သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ကွယ်လွန်မှု ၅၃နှစ်ပြည့် အခမ်းအနားကျင်းပ


ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်(Hnin Hnin Hmway)
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်(Hnin Hnin Hmway)

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဦးဆောင်လှုပ်ရှားခဲ့သူ ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ "သူမနာ-ကိုယ်မနာ" ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်ပြည့်မှာ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ အရပ်သားအစိုးရကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ခွဲခြားကန့်သတ် ချန်လှပ်ထားခြင်းမရှိပဲ အားလုံးပါဝင်ရေးမူနဲ့ တန်းတူဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ကိုလည်း တိုက်တွန်းကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း(၅၃)နှစ်မြောက် အထိမ်းအမှတ်နေ့အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၂၃ရက်နေ့ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဦးဥတ္တမပန်းခြံထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်မှာ ဆရာကြီးရဲ့ မိသားစုဝင်တွေ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နဲ့အတူ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ ကျောင်းသားသမဂ္ဂတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက စုပေါင်းကျင်းပခဲ့ကြပါတယ်။

အဓိကကတော့ မြန်မာပြည်မှာ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုမြင်တွေ့ လိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ဆန္ဒအတိုင်း အကောင်အထည် ဖော်နိုင်ရေး အခုလို အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုကျင်းပတာဖြစ်တယ်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ရဲ့ပြန်ကြားရေးကော်မတီဝင် ဦးထွန်းဝင်းငြိမ်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အခမ်းအနားမှာ မဂ္ဂင်ဆရာတော်က သြဝါဒ ပေးပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ကျနော်တို့ ဖိတ်ကြားပါတယ်။ ဆရာကြီးကတော့ နိုင်ငံရေးသမားဘဝကနေ ဖြတ်လာတော့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း ပြောတာရှိပါတယ်။ နောက်ဆရာကြီးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသရဲ့ နယကကြီးတဦးဖြစ်တဲ့အတွက်လည်း ဗကသ အမှုဆောင်ကော်မတီထဲက အတွင်းရေးမှူးအဖွဲ့ထဲက ကိုကောင်းထက်ကျော်ပြောတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ၇၄-၇၅-၇၆ မျိုးဆက်က ပုဂ္ဂိုလ်မျိုးတွေလည်း ပြောကြတာရှိပါတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဦးဆောင်လှုပ်ရှားခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေ သမိုင်းကြောင်းတွေကို ယနေ့ခေတ်လူငယ်တွေနဲ့ နောင်မျိုးဆက်သစ်တွေ သိရှိစေနိုင်ဖို့အတွက်လည်း အခုလိုဆရာကြီးသခင်ကိုယ်တော်မှိုင်းအမှတ်တရ အထိမ်းအမှတ်တွေကို ဒီမိုကရေစီ အင်အားစုတွေဘက်က ဂါရဝပြုကျင်းပကြတာဖြစ်တယ်လို့လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောပါတယ်။

“ဆရာကြီးလို ပုဂ္ဂိုလ်မျိုးက ကျနေ်ာတို့ တိုင်းပြည်အတွက် တိုင်းပြည်ရဲ့နိုင်ငံရေးသမိုင်းမှာဆိုရင် ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆရာကြီးက သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊ တိုင်းပြုပြည်ပြု လုပ်ငန်းတွေအားလုံးဟာ ပြည်သူကို တကယ် အခြေခံပြီးတော့ လုပ်ခဲ့တယ်။ လူထုအပေါ်ကို အမြဲတမ်း သူ အလေးအနက်ထားခဲ့တယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ရင်လည်း ဆရာကြီးက ထူးထူးခြားခြားမြန်မာတွေထဲမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှု သင်္ကေတလို့ ပြောလို့ရတယ်ပေါ့နော်။ အဲဒီတော့ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးကို ကျနော်တို့ နောင် မျိုးဆက်တွေ မျိုးဆက်အသီးသီးက လေ့လာနိုင်ဖို့ ၊ အတုယူနိုင်ဖို့ သူ့ရဲ့သွန်သင်ချက်တွေ ညွန်ကြားချက်တွေက ယနေ့အခြေအနေအထိ ခေတ်မှီနေတုန်းဖြစ်တယ်။ ဒါတွေသိဖို့ လိုအပ်တယ်လို့ ကျနော်တို့အနေနဲ့တော့ အဲလိုယူဆတယ်။”

တဆက်တည်းမှာပဲ ယနေ့ဖော်ဆောင်နေဆဲငြိမ်းချမ်းရေးလမ်းစဉ်အပေါ် မေးခွန်းထုတ်စရာတွေနဲ့ စိုးရိမ်စရာ မရေမရာ အခြေအနေတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ-ကိုယ်မနာလမ်းစဉ် အတိုင်း ကျင့်သုံးစေလိုတယ်လို့လည်း ဦးအောင်မိုးဇော်က တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာလည်း ကျနော်တို့တိုင်းပြည်ထဲမှာ အစပြုနေပြီလေ။ ဒါပေမယ့် ဒီဖြစ်စဉ်က လက်တွေ့ကျ ရှေ့ရောက်မလား ၊မရောက်ဘူးလားဆိုတာက တော်တော်လေး အခုအချိန်က ဝေေ၀ဝါးဝါးဖြစ်နေတဲ့အချိန်။ ကျနော်တို့လည်း စိုးရိမ်မကင်း အတော်ဖြစ်နေတဲ့အချိန် ဖြစ်တယ်ပေါ့နော်။ ပြည်သူတွေအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်လိမ့်မယ်လို့ ကျနော်တော့ အဲလိုယူဆတယ်။ ဒီလက်တွေ့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့က ၈ ဖွဲ့ပဲ ရှိသေးတယ်။ UNFC လိုအဖွဲ့အစည်းမျိုးတွေကလည်း လက်တွေ့မှာ ပါမလား၊ မပါဘူးလားဆိုတာကို မရေမရာဖြစ်နေသေးတဲ့ ဖြစ်နေသေးတဲ့အချိန်။ မြောက်ပိုင်းကအဖွဲ့တွေကလည်း ပုံစံတမျိုးဖြစ်တယ်။ ဒီကြားထဲမှာမှ တချို့အဖွဲ့အစည်းတွေက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်မရှိဘူး ဆိုတဲ့ အခြေအနေတွေဖြစ်နေတယ်။

ဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေကို ကျနော်တို့ မေတ္တာရပ်ခံချင်တာက ဆရာကြီး အဆိုပြုခဲ့တဲ့ပေါ့နော် "သူမနာ ကိုယ်မနာ" ငြိမ်းချမ်းရေးလမ်းစဉ်ကို အလေးအနက်ရှိဖို့ အဲဒါဆိုရင်တော့ ဒီအခုပြောနေတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေက ချောမွေ့လာနိုင်တယ်။ သူလည်းမနာ-ကိုယ်လည်းမနာတဲ့ အခြေခံအောက်မှာ တယောက်နဲ့တယောက်သေသေချာချာ ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့၊ ယုံကြည်မှု တည်ဆောက်နိုင်ကြဖို့ကို ဒီနေ့လို အခါသမယမျိုးမှာ မေတ္တာရပ်ခံချင်ပါတယ်။”

အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတရပ်လုံးတောင့်တလိုလားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို့အရေးအတွက် ဆောင်ရွက်သင့်တဲ့အချက်တွေကိုလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်က (၅၃)နှစ်မြောက်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုတဲ့အကြောင်း ဦးထွန်းဝင်းငြိမ်းက ပြောပြပါတယ်။

“ငြိမ်းချမ်းရေးကို သူမနာ-ကိုယ်မနာနည်းနဲ့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဆရာကြီးက လွတ်လပ်မှု တန်းတူမှု၊ အဲလိုအခြေအနေတွေကို ဘာပဲဖြစ်ဖြစ် ကျင့်သုံးပြီးတော့ ဆောင်ရွက် ရမယ်လို့ တလျှောက်လုံး လက်ခံခဲတာပါ။ ဒီနေ့အခြေအနေမှာလည်း ကျနော်တု့ိနိုင်ငံမှာပေါ့နော် တန်းတူရေးကို အခြေခံတဲ့အခုလို တွေ့ဆုံဆွေးနွေးမှုမျိုးကို ကျနော်တို့က အားလုံးပါဝင်ရေးကို ဖြစ်သင့်ပါတယ်ပေါ့နော်။ အဓိကတော့ ဒီကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဟန့်အတားဖြစ်နေတဲ့ ကာချုပ်မူ ၆ ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ။ ကျနော်တို့ အဲဒါကတော့ ဒီနေ့ ပြည်သူတွေကို message ပေးချင်တဲ့ အဓိက အချက်ပါပဲခင်ဗျ။”

မြန်မာပြည်ငြိမ်းချမ်းရေးကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဓိကထား ဖော်ဆောင်မယ်ဆိုတဲ့ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေခေါ်ယူပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေချိန်ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါစေကြောင်းငြိမ်းချမ်းရေး လိုလားသူတွေဒီမိုကရေစီအင်အားစုတွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃) နှစ်မြောက်နေ့မှာ စုပေါင်း တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG