သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန်မြို့နယ် မန်လန်းရွာသားတွေ စစ်ဘေးလွတ်ရာတိမ်းရှောင်


စစ်ဘေးရှောင်ပြည်သူများ (TNLA news and information commitee)
စစ်ဘေးရှောင်ပြည်သူများ (TNLA news and information commitee)

မြန်မာ့တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းက မန်လန်း ရွာ သား(၃၀၀)ကျော်ကိုTNLA အဖွဲ့နဲ့ဆက်စပ်မှုရှိမရှိ တပ်မတော်ကနေ (၅)ရက်အကြာ ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်း စီစစ်အပြီးရွာသားတွေဟာ စိုးရိမ်စိတ်ကြောင့် မနေ့ကနဲ့ ဒီကနေ့မှာ နမ့်ဆန်မြို့နယ် နဲ့လားရှိုးမြို့တွေမှာ စစ်ဘေးတိမ်း ရှောင်နေကြတာပါ။ ရွာသားတချို့ကိုတော့တပ်မတော်ကကနေ ဖမ်းဆီး ထားဆဲလို့လဲ ဒေသခံရွာသားတွေက ပြော ပါတယ်။ ဒီအခြေအနေ ကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထား ပါတယ်။

တပ်မတော်ကနေ(၅)ရက်ခန့်ထိန်းသိမ်းထားတဲ့ နမ့်ဆန်မြို့နယ်မန်လန်း ကျေးရွာသားတွေဟာ မနေညနေပိုင်းက စလို့ နေရပ်ကနေ စစ်ဘေးလွတ်ရာကိုတိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ မန်လန်းကျေးရွာသားတဦးဖြစ်တဲ့ တာ့အိုက်လှကပြောပါတယ်။

“မန်လန်းရွာမှာတော့ ဘယ်သူမှလည်းမနေရဲတော့ဘူးပေါ့နော် မနေ့ကပဲ တော်တော်များများ ထွက်သွားတယ်။ တော်တော်အခြေအနေမကောင်းဘူး၊ တရွာလုံးလည်း အကုန်ကြောက်ကြတယ်။ ဒီနေ့တော့ အဘိုးအဘွားတွေလည်း အကုန်လုံးထွက်သွားတယ်လို့ ကြားတယ်။ ရွာမှာ ဘယ်နှစ်ယောက်ကျန်သလဲဆိုတာကတော့ အတိအကျမရသေးဘူးပေါ့နော် လားရိုးဘက်ကို ထွက်ပြေးကြတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့၂၃ရက်နေ့တုန်းက နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နဲ့TNLAအဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး မန်လန်းရွာသား(၃၀၀)ခန့်ကို တပ်မတော်ကနေ ရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထား ပြီး TNLA နဲ့ဆက်စပ်မှုရှိမရှိအခြေအနေကို စစ်ဆေးမေးမြန်းနေခဲ့တာပါ။

မနေ့ညနေပိုင်းမှာတပ်မတော်ကနေ ပြန်လည်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ရွာသားအတော်များများဟာ စစ်ဘေးလွတ်ရာ နမ့်ဆန်မြို့နဲ့ဝန်းကျင်ရွာနန်းလင်းရွာ နိမ်ပါ့ရွာတွေနဲ့ လားရှိုးမြို့ကို တိမ်းရှောင်နေကြရပါတယ်။

လားရှိုးမြို့အတွင်းကိုစစ်ပြေး(၂၀၀)ကျော်တိမ်းရှောင်ရောက်ရှိနေတယ်လို့ လားရှိုး ရှမ်းလူငယ်အဖွဲ့ တာဝန်ခံစိုင်းဟန် ကပြောပါတယ်။

“သူတို့ ဘုန်းကြီးကျောင်း ၃ နေရာလောက်မှာ လာနေကြတယ်။ ကျနော်တို့ ရပ်ကွက်၅ ဘုန်းကြီးကျောင်းမှာလည်း ရောက်နေတယ်လို့ပြောတယ်။ အယောက် ၂၀၀ ကျော်လို့လည်းပြောတယ် ကျနော်တို့ ဒီလားရှိုးမြို့မှာရောက်လာပြီဆိုရင် အဖွဲ့တွေက ဘယ် ဘုန်းကြီးကျောင်းမှာ ရောက်တယ်ဆိုရင် အဲဒီဘုန်းကြီးကျောင်းမှာ ဝိုင်းပြီးကူညီတာတော့ရှိတယ်ခင်ဗျ။”

မန်လန်းကျေးရွာမှာလူဦးရေတထောင်နီးပါးရှိနေပြီး (၇၀၀)ကျော်ဟာ နေရပ်ကနေ တိမ်းရှောင်နေကြရပါတယ်။

မြန်မာ့တပ်မတော်ကနေမန်လန်း ရွာသား(၁၃)ဦးကိုဖမ်းဆီးထားပြီး တဦးကတော့ရိုက်နှက်မှုကြောင့် သေဆုံးသွား တယ်လို့ မန်လန်းရွာသားတာ့အိုက်လှကပြောပါတယ်။

“၁၃ ဦးကိုသူတို့ ဖမ်းဆီးတယ် အခုကတော့ လက်ကျန် ၇ ဦးပဲ ကျန်တော့တယ် သူတို့လက်ထဲမှာပေါ့နော်။ ၇ ဦးကို မနေ့က နမ့်ဆန်စစ်တပ် အကုန်လုံခေါ်ခဲ့တယ်။ အခုလောလောဆယ် ၇ ဦးကတော့ စစ်တပ်ကုန်းမှာရှိတယ်လို့ သတင်းကြားပါတယ်။ သူတို့ ရွာသားတွေကို ခေါ်ပြီးတော့ ရိုက်နှက်တယ်ဆိုတာလားမသိဘူး အဲဒါ ၁ ဦးကသေသွားတော့ မန်လန်းနဲ့ နန်းလင်းရွာကြားမှာပဲ ပစ်ထားခဲ့တယ်။ ပစ်ထားတဲ့အချိန်မှာ TNLA ဘက်က လမ်းဘေးနားမှာပဲ သူ့ကိုထားပြီးတော့ သစ်ကိုင်းတွေခုတ်ပြီး သူ့ကိုဒီအတိုင်းပဲ ဖုံးထားတာပေါ့နော်။ သေသွားတဲ့သူအတွက် တရားရုံးကို စွပ်စွဲလို့ရအောင်ပေါ့နော်။”

သေဆုံးသူရွာသားအလောင်းပြန်တွေ့ချိန်မှာ TNLA တပ်သားဝတ်စုံ နဲ့တွေ့ရတယ်လို့လည်း မန်လန်းရွာသား တာ့အိုက် လှက ပြောပါတယ်။

အဖမ်းဆီးခံရတဲ့သူတွေအထဲမှာကျေးရွာအုပ်ချုပ်ရေးမှူးလဲပါဝင်နေသလို လောလောဆယ် (၇)ဦးခန့်ကို မြန်မာ့တပ်မ တော်ကနေဖမ်းဆီးထားဆဲလို့သူကဆိုပါတယ်။

TNLAတအာင်းပလောင်တပ်မတော်အနေနဲ့ နမ့်ဆန်မြို့နယ်အတွင်းမှာ စွမ်းရည်မြင့်တင်ရေးသင်တန်းပို့ချနေချိန် အတွင်း မြန်မာ့တပ်မတော်ကနေထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ ရှမ်းပြည်နယ်နမ့်ဆန်မြို့နယ်နဲ့ကွတ်ခိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့TNLAတို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခအတွင်း ဒေသခံတွေထိခိုက်မှုတွေရှိနေတာကြောင့် စစ်ပွဲတွေအဆုံးသတ်သင့်ပြီးလို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် တာလှဖေကပြောပါတယ်။

“စစ်ဖြစ်ပွားတဲ့ ဒေသတွေမှာ ကျနော်တို့ရဲ့ ဒေသခံတိုင်းရင်းသားတွေ ဘယ်လူမျိုးမဆိုပေါ့ခင်ဗျာ၊ မြေပြန့်တောင်ပေါ်မပြောပါဘူး။ စစ်ရေးပဋိပက္ခကြောင့် ကြားထဲကနေပြီးတော့မှ တိုင်းရင်းသားတွေ ဒီလိုဆုံးရှုံးနစ်နာမှုတွေဖြစ်တယ်ဆိုတာက မကောင်းပါဘူး။ ကျနော်တို့ ကမ္ဘာ့မျက်နှာစာပေါ်မှာလည်း အင်မတန်မှ ရှက်စရာကောင်းပါတယ်။ ညီအကိုအချင်းချင်း ညှိမရနှိုင်းမရ၊ တယောက်ကိုတယောက် ရိုးသားမှုနည်းပါးလို့ ဒီလိုဆက်ဖြစ်နေတဲ့အနေအထားမျိုးကို အမြန်အဆုံးသတ်စေချင်ပါပြီလို့။”

အခုလိုတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်ပြီး နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီး တောတွင်း တစ်နေရာမှာ TNLA လက်နက်ကိုင်အဖွဲ့က သင်တန်းဖွင့်လှစ် နေကြောင်းသတင်းအရ ဇွန်လ(၂၁)ရက်နေ့မှာ တပ်မတော် စစ်ကြောင်း တွေက လိုက်လံရှင်းလင်းရာမှာ တိုက်ပွဲဖြစ် ပွါးခဲ့ပြီး လေ့ကျင်ရေးစခမ်းပုန်းတခု ယူနီဖေါင်း(၄၀)စုံ ဆေးဝါးပစ္စည်း မျိုးစုံနဲ့ လက်လုပ်မိုင်းတွေသိမ်းဆည်းရမိ တယ် လို့ မြန်မာ့တပ်မတော်ဘက်က မနေ့ကသတင်းထုတ်ပြန်ထား ပါတယ်။

ဇွန်လ(၂၃)ရက်နေ့ကနေ(၂၆)ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ တပ်မတော်ဘက်က စစ်သည် တချို့ကျဆုံးမှုတွေရှိခဲ့သလို TNLAဘက်က အလောင်း ၄ လောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လက် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် ၁ လက်၊ RPG ဒုံးသီး ၂၆ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁၄ ခု၊ ၎င်းကျည် ၈၀၀ တောင့်၊ စနိုက်ပါ ကျည်အိမ် ၃ ခု၊ စာရွက်စာတမ်း မျိုးစုံ စစ်ဝတ်ပစ္စည်း မျိုးစုံ သိမ်းဆည်း ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG