေးတာဝန်ခံတာပန်းလှကပြောပါတယ်။

“တိုက်ပွဲကတော့ မနေ့ကတုန်းက ၅ ကြိမ်လောက်ဖြစ်ပွားတယ်။ ကျနော်တို့ တပ်မဟာ၅ မှာ ၂ကြိမ် တပ်မဟာ ၂ မှာ ၃ ကြိမ်လောက်ဖြစ်တယ်။ တပ်မဟာ ၂ မှာဖြစ်တာက ဒီမနက် ၃ နာရီ လောက်မှပြီးတယ်။ ဒီမနက် ၈ နာရီလောက်မှာ ပြန်ပြီးစလုပ်တယ် အခုအထိတော့ တိုက်ပွဲဖြစ်ပွားနေတုန်းပဲ။”

အခုလိုဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေကိုအတည်မပြုနိုင်သေးသလို ဒီလိုတိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက် လို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒေသအတွင်းစစ်ပွဲတွေရပ်တန့်နိုင်ရေးအတွက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးကော်မီတီတွေကနေ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

အခုလိုတိုက်ပွဲအတွင်းရွာသားတွေထိခိုက်မှုအခြေအနေနဲ့ပက်သက်လို့ ဦးစီးကော်မတီအဖွဲ့တွေ အနေနဲ့ ရှမ်းပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီးကို တင်ပြထားပေမဲ့လဲ အရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့ ဦးစီးအဖွဲ့ဝင်တာလှဖေက အခု လိုပြောပါတယ်။

“ပြည်သူလူထုတွေက ကျနော်တို့ အချိန်နဲ့ တပြေးညီသတင်းပို့လာတာ ကျနော်တို့က နယ်လုံဝန်ကြီးကိုလှမ်းပို့တယ်။ နယ်လုံဝန်ကြီး PNC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်လေ။ အရေးယူခြင်း၊ မယူခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ မစစ်ဆေးခြင်းက ကျနော်တို့ နောက်ကွယ်မှာဖြစ်တဲ့အတွက်ကြောင့် ဘယ်လောက်ထိ သူတို့လုပ်သလဲမလုပ်သလဲဆိုတာကို မသိနိုင်တဲ့အနေအထားမျိုးပေါ့နော်။ ပြောထားပေမယ့် ဘာမှအရေးမယူ လျော်ကြေးပေးတာမျိုး အလေးပေး အရေးယူတာမျိုးမကြားဘူး။ အဲဒီတော့ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာကတော့ အမည်ရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ ဖြစ်တယ်။ ကျနော်တို့ဟာ အမှန်တကယ်၊ တကယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမဟုတ်ဘူးဆိုတာ သိသိသာသာ ထင်ထင်ရှားရှားပါပဲ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးလုပ်ဆောင်နေတဲ့ ၂၁ ရာစုပင်လုံဒုတိယအကြိမ် ညီ လာခံ ကာလကနေ ဒီကနေ့အထိ တအာင်းပလောင်အဖွဲ့နဲ့မြန်မာ့တပ်မတော်တို့အကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွါးနေတာပါ။

တအာင်းပလောင်အဖွဲ့ဟာ NCAလက်မှတ်ရေးထိုးဖို့ အစိုးရကနေလက်မခံသေးတဲ့အဖွဲ့အစည်းဖြစ်သလို လက်ရှိမှာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကဦးဆောင်တဲ့ မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တပ် ပေါင်းစုဖြစ်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်လဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG