သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများကြိုက်ဖို့ထက် နိုင်ငံကောင်းဖို့ ဒေါ်အောင်ဆန်းစုကြည် လိုလား


ပြည်သူ့အစိုးရဆိုတာ အများအကြိုက် လိုက်ဖို့ထက် နိုင်ငံရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကြောင်း ပေါ်မှာရဲရဲဝံ့ဝံ့ ရပ်တည်ဆောင်ရွက်ဖို့ လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့နေရာမှာ စိတ်ဓါတ်ပြောင်းလဲဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခဲ့တဲ့ သူဦးဆောင်တဲ့ NLD ပါတီ အာဏာရပြီး တနှစ်ကျော်အချိန်ထိ မြန်မာနိုင်ငံမှာ အခြေအနေတွေ ထင်သလောက် တိုးတက်ပြောင်းလဲမှုတွေ မရှိသေးဘူးလို့ ပြည်တွင်းမှာရော ပြည်ပမှာပါ ဝေဖန်ပြောဆိုနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ ရွေးကောက်ပွဲဝင်တဲ့အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ဝင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ပုဒ်နဲ့ ဝင်ခဲ့တော့ပြောင်းလဲချိန်တန်ပြီဆိုသည်မှာ ပြောင်းလဲဖို့အဓိကက စိတ်ဓာတ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို စတင်ကတည်းက တစ်ချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ပြောကြတယ်။ ကျွန်မတို့ တော်လှန်ရေးဟာ အကြမ်းဖက်တဲ့ တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အဓိက ကတော့ စိတ်ဓာတ်ပြောင်းလဲရေးပဲဖြစ်တယ်။”

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို စတင်ထူထောင်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်မှာလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မဲဆန္ဒရှင်ပြည်သူတွေကို ကတိပေးခဲ့တဲ့ အချက်တွေကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာတပ်တော်နဲ့ ဆက်ဆံရေးပြေလည်အောင် ညှိုနှိုင်းဆောင်ရွက်မှုတွေရှိခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အလားတူ ထိလွယ်ရှလွယ်တဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ပြည်သူ့အစိုးရဆိုတာ အများအကြိုက်လိုက်ဖို့ထက် နိုင်ငံအနာဂတ်အတွက် မှန်တဲ့ လမ်းကြောင်းပေါ်မှာပဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းကို ကျွန်မတို့ ဖောက်တဲ့နေရာမှာ အများအကြိုက်ကိုပဲ လိုက်လို့ မဖြစ်ပါဘူး။ အများအကြိုက်ဟာ မှန်သလား မမှန်ဘူးလားဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမယ်။ သုံးသပ်ချက်ပေါ်မှာ ရဲရဲဝင့်ဝင့်လုပ်နိုင်ရမယ်။ အများက အချိန်တစ်ခဏအတွင်းမှာ လိုချင်တဲ့ကိစ္စက နိုင်ငံအတွက် ရေရှည်မကောင်းဘူး ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ မကောင်းလို့ မလုပ်သင့်ဘူးဆိုတဲ့ ဘက်မှာ ရပ်တည်ရဲရမယ်။ အများကြိုက်လို့ တစ်ခဏကာလလေးအတွင်းမှာ တိုက်တွန်းနေလို့ တိုက်တွန်းတာ မှန်သမျှလုပ်နေမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ လမ်းလွဲသွားနိုင်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကို သမ္မရာထူး မပေးနိုင်အောင် ကန့်သတ်တားဆီးထားတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ဥပဒေပြဌာန်းပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တခဲနက်မဲဆန္ဒပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ပေးခန့်အပ်ကြောင်းနဲ့ သူရဲ့ရာထူးသက်တမ်းဟာ သမ္မတရာထူးသက်တမ်းအတိုင်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မနေ့ ဇူလိုင်လ (၂၇)ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ တနှစ်ပြည့်အခမ်းအနားကိုတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေဘက်က တက်ရောက်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG