သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ပထမ ဦးစားပေးဆောင်ရွက်နေဟု ဒေါ်အောင်ဆန်းစုကြည် ဆို


 မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားစဉ်။
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားစဉ်။

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ဆောင်ရာမှာ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့က အရေးတကြီး လုပ်ဆောင်ရမယ့် အရာတခုဖြစ်သလို အသွင်ကူးပြောင်းရေး လုပ်ဆောင် တဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ စနစ်တခုထူထောင်တဲ့အခါမှာ အစိုးရမှာသာ တာဝန်ရှိတာမှဟုတ်ပဲ ပြည်သူတရပ်လုံး ပါဝင်လုပ်ဆောင် ဖို့လိုအပ်တယ်လို့လည်း ပြောသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရှားဖောင် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအပြည့်အဝရရှိရေးအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကိုလုပ်ဆောင်ရာမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးက ပထမဦးဆုံး အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စတခုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ကျမကတော့ ပထမဦးဆုံး အရေးကြီးတဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောချင်ပါတယ်။ ကျမတို့ပြောင်းလဲရာမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ လွတ်လပ်ရေး
မရခင်ကစပြီးတော့ ပြည်တွင်းစစ်မီးတွေ မငြိမ်းနိုင်တဲ့ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ပထမဦးဆုံး အရေးကြီးဆုံးကိစ္စလည်း ဖြစ်ပါတယ်။ ကျမတို့ရဲ့ဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

တချို့တွေကတော့ ဖွံ့ဖြိုးရေးကသာ အရေးကြီးတယ်။ ဖွံ့ဖြိုးရေးရလို့ရှိရင် အလိုလို ငြိမ်းချမ်းရေးရမယ်ဆိုပြီး ပြောတဲ့သူတွေရှိပါတယ်။ ဒီအမြင်ကို ကျမသဘောမတူပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲပြီးတော့ ကြည့်လို့မရပါဘူး။ ငြိမ်းချမ်းရေး မရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာကလည်း တည်တံ့ ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးမရှိလို့ရှိရင် ငြိမ်းချမ်းရေးကလည်း တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံးအတွက် ကျမတို့ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့်ကျမတို့ဟာ ဒီနိုင်ငံမှာ ပြည်တွင်း စစ်ငြိမ်းသွားဖို့ဆိုတာကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပါ။ ပြည်တွင်းစစ်ငြိမ်းဖို့ လုပ်တာနဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ပြည်သူပြည်သားများ အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတာ ဖြစ်ပါတယ်။"

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ၊ ပါဝင်လုပ်ဆောင်ရွက်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း လည်းပြောဆိုသွားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့နေရာမှာ မှန်ကန်တဲ့ နည်းလမ်းအပြင် ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ပန်းတိုင်တစ်ခုဆိုတာဟာ ပန်းတိုင်ကိုပဲ ကြည့်လို့ မဖြစ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့လမ်းကလည်း မှန်ဖို့လိုပါတယ်။ တစ်ချို့ကဆိုရင် ပန်းတိုင်ရောက်ရင်ပြီးရော ဘယ်လိုနည်းနဲ့သွားသွားဆိုပြီး မြင်ကြပါတယ်။ ကျမကတော့ ဒီလိုမမြင်ပါဘူး။ ပန်းတိုင်ကို သွားတဲ့လမ်းမှာ သွားပုံသွားနည်း မမှန်ကန်လို့ရှိရင် ပန်းတိုင်ကိုရောက် သွားတဲ့အခါကျရင် ကိုယ်မျှော်မှန်းသလို မဖြစ်တတ်ပါဘူး။ ပန်းတိုင်ကိုက ပုံပျက်ပန်းပျက်၊ ဂုဏ်သိက္ခာမဲ့ ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောက်အောင်လာခဲ့တဲ့ လမ်းက ဂုဏ်သိက္ခာမဲ့ခဲ့လို့ဆိုရင် ဒီလိုပဲဖြစ်မှာပဲ။ ဒါကြောင့် ပန်းတိုင်ရောက်အောင် လုပ်တဲ့နည်းတွေကလည်း မှန်ကန်ဖို့လိုတယ်။ သိက္ခာရှိဖို့လိုတယ်။

ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ရည်ရွယ်ချက်မှန်သလို၊ လုပ်ပုံလုပ်နည်း လမ်းစဉ်လည်း မှန်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အများပြောလေ့ရှိပါတယ်။ ကိုယ်ပိုင်အစိုးရဟာ မလုံလောက်ဘူး ကောင်းတဲ့အစိုးရဖြစ်ဖို့ လိုတယ်ဆိုတာပါ။"

ဒီမိုကရေစီထူထောင်တယ်ဆိုတာ ယဉ်ကျေးမှုတခုကိုထူထောင်တာဖြစ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာဟာလည်း ပြည်သူတွေကနေစတာဖြစ်တဲ့အတွက် ဒီမိုကရေစီ ထူထောင်တဲ့နေရာမှာ ပြည်သူတွေအားလုံးပါဝင်ဖို့က အင်မတန်မှ အရေးကြီးတဲ့ အကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း တည်ငြိမ်ရေး၊ ဒီမိုကရေစီ စနစ်အပြည့် အမြစ်တွယ်ရေး အတွက်ကြိုးပမ်းတဲ့နေရာမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အပါအဝင် နိုင်ငံတွင်းမှာရှိနေတဲ့ ပြဿနာပေါင်းစုံဘက်ကနေ ကြည့်ဖို့လိုပြီး ကိုယ်လိုချင်တဲ့ တဖက်တည်းကိုပဲ ဦးစားပေးပြီးကြည့်လို့မရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာလည်း လွယ်ကူတဲ့ ကိစ္စတခု မဟုတ်ဘူးလို့လည်း သူကထည့်သွင်းပြောဆိုသွားပါတယ်။

ဒီမိုကရေစီစနစ်အတွင်းမှာ အမြင်မတူညီမှုတွေရှိနေနိုင်ပေမယ့်လည်း တဦးနဲ့တဦး အပြန်အလန် လေးစားပြီး ညီညွတ်မှုရှိဖို့ဟာလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အခုကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ “စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့” ဆိုသည့် ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ပင်တိုင်ဆွေးနွေးကြတဲ့သူတွေကတော့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri ၊ Yangon Heritage Trust - ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးနဲ့ ရန်ကုန်စတော့ အိတ်ချိန်းမှာ အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ FMI ရဲ့ ဥက္ကဌ ဦးသိမ်းေ၀ (ခ) Mr Serge Pun တို့ ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်သုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်တာဟာ သင့်တော်တဲ့ဆွေးနွေးပွဲတရပ်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကနေ လက်တွေ့ကျတဲ့ အဖြေကိုရှာကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG