သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းကော်မရှင်နဲ့ UNFC သဘောတူချက် စိန်ခေါ်မှုရှိနိုင်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ ဆွေးနွေးပွဲ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ ၂ရက်ကြာဆွေးနွေးပွဲကနေ အချက် ၄ချက် သဘောတူညီမှု ရလိုက်တယ်ဆိုပေမယ့် UNFC အနေနဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ စိန်ခေါ်မှုတွေ ဆက်ရှိနေဦးမယ်လို့ တိုင်းရင်းသားအရေး သုံးသပ်သူတချို့က ဆိုပါတယ်။ အထူးသဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း အစိုးရနဲ့တပ်မတော်ဘက်က ကြေညာပေးဖို့ ဆိုတဲ့အချက်နဲ့ ၂၁ ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ အချက်တွေပေါ် အခြေခံပြီး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းတွေ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)တို့ ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ သြဂုတ်လ (၁၀)ရက်နဲ့ (၁၁)ရက် နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြတာပါ။ NCA စာချုပ်မှာ လက်မှတ်ထိုးနိုင်ဖို့ UNFC ဘက်က တင်ပြတောင်းဆိုထားတဲ့ အချက်(၈)ချက်ထဲက (၄)ချက်ကိုတော့ ငြိမ်းချမ်းရေးကော်မရှင်က သဘောတူ လက်ခံခဲ့တယ်လို့ UNFC တာဝန်ရှိပုဂ္ဂိုလ်တဦးက VOA ကိုပြောခဲ့ပါတယ်။

သဘောတူညီချက်ရတယ်ဆိုတဲ့ ၄ချက်ကတော့ အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာပေးဖို့၊ ပင်လုံ စိတ်ဓါတ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့၊ အစိုးရ-လွှတ်တော်-တပ်မတော် ကိုယ်စားလှယ်တွေပါတဲ့အစုရယ် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေ ပါတဲ့အစုနဲ့ နိုင်ငံရေးပါတီ-တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့အစု စတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့၊ ၂၁ ရာစုပင်လုံကနေ ထွက်ပေါ်လာတဲ့ အချက်ပေါ်အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။

အခုလို သဘောတူညီချက်ရတဲ့ (၄)ချက်ထဲမှာပါတဲ့ အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာပေးဖို့ ဆိုတဲ့ အချက်ဟာ တပ်မတော်ဘက်က အလွယ်တကူလိုက်လျှောဖို့ မမြင်မိကြောင်း ဂျာမနီနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသား ဖက်ဒရယ်အရေး လေ့လာသုံးသပ်သူ စိုင်းဝမ်စိုင်းက ပြောပါတယ်။

"UNFC က သူက ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ဆိုတာ တပြည်လုံး သေနတ်သံ တိတ်ရမယ်ဆိုလိုတာ။ တပ်ဘက်က ဆိုလိုတာက အပစ်အခတ်ရပ်စဲရေး ကျနော်တို့ကြေညာမယ် ဒါပေမဲ့ ကျနော်တို့ လက်မှတ်ထိုးထားတဲ့သူတွေနဲ့ပတ်သက်မယ်။ မထိုးထားတဲ့သူတွေနဲ့မပတ်သက်ဘူး စစ်တပ်က အဲ့လိုမျိုး ရပ်တည်ချက်မျိုး ရှိတယ်လေ။ အဲ့ဒီ့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကိုတော့ စစ်တပ်က လိုက်လျောမယ်လို့ မထင်ဘူး။ "

၂၁ ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ အချက်တွေပေါ် အခြေခံပြီး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းမှာလဲ အဖုအထစ်တွေ ရှိနိုင်တယ်လို့ စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။

"ကျနော်ထင်တာက တကယ့်အရေးကြီးဆုံးအခြေခံဖြစ်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး ဆိုတဲ့နေရာမှာ တပ်မတော်ဘက်က တကယ့်ကို လိုလိုချင်ချင် လိုက်လိုက်လျောလျော ရှိတဲ့ပုံမပေါ်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရင် ဆွေးနွေးပွဲကရလာတဲ့ အချက်အလက်တွေနဲ့ပြင်ဆင်မယ်ဆိုတာတောင် စစ်တပ်ဘက်က လက်ခံနိုင်ပါ့မလားဆိုတာ ဒွိဟဖြစ်တာပေါ့။"

UNFC ကတော့ သူတို့တောင်းဆိုထားတဲ့ (၈)ချက်မရဘူးဆိုရင် NCA စာချုပ်ကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ တောက်လျှောက်ပြောလာ ခဲ့တာပါ။ ကျန်တဲ့(၄)ချက်ထဲမှာ ဘယ်လောက်ထိ အလျှော့အတင်း လုပ်နိုင်ကြမလဲဆိုတာကလဲ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ စိုင်းဝမ်စိုင်းက ဆိုပါတယ်။

"UNFC က တောင်းဆိုထားတဲ့ ၈ခုစလုံး ရမှ ကျုပ်တို့က ဆိုင်းထိုးနိုင်မှာ သူတို့က အဲ့လိုပြောပြီးသားကိုး။ ကျနော်ထင်တာက JMC (Joint Monitoring Committee) ကော်မတီမှာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ နိုင်ငံခြားက ကြားဝင်ဖြန်ဖြေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေပါဖို့ ဒါမှ အဓိပ္ပါယ်ရှိမယ်။ ဆိုတဲ့အခါကျတော့ NLD ဘက်က လက်ခံချင်ပါတယ်တဲ့ ဒါပေမဲ့ စစ်တပ်ဘက်က လက်ခံချင်တဲ့ပုံစံ သိပ်မတွေ့ရဘူးလို့ တလောက ပြောတာကိုး။"

UNFC နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆက်လက်ဆွေးနွေးဖို့ ကျန်တဲ့အချက်တွေကတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းနဲ့ တပ်ပိုင်း ဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေး လမ်းညွှန်နဲ့ တပ်နေရာချထားရေး၊ အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီမှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ NCA နဲ့ပတ်သက်လို့ မပြေလည်တာ ရှိလာရင် နိုင်ငံတကာက ဥပဒေပညာရှင်တွေပါတဲ့ ဖြန်ဖြေရေး ကော်မရှင် အဆုံးအဖြတ်ကို ခံယူရေး၊ အကြီးစားသံယံဇာတ ထုတ်ယူမှု စီမံကိန်းတွေကို ဒေသခံပြည်သူ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရေး စတာတွေ ပါဝင်ပါတယ်။ အဲဒီအချက် ၈ ချက်ကို နှစ်ဘက်သဘောတူခဲ့ရင် UNFC က NCA ကို လက်မှတ်ထိုးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG