သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်းက တိုက်ပွဲ


TNLA တအာင်းလက်နက်ကိုင်အဖွဲ့
TNLA တအာင်းလက်နက်ကိုင်အဖွဲ့

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်နဲ့ကွတ်ခိုင်မြို့နယ်က TNLA တအာင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်စခန်းတွေကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် စစ်တပ်နဲ့ တအာင်း လက်နက်ကိုင် TNLAတို့ကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ TNLA အတွင်းရေးမှူးကပြောပါတယ်။ အစိုးရက၂၁ရာစုပင်လုံညီလာခံခေါ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေချိန် အခုလိုတိုက်ပွဲတွေဖြစ်နေဆဲစစ်ရေးပဋိပက္ခတွေအပေါ် စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ကိုလည်း ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန်ပြောပြပါမယ်။

ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစလို့ အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ ပလောင်လွတ်မြောက်ရေးတပ်ဦးPSLF ရဲ့ လက်အောက်ခံ TNLA တအာင်းတပ်နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာနေတာပါ။ ဇွန်လ၂၄ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက TNLA တပ်မဟာ(၄)နယ်မြေ ပန်တောင်းကျေးရွာနဲ့ မန်လန်းကျေးရွာကြားမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့သလို
လက်နက်ကြီးကျည်တွေ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဆိုပါတယ်။

ဒီနေ့ဇွန်လ ၂၅ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ် ပန်ကူနဲ့မန်ကိုင်ကျေးရွာနား၊ နောင်လွတ်ကျေးရွာနဲ့ နောင်ခိုင်ကျေးရွာနားမှာTNLA နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေဆဲပဲလို့ TNLA ဘက်ကပြောပါတယ်။ ရှမ်းနာက်ဆုံးစစ်ရေးအခြေအနေကို TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“အခုဒီနမ့်ဆန်မြို့နယ် နန်လွတ်ရွာမှာ အခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ နမ့်ဆန်မြို့နယ်လံန်လွယ်ကျေးရွာ မှာလည်း တိုက်ပွဲဖြစ်တယ် မနက်က။ ပြီးတော့ ကျနော်တို့ တပ်မဟာ ၅ ကွတ်ခိုင်ဘက် မှာလည်း တိုက်ပွဲဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ကတိုက်ပွဲက ၃ နေရာ အခုလက်ရှိဖြစ်နေတဲ့ နန်လွတ်ကျေးရွာ မှာတော့ အခုအထိဖြစ်နေတယ် နည်းနည်း ပြင်းထန်တဲ့ သဘောရှိတယ်။ အခုကျနော်တို့နဲ့ ဖြစ်နေတာ ဒီနမ့်ဆန်ဘက်မှာ ဖြစ်နေတာကတော့ စကခ(၁ )လက်အောက်ခံလက်အောက်ခံတပ်တွေ တပ်မ ၈၈ နဲ့ ၇၇ ရှိတယ် နောက်ပြီး စကခ တပ်မတွေ မနေ့ကလည်း ခုနက ပြောတဲ့ လုံတောက်ကျေးရွာဘက် မန်လန်းကျေးရွာ မှာလည်း တိုက်ပွဲဖြစ်တယ် အဲဒီမှာလည်း နည်းနည်းပြင်းတယ်။”

TNLA အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာအပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးထားသေးပေမဲ့လို့ ပြီးခဲ့တုန်းက ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံဒုတိယအကြိမ်ညီလာခံကိုတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့တက်ရောက်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပူးပေါင်းဆောင်ရွက်ပါလို့အစိုးရကဆိုထားပေမဲ့ အခုလို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အနေအထားဟာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အခက်အခဲဖြစ်နေဆဲပဲလို့လည်း ဗိုလ်မှူးချုပ်တာ့ဘုန်းကျော် ကပြောပါတယ်။

“ဒီလိုပုံစံအတိုင်းပဲ ဆိုရင်တော့ ပြင်းထန်မယ့်သဘောရှိပါတယ်ခင်ဗျ ၊ ခုနကပဲ မြန်မာ့တပ်မတော်ဘက်က ဟက်စကီး ၂စီးနဲ့ အခုတိုက်ပွဲဖြစ်နေတဲ့တကြောတွေ နမ့်ဆန်မြို့နယ် အကုန်လုံးလိုက်ကြည့်ရှု့နေတယ်ဆိုတော့ ထပ်မံပြီးတော့မှ ထိုးစစ်တွေ ဆင်မယ့် သဘောအနေအထားကတော့ရှိပါတယ်။ အဓိကအစိုးရကတော့ အခုလက်ရှိလျှောက်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ဘယ်လိုမှ တိုက်ပွဲတွေက ငြိမ်နိုင်မှာမဟုတ်ဘူး၊ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေမှာပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို NCA လမ်းကြောင်းကိုပဲ လိုက်ပါလို့ပြောပေမယ့် တကယ့် ပကတိအခြေအနေကတော့ ကင်းကွာနေတယ်၊ မြန်မာ့တပ်မတော်က အစိုးရ ပေါ်လစီအတိုင်း တကယ်လိုက်လားမလိုက်လား ၊ အခုသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်က လက်တွေ့အလုပ်မဖြစ်နိုင်ဘူးဆိုတာ အစိုးရအနေနဲ့ သေချာသုံးသပ်ဖို့လိုမယ်လို့ ထင်ပါတယ်။ မဟုတ်ရင် စစ်ပွဲတွေက ပြင်းထန်ပြီးတော့မှ အစိုးရရဲ့ ငြိမ်းချမ်းရေးသွားနေတာက ဘယ်လိုမှ ငြိမ်းချမ်းတဲ့လမ်း ရောက်မှာမဟုတ်ဘူး ။ ကျနော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ မရိုးသားတဲ့ဟာတွေ ငြိမ်းချမ်းရေးတကယ် စစ်မှန်တဲ့ ဆန္ဒမရှိတဲ့ဟာ ဆိုတာပေါ်လွင်တယ်လေ။ ဒီ ၂၁ ရာစုပင်လုံပြီးတဲ့နောက်ပိုင်းမှာ အခုကျနော်တို့ဒေသ ကချင်ဒေသဘက်ကို ထိုးစစ်တွေအပြင်းအထန်ဆက်ပြီးဆင်နေတယ် ၊ တိုက်ပွဲတွေက နေ့စဉ်လိုဖြစ်နေပါတယ်။”

ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ ဒေသခံတွေ ဒုက္ခရောက်နေရတဲ့ ဒီအခြေအနေအပေါ် ပဋိပက္ခတွေကို စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်လို့ ဒုက္ခသည်တွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ လွေးပိုးညှင်းက ပြောပါတယ်။

“ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်တယ်ဆိုရင် ပထမဦးဆုံးတော့စစ်ပွဲတွေကတော့ ရပ်ရမှာပဲ။ ၂ ဦး ၂ ဖက် ရပ်ရမယ်။ စစ်ပွဲတွေ ရပ်ပြီးတော့မှပဲ ဒီနိုင်ငံရေးဆွေးနွေးပွဲဆိုတာက စားပွဲထဲမှာ ဝင်လာဖို့ကောင်းတယ်ပေါ့နော်။ တဖက်မှာ စစ်ပွဲတွေဖြစ်နေပြီးတော့မှ တဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုပြီးတော့ ကျင်းပတယ်ဆိုပေမယ့် အခုလိုပဲ ဘာအနှစ်သာရမှ မရှိဘူးပေါ့နော်။ စစ်ပွဲရပ်နိုင်ဖို့က ပထမဦးဆုံး အစိုးရတပ်ရင်းတွေ နောက်ဆုတ်ပေးဖို့ လိုအပ်တယ်ပေါ့နော်။ တိုင်းရင်းသားဒေသထဲမှာ အခြေချ နေထိုင်တာမဟုတ်ပဲနဲ့ တိုးချဲ့ထားတဲ့ ဒီစစ်တပ်တွေကို နောက်ဆုပ်ပေးပြီးတော့မှ အားလုံးကို ဖိတ်ခေါ်ပြီးတော့မှ နိုင်ငံရေးစကားဝိုင်းလုပ်တာ ပိုကောင်းပါတယ်။”

အခုလိုရှမ်းမြောက်တအာင်းဒေသမှာ တိုက်ပွဲတွေဖြစ်နေသလို ကချင်ပြည်နယ်တနိုင်းဘက်မှာလည်း စစ်ရေးတင်းမာမှုတွေကြောင့် ထောင်ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေရဆဲအနေအထားမှာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေရပ်ပေးဖို့နဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားပြေလည်အောင်ဆွေးနွေးကြဖို့ ဒေသခံတွေနဲ့ဒုက္ခသည်အရေးလှုပ်ရှားသူက တောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG