သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ၊ လူဝင်မှု၊ လူကယ်ပြန်နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန တွေမှာ၊ တွေ့ဆုံဆွေးနွေး


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee ၂၀၁၇ ခရီးစဉ် (MOI)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee ၂၀၁၇ ခရီးစဉ် (MOI)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ နေပြည်တော်မှာ ဝန်ကြီးဌာန ၄ ခုနဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားနဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ပြည်နယ်တွင်း လူဝင်မှူ ကြီးကြပ်ရေး ကိစ္စ၊ နိုင်ငံသားပြုမယ့် ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ အလုပ်သမား လူဝင်မှူ ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ ရောက်ရှိနေတဲ့ ကုလ အထူးကိုယ်စားလှယ် Dr.Yanghee Leeဟာ သူ့မရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင် လက်ရှိမှာ နေပြည်တော်ကို ရောက်ရှိနေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ချို့နဲ့ တွေ့ဆုံခဲ့တာပါ။ ကုလအထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ရုံးခွဲ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“ဒီနေ့မနက်က အလုပ်သမားရေးရာဝန်ကြီး ဦးသိန်းဆွေနဲ့ တွေ့တယ်။ ပြီးတော့ လူကယ်ပြန် ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နဲ့ တွေ့တယ်။ ပညာရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တွေ့တယ်။ နောက်တစ်ခါ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်က အတွင်းရေးမှူး ဦးဇော်မြင့်ဖေနဲ့ အဖွဲ့ကို တွေ့တယ်။ ပြီးတော့ နောက်ဆုံး ဒီနေ့တွေ့တာကတော့ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ တွေ့တယ်။”

Dr.Yanghee Lee ဟာ ရန်ကုန်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို သွားရောက်ခဲ့ပြီး မနေ့က နေပြည်တော်ကို ရောက်ရှိခဲ့တာပါ။ လာမယ့် ၂၁ ရက်နေ့ မနက်ပိုင်းအထိ နေပြည်တော်မှာ ရှိနေအုံးမှာ ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကုလသမဂ္ဂဖက်ကတော့ တစ်စုံတစ်ရာ အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ဒီကနေ့ ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ စဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အလုပ်သမား လူဝင်မှူ ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က အခုလို ပြောပါတယ်။

“ထုံးစံအတိုင်းပေါ့ဗျာ ရခိုင်ပြည်နယ်ကိုတော့ ဦးစားပေး ဆွေးနွေးတာပေ့ါ။ ပြီးလို့ရှိရင်တော့ နယ်စပ်ဒေသတွေပေ့ါနော် ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်တို့လို နယ်စပ်ဒေသနဲ့ ပတ်သက်တဲ့ ဟာလေးတွေ ဆွေးနွေးပါတယ်။ အလုပ်သမားနဲ့ လူဝင်မှူ ကြီးကြပ်ရေး တာဝန် ၂ ခုထမ်းဆောင်နေတဲ့ ဝန်ကြီးဌာနဖြစ်တဲ့အတွက် အလုပ်သမားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ လူဝင်မှူ ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။

မေး- ဟုတ်ကဲ့ ရခိုင်ပြည်နယ်ဖက်မှာဆိုရင်ကော လူဝင်မှူ ကြီးကြပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အဓီကအားဖြင့် ဘာတွေ ဆွေးနွေးပါလဲခင်ဗျာ။

ဒါလည်း ဒီလိုပါပဲခင်ဗျ။ လူဝင်မှူ ကြီးကြပ်ရေး ကိစ္စရပ်တွေ၊ ၈၂ ခုနှစ်နိုင်ငံသား ဥပဒေအရ နိုင်ငံသားပြုမယ့် ကိစ္စတွေ၊ National Verification Card ဆိုတဲ့ NV ကဒ်ထုတ်ပေးတဲ့ ကိစ္စတွေ ဒါတွေ ဆွေးနွေးတာပါခင်ဗျ။ ”

ဒါ့အပြင် Ms.Yanghee Lee ဟာ ပြီးခဲ့တဲ့ မေလကုန်နောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို တိုက်ခိုက်ခဲ့တဲ့ မိုရာမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှူ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ပေးမှူ အကြောင်းတွေကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံစဉ်အတွင်း မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လူကယ်ပြန် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဆိုင်ကလုန်းမုန်းရာ တိုက်ခိုက်ခဲ့တာကြောင့် ပျက်ဆီးဆုံးရှူံးမှူနဲ့ ဆောင်ရွက်ပေးမှူ အခြေအနေလေးတွေ မေးပါတယ်။ နောက် camp သုံးခုကို ဖြုတ်သိမ်းတဲ့ ကိစ္စ မေးပါတယ်။ အဲဒါတွေလည်း ကျောက်ဖြူမှာရယ်၊ ရမ်းဗြဲရယ် ဒီဘက်က ကြိမ်နီပြင် ပေါက်တော အဲဘက်က အခြေအနေတွေ ရှင်းပြတယ်။ နောက်စောစောက ပြောတဲ့ မိုရာကြောင့် ရခိုင်ပြည်နယ် ပျက်စီးဆုံးရံှူးမှူပေါ်မှာ နိုင်ငံတော်ကနေပြီးတော့မှ အစိုးရကနေပြီးတော့မှ ပျက်စီးဆုံးရံှူးမှူတွေ ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီးတော့မှ ပြန်လည် ပြုပြင်ပေးတဲ့ အပိုင်းတွေ နိုင်ငံတော်က ချပေးထားတဲ့ အပိုင်းတွေ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဒါတွေကို ရှင်းပြတာပေ့ါ။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေအကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာတင်ပြဖို့အတွက် တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် Dr. Yanghee Lee မြန်မာနိုင်ငံကို လာရောက်လေ့ရှိပါတယ်။ ဒီခရီးစဉ်ၤဟာ သူမရဲ့ ၆ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပီး အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူ့မှူ အဖွဲ့အစည်းတွေ၊ စာနယ်ဇင်းသမားတွေအပါအဝင် ဒေသခံ လူထုတွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သူမရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင် လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ရန်ကုန်မြို့ Chatrium Hotel မှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားဖို့ ရှိပါတယ်။

XS
SM
MD
LG