သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယန်ဟီးလီတွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ သူမရဲ့ ၆ ကြိမ် မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဒီကနေ့မှာ အဆုံးသတ်လိုက်ပါပြီ။ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ရှေ့နေချုပ်နဲ့လည်း နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပနေတာပါ။ သူမရဲ့ခရီးစဉ် အဆုံးမသတ်ခင်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူမရဲ့ ဒီကနေ့ ခရီးစဉ် အသေးစိတ်ကိုတော့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအေးဝင်းက အခုလို ပြောပါတယ်။

"ဒီနေ့မနက် ဒေါက်တာယန်ဟီးလီဟာ ရှေ့နေချုပ်ဦးထွန်းထွန်းဦးနဲ့အရင်ဆုံးတွေ့ပါတယ်။ တွေ့ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့လည်း တွေ့ပါတယ်။ နောက် လယ်ယာမြေသိမ်းဆည်းရေးနဲ့ ပြန်လည်နေရာချထားရေးကော်မတီနဲ့တွေ့ပါတယ်။ အဲ့ဒီ အဖွဲ့ကို ဗိုလ်မှူးချုပ်အောင်စိုးသိန်း ပြည်ထဲရေးဒုတိယဝန်ကြီးက ဦးဆောင်ပြီးတော့ တွေ့ပါတယ်။ နောက်ပြီးတော့ ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ် အခုဆို ရန်ကုန်ပြန်ရောက်ပါပြီ။"

ဒီကနေ့ အစောပိုင်းမှာ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်နဲ့ တွေ့ဆုံစဉ်အတွင်း သတင်းရယူခွင့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျီုးမြင့်မောင်က ဗွီအိုအေကို ပြောပါတယ်။

"သေချာတာတခုကတော့ ကျနော်တို့နဲ့ဆွေးနွေးတယ်ဆိုတာသည် ဘာအကြောင်းအရာဖြစ်မလဲ ဆိုရင် သတင်းထုတ်ပြန်မှုဆိုင်ရာ ၊ သတင်းရယူခွင့်ဆိုင်ရာ ဒီကိစ္စရပ်တွေကို အဓိက ထားဆွေးနွေးတယ်ဆိုတာကျနော်က ယေဘုယျ ပြောလို့ရပါတယ်။

ကိုထက်အောင်။ ။ အခုနောက်ပိုင်းပေါ့နော်၊ သတင်းသမားတွေ အဖမ်းအဆီးခံရတာ၊ ၆၆ဃနဲ့သတင်းသမားတွေ တရားစွဲဆိုခံရတဲ့ကိစ္စတွေရော ဆွေးနွေးခဲ့တာမျိုးတွေ ရှိပါလားခင်ဗျ။

" အဲ့တာတော့ ကျနော် အတိအကျပြောလို့က မရဘူးခင်ဗျ။ စောစောက ကျနော်ပြောသလိုပါပဲ ဒီအကြောင်းအရာလေးတွေတော့ ယေဘုယျပြောပါတယ် အသေးစိတ်ပြောဆိုဖို့တော့ ကျနော်တို့မဖြစ်ပါဘူး။ "

Ms.Yanghee Lee ဟာ သူ့မရဲ့ ခရီးစဉ် စစချင်းနေ့မှာပဲ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃကို ဖျက်သိမ်းပေးဖို့ ဦးဆောင်လုပ်ရှားနေတဲ့ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို မနေ့က နေပြည်တော်မှာ အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီနဲ့ တွေ့ဆုံစဉ် အတွင်းမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနှောင့်ယှက်နေတဲ့ ပုဒ်မ ၆၆ ဃကို လုံး၀ ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံကို ၆ ကြိမ်မြောက်လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee ဟာ လုံခြုံရေးအခြေအနေကြောင့် အစိုးရက သွားရောက်လေ့လာဖို့ တားမြစ်ထားတဲ့ ရှမ်းပြည်နယ်တွင်းက နေရာတချို့ကလွဲလို့ သူ့ခရီးစဉ်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ နေရာတွေအားလုံးကို သွားရောက်ခဲ့တာပါ။

ရခိုင်ပြည်နယ်ကို သွားရောက်ရာမှာတော့ပဋိပက္ခဖြစ်ခဲ့ရာ မောင်တောဒေသအပါအဝင် အထူးစီးပွားရေးဇုန် ဆောက်ဖို့ ပြင်ဆင်နေတဲ့ ကျောက်ဖြူမြို့နယ်နဲ့ ဘူးသီးတောင် အကျဉ်းထောင်တို့ကိုလည်းသွားလေ့လာခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ကချင်ပြည်နယ်ကို မသွားရောက်ခဲ့ပေမယ့်လည်း ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေး တတ်ကြွလုပ်ရှားသူတွေနဲ့ ဒေသခံတွေကို သီးခြားစီတွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG